အမျိုးသမီးများအတွက် သတိပြုစရာ သားဥအိမ်ရေအိတ်တည်ခြင်း

PCOS ရောဂါဆိုတာ ဘာလဲ?

• PCOSဆိုတာကတော့ polycystic ovarian syndrome လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တဲ့ ရောဂါကို ဆိုလိုပါတယ်။
• PCOS မှာဆိုရင်တော့ ရေအိတ်တည်တာ တစ်မျိုးတည်းမဟုတ်ဘဲ hyperandrogenism လို့ခေါ်တဲ့ ကျားဟော်မုန်းတွေပါ များနေတဲ့အတွက်ကြောင့် သူနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။

PCOS က ဘယ်လောက် အဖြစ်များလဲ?

• အရွယ် ရောက်ပြီး အမျိုးသမီးတွေရဲ့ ၅-၁၀%လောက်မှာ တွေ့ရတတ်ပါတယ်။
• ဒါ့အပြင် အမျိုးသမီးတွေရဲ့ ၂၅%လောက်ဟာဆိုရင် Ultrasound ရိုက်တဲ့အခါ သားဥအိမ်ရေအိတ်တည်နေတာကို တွေ့ရပါတယ်။
• ဒါပေမဲ့ သားဥအိမ်ရေအိတ်တည်တိုင်းတော့ PCOSလို့ မသတ်မှတ်နိုင်ပါဘူး။ hyperandrogenism ရဲ့ လက္ခဏာများပါ ခံစားရတော့မှ PCOS လို့ ခေါ်ဆိုနိုင်ပါတယ်။

PCOS ရဲ့ လက္ခဏာတွေက ဘာတွေလဲ?

• PCOS ရှိတဲ့ အမျိုးသမီးတွေရဲ့ ၇၅%လောက်မှာဆိုရင်တော့ ဓမ္မတာနည်းခြင်း၊ မမှန်ခြင်း၊ ဓမ္မတာထိမ်ခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။
• ထို့အပြင် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့မှာ အမွေးအမျှင် ထူထပ်လာခြင်း
• ဝက်ခြံပေါက်ခြင်း
• ကိုယ်ဝန်ဆောင်နိုင်ရန် ခက်ခဲခြင်း
• အဝလွန်ခြင်း
• ချိုင်း၊ လည်ပင်းနှင့် ပေါင်ကဲ့သို့ နေရာမျိုးများတွင် အသားအရည် မည်းညစ်လာခြင်း
• ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် မကြာခဏ ကိုယ်ဝန်ပျက်ကျခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။

ဘာကြောင့် PCOS ဖြစ်နိုင်သလဲ?

• အကြောင်းရင်းကိုတော့ အတိအကျ ပြောဖို့ ခဲယဥ်းပါတယ်။
• မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆလို့ ရပါတယ်။
• ဒါ့အပြင် ဟော်မုန်းမညီမျှခြင်းကလည်း တစ်ချက်အပါအဝင် ဖြစ်ပါတယ်။
• ‌ဟော်မုန်းမညီမျှခြင်းဘဲ ကျားဟော်မုန်းများလာခြင်းကြောင့် သားဥမကြွေနိုင်တော့ဘဲ PCOS ဖြစ်လာတာ ဖြစ်ပါတယ်တယ်။

PCOS ရောဂါရှိနေတာကို ဘယ်လို စစ်ဆေးတွေ့ရှိနိုင်လဲ?

• ဓမ္မတာနည်းခြင်း သို့မဟုတ် သားဥမကြွေခြင်း
• သွေးဖောက်စစ်ရာတွင်တွင် ကျား‌ဟော်မုန်းများနေခြင်း သို့မဟုတ် ကျားဟော်မုန်းများခြင်းရဲ့ လက္ခဏာများဖြစ်တဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ယ်အနှံ့ အမွေးအမျှင်ထူခြင်း၊ ဝက်ခြံပေါက်ခြင်း
• Ultrasound တွင်တွေ့ရသော သားဥအိမ်ရေအိတ်တည်ခြင်း
အထက်ဖော်ပြပါ ၃ချက်မှ ၂ချက်ရှိနေပြီဆို PCOS ရောဂါဆိုတာကို သိရှိနိုင်ပါတယ်။

PCOS ရှိခြင်းကြောင့် နောက်ထပ်ဘာရောဂါတွေ ခံစားရနိုင်လဲ?

• PCOS ရောဂါမှာ အချိန်တော်တော်ကြာ သားဥမကြွေတာကြောင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ ခဲယဥ်းပါတယ်။
• ဒါ့အပြင် သားအိမ်ကင်ဆာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့အပြင် အိပ်နေစဥ် အသက်ရှူရပ်ခြင်းတို့ကဲ့သို့ ရောဂါများကိုလည်း ခံစားရနိုင်ပါသေးတယ်။

PCOS ရောဂါအတွက် ဘယ်လိုကုသလို့ ရနိုင်လဲ?

အဓိကကတော့ နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲဖို့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
အဝလွန်သူတွေမှာ ကိုယ်အလေးချိန် လျှော့ချဖို့ အလွန်အရေးကြီးလှပါတယ်။

ဒါ့အပြင် မိမိရဲ့ နေ့စဥ်ဘဝနေထိုင်မှုမှာ အစားအသောက်ထိန်းသိမ်းခြင်း၊ တစ်နေ့ကို နာရီဝက်ခန့် လမ်းလျှောက်ခြင်းတို့လို လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆီးချို သွေးတိုးကဲ့သို့သော ရောဂါများကို ကာကွယ်နိုင်လို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် ကုသနည်းတွေအနေနဲ့ကတော့ ရာသီစက်ဝန်းမှန်ကန်ဖို့နဲ့ ကျားဟော်မုန်းများခြင်းရဲ့ လက္ခဏာတွေ ကုသဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် သားသမီးရတနာလိုချင်သူများမှာလည်း အထူးကုနဲ့တိုင်ပင်ပြီး သန္ဓေဆောင်ဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းဆေးများကို သုံးစွဲနိုင်ပါတယ်။

ဆေးနဲ့တင်မကဘဲ Laparoscopic ovarian drilling လို့ခေါ် တဲ့ သားဥအိမ်ကို ပုံမှန်အတိုင်း သားဥကြွေနိုင်အောင် ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

ဒီလောက်ဆို သားဥအိမ်ရေအိတ်တည်ခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာစု (PCOS) နဲ့ပတ်သက်တဲ့ ဗဟုသုတများ အထိုက်အလျောက် သိရှိပြီလို့ ယူဆပါတယ်။ PCOS ရောဂါရှိနေသူများအနေနဲ့လည်း မပေါ့ဆဘဲ မိမိကျန်းမာရေးကို အထူးဂရုပြုကြဖို့ တိုက်တွန်းပါရစေရှင်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. Pg – 92

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.