မင်္ဂလာပါရှင်

ထူးခြားဆန်းကြယ်အံ့သြဖွယ် အစားအစာနဲ့အူလမ်းကြောင်း အဆိပ်ထုတ်တဲ့အကြောင်းကို အများပြည်သူတချို့ အမှတ်မှားနေတာလေးတွေ မြင်တွေ့နေရလို့ အာဟာရဆရာဝန်တစ်ဦးအနေနဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတလေးတွေကို ရှင်းပြပေးပါရစေနော်။

ပထမဆုံးအနေနဲ့ လူ့ခန္ဓာကိုယ်မှာ စားသောက်မိတာ/ ရှူရှိုက်မိတာတွေထဲမှာ အဆိပ်ဖြစ်စေတဲ့အရာတွေ၊ ခန္ဓာကိုယ်အတွက် အကျိုးမရှိတဲ့ပစ္စည်းတွေ ရှိနေမယ်ဆို သင်တို့အနေနဲ့ တကူးတကဖယ်ထုတ်ပစ်ဖို့ မလိုပါကြောင်း ဦးဆုံးအနေနဲ့ ဗဟုသုတမျှဝေပါရစေ။

ဘာကြောင့်လဲဆို သင့်ခန္ဓာကိုယ်မှာ ဒီလိုမျိုးအဆိပ်နဲ့အမှိုက်တွေကို ဖယ်ရှားပေးဖို့ သဘာ၀အတိုင်း အော်တို စစ်စတန် (Auto-system) ချိန်ထားပြီးသားမို့ပါ။ ဥပမာ ဆီးကနေ မလိုတဲ့အရာတွေ စွန့်ထုတ်မယ်။ ၀မ်းကနေ မလိုတာတွေ စွန့်ထုတ်တယ်။ ဒါ့အပြင် အရေပြားကနေတောင် အဆိပ်အတောက်တချို့က ချွေးနဲ့အတူ အငွေ့ အသွင် စွန့်ထုတ်ပစ်နိုင်စွမ်းရှိပါတယ်တဲ့။ ဒီလိုပဲ ပြင်ပက ပိုးမွှားတွေကိုတောင် သင့်ခန္ဓာကိုယ်က တားဆီးနိုင်ပါတယ်နော်။

ဒီတော့ အဆိပ်တွေကို (ဒီတောက်စ်) Detox လုပ်ဖို့ဆိုတာ တကယ်တော့ မလိုအပ်ပါဘူး။

အများကြားထဲ ခေတ်စားတဲ့ Detox နည်းတွေဖြစ်တဲ့ အစာငတ်ခံခြင်း၊ အသီးအနှံများကို တစ်စိုက်မတ်မတ် စားခြင်း၊ အရွက်များကို အလွန်ကျွံစားခြင်း၊ စျေးကွက်ထဲမှ ဆေးများ၊ ဖျော်ရည်များ၊ အဆိပ်ထုတ်စက်များဖြင့် အဆိပ်ထုတ်ခြင်း၊ သွေးဖောက်ထုတ်ခြင်း၊ စုပ်ခွက်များဖြင့်စုပ်ခြင်း စတာတွေအကြောင်း တကယ် လို/မလိုကို တစ်ခုချင်းစီ ဆက်ရှင်းပြပေးပါမယ်။

အဆိပ်ထုတ် အူရှင်းအောင် ၀မ်းနုတ်ဆေးသောက်ခြင်းဟာ လုံး၀မှားပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းဟာ ပုံမှန် သူ့ဘာသူရွေ့လျားမှုနဲ့ မလိုတဲ့အရာများကို စွန့်ပစ်ပြီး အဆိပ်တွေကို ဓာတ်ပြယ်အောင်လုပ်တဲ့ သဘာ၀ဖြစ်စဥ် ရှိပြီးသားပါ။ အူထဲမှာ ၀မ်းတွေအကုန်ရှင်းသွားအောင် လုပ်ဖို့မလိုပါဘူး။ ပုံမှန်၀မ်းသွားနေပြီဆို ရပါပြီ။ ဝမ်းသွားတဲ့အကျင့် (Bowel habit) ကိုသာ မှန်နေအောင်ကျင့်ထားပေးမယ်ဆို ရပါပြီ။ ၀မ်းဆိုတာ မချုပ်နေရင် နုတ်ဖို့လုံး၀မလိုပါဘူးနော်။

အချိန်အပိုင်းအခြားတစ်ခုထားပြီး အစာငတ်ခံခြင်း (Fasting) လုပ်တာကရော . . .

ဒါကတော့ အူကိုသန့်စင်ပေးတယ်ဆိုတဲ့ အယူအဆထက် တကယ်လို့ တဆတ်ဆတ်စားမနေဘဲ ခဏနားလိုက်တယ်ဆိုရင် အသည်းနဲ့အူတွေဟာ ခဏတာ အနားရသွားပါတယ်။ အရင်လက်ကျန် အဆီတွေနဲ့ ဂလူးကို့စ်တွေကို ပြန်ဖြိုဖျက်ရပါတယ်။ ဒါကြောင့် တစ်နေ့ ၈ နာရီလောက် အစားကိုရပ်ထားရုံနဲ့ ဒီဖြစ်စဥ်ကို ရနိုင်ပါတယ်။ ဆိုလိုတာက ညစာကို ည ၈ နာရီလောက်မှာ စားလိုက်တယ်။ ၁၂ နာရီလောက် အိပ်ခါနီးထိ ဘာမှမစားတော့ဘဲ ရေပဲသောက်မယ်။ မနက်ကျ ၈ နာရီလောက်မှ မနက်စာစားတယ်ဆို လူတစ်ယောက်မှာ ၁၂ နာရီလောက် အသည်းနဲ့အူကို အနားပေးပြီးသား ဖြစ်သွားပါတယ်။

ဒီပုံမှန်ဖြစ်စဥ်ကနေ သွေဖယ်နေသူတချို့ကတော့ ညဘက် အိပ်ရေးပျက်တဲ့သူတွေ၊ ညဆိုင်းဆင်းသူတွေပါ။ သူတို့မှာတော့ ညဘက်မှာနိုးကြားနေတော့ ဗိုက်ဆာလာပါတယ်။ ဗိုက်ဆာတော့ စားဖြစ်ကြပါတယ်။ ဒီတော့ တစ်နေ့တာ နေ့ညအချိန်နဲ့ ကိုယ်တွင်းဖြစ်စဥ်တွေ ကမောက်ကမ ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီလိုလူတွေမှာ အသည်းအဆီဖုံးတာလိုမျိုး ပိုဖြစ်နိုင်ပါတယ်။

ဥပုသ်ဆောက်တည်ခြင်းမှာတော့ အစာချေဖျက်တဲ့လုပ်ငန်းကို အနားပေးရုံတင်မကဘဲ မိမိိစိတ်ကို တည်ငြိမ်အောင် ဆောက်တည်ရတဲ့အပိုင်းတွေလည်း ရှိတာမို့လို့ စိတ်သန့်စင်စေတာတော့ အမှန်ပါဘဲ။

ရေဘယ်လောက်သောက်ရမလဲ . . .

ရေဆိုတာ အသက်ပါပဲ။ ဒါပေမယ့် ပိုအောင်သောက်ရင်လည်း ဒုက္ခဖြစ်စေပါတယ်။ တစ်နေ့တာလိုအပ်တာကတော့ တစ်လီတာခန့်ပါ။ ရေပိုငတ်ရင်လည်း ပိုသောက်ပါ။ ပူရင်၊ ချွေးထွက်ရင်၊ အငန်စားမိရင် အလိုလိုရေငတ်လာပါမယ်။ အဲဒီအခါကျ ရေပိုသောက်ပေးပေါ့နော့။ တအားအများကြီးလည်း တစ်နေ့ ၄-၅ လီတာလောက်တော့ မလိုအပ်ပါနော်။

အသီးတစ်မျိုးတည်းကို အကြိမ်ကြိမ်အများကြီး အမြဲစားခြင်းကလည်း မှားယွင်းပါတယ်။

အသီးအနှံတွေက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် အမျိုးစုံအောင်စားပေးရပါမယ်။ အရည်ကြိတ်သောက်တာထက် သဘာ၀အသီးအတိုင်းစားတာ ပိုကောင်းပါတယ်။ အလွန်ကျွံမစားမိတော့ ဆီးချိုဖြစ်မှာ မပူရတော့ဘူးပေါ့။

အသီးဖျော်ရည်တွေဆို တစ်နေ့ကို ၁၅၀ မီလီလီတာထက် ပိုမသောက်သင့်ပါဘူးနော်။

ဟင်းသီးဟင်းရွက်တစ်မျိုးတည်းကိုဖြစ်ဖြစ်၊ ဆနွင်းလိုဟင်းခတ်အမွှေးအကြိုင်တစ်ခုခုကို မှော်ဆေးစွမ်းကောင်းကြီးလို တစ်စိုက်မတ်မတ် ပမာဏအများကြီး သောက်တာ စားတာတွေလည်း အားမပေးပါနော်။ တန်ဆေးလွန်ဘေးကို အမြဲလက်ကိုင်ထားပါ။

ဒါဆို တကယ့်အဆိပ်ထုတ်တဲ့ ကျန်းမာစေတဲ့နည်းကဘာလဲ 🤔

  • အိပ်ရေး၀အောင် အိပ်မယ် (၈နာရီခန့်)
  • အစားအသောက်ကို လတ်ဆတ်သန့်ရှင်းတာတွေစားမယ်
  • အချိုမှုန့်တွေ၊ ဆားတွေမများဘဲ​ တာရှည်ခံအစားအစာတွေမပါတဲ့ အစားအစာမျိုးကို အစာအုပ်စု စုံလင်စွာ စားမယ် (တစ်အုပ်စုတည်းကို အသားပေးစားတာာမျိုးမဟုတ်ဘဲ မျှမျှတတ မပိုမလိုစားပေးမယ်)
  • အရက်၊ ဆေးလိပ်၊ ဘီယာ၊ ကွမ်း စတာတွေရှောင်မယ်
  • ညဘက်မှာ နိုးကြားစေတဲ့ ကဖင်းတို့ ဖုန်းအလင်းတို့လို အရာတွေကို လျှော့မယ်
  • စိတ်ပြေလက်ပျောက် အသက်၀၀ရှူမယ် (တရားထိုင်မယ်)
  • ရေကို လုံလောက်အောင် သောက်မယ် (အိုဗာလည်းမဖြစ်ဘဲ​ တစ်နေ့ တစ်လီတာခန့်ပေါ့။ ချွေးထွက်ရင်တော့များများပိုလိုပါမယ်)
  • ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပုံမှန်လုပ်မယ်ဆို ဒါဟာ အဆိပ်အတောက်နည်းတဲ့ဘ၀မှာ နေထိုင်ခြင်းပါပဲ 😍

Detox Juice တွေကို အာဟာရဆရာ၀န်အနေနဲ့ သောက်သင့်/မသင့် အကြံပေးရမယ်ဆိုရင်တော့ ပုံမှန် အအေးသောက်မယ့်အစား ရေသောက်သလို သောက်မယ်ဆိုရင်တော့ သောက်လိုကောင်းပါတယ်။ သူက အသီးတွေနဲ့ အရသာတို အနံ့တိုသာပါ၀င်ပြီး အသီးအရွက်ရဲ့ သကြားဓာတ်နဲ့ အာဟာရဓာတ်တွေမပါတော့ အာဟာရလည်းမဖြစ်သလို ၀ိတ်လည်းမတက်စေပါဘူး။ ဒါကြောင့် အခြားသောဖျော်ရည်များ ဖြတ်ချင်သူတွေမှာတော့ ရသေ့စိတ်ဖြေလေးဖြစ်ပြီး ရေဓာတ်လည်းရစေလို သောက်လိုရပါတယ်လို အကြံပေးရင်း နိဂုံးချုပ်ပါရစေနော်။

အားလုံးပဲ ကျန်းမာရွှင်လန်းသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ…။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Reference : 📚
https:// www. bda. uk. com / resource/detox-diets.html

NHS Choices (2013) Top diets review for 2014 www. nhs. uk / Livewell/ loseweight/Pages/top-10-most-popular-diets-review.aspx

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here