အိမ်ထောင်ရေးပြဿနာများ အဆင်ပြေစေဖို့

0
721

“ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး

ချက်မပိုင် နောင်ပြင်ရန် ခက်တဲ့အမျိုး”

ချစ်သူရည်းစား စုံတွဲတစ်တွဲ လက်ထပ်ကြတဲ့အခါ ချစ်ခြင်းမေတ္တာနှောင်ကြိုး(Bond of love)က အများအားဖြင့် ပါရှိနေတတ်ပါတယ်။ အိမ်ထောင်ရေးဆိုတာ နှင်းဆီခင်း မဟုတ်တဲ့အတွက်ကြောင့် ဒီနှောင်ကြိုးဟာ တစ်ခါတစ်လေ အစမ်းသပ်ခံဖြစ်သွားမှာပါ

ဇနီးမောင်နှံအများစုအတွက် ချစ်ခြင်းကအစပြုတဲ့ ဒီသံယောဇဉ်တွေဟာ တစ်စတစ်စကြီးမားခိုင်ခံ့လာပြီး ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ ပျော်ရွှင်စရာ အရင်းအမြစ်တစ်ခု ဖြစ်လာပါလိမ့်မယ်…

ဒါပေမယ့်လည်း တချို့ဇနီးမောင်နှံတွေကတော့ အတူနေထိုင်ခြင်းရဲ့ ပြဿနာတွေကို ကောင်းကောင်း မဖြေရှင်းနိုင်ကြပါဘူး… အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းက ဆိုးရွားသောဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် သားတွေ၊ သမီးတွေအတွက်ပေါ့။

ဘယ်လိုပဲဆိုပါစေ အခက်အခဲကြုံနေကြတဲ့ တချို့ ဇနီးမောင်နှံတွေဟာ မျှဝေနေထိုင်ခြင်းရဲ့ အ​ခြေခံအချက်တွေကို လိုက်နာရင်းနဲ့ပဲ ​ကြီးမားတဲ့ပျော်ရွှင်မှုကို ပြန်လည်ရရှိကြပါတယ်

.

.

အိမ်ထောင်ရေးအောင်မြင်မှုအတွက် အဓိက သော့ချက် ၃ခု က…

– ဂရုစိုက်တာ (caring)

– လေးစားတာ (respect) နဲ့

– တာဝန်ယူတာ (responsibility) တို့ ဖြစ်ပါတယ်

အိမ်ထောင်ဖက်ရဲ့ ဂရုစိုက်တာ၊ ကြင်နာယုယတာတွေ ခံရတဲ့သူဟာ အိမ်ထောင်ရေးမှာ နွေးထွေးလိုက်တာဆိုပြီး စိတ်ချမ်းသာစေပါတယ်။ လေးစားချစ်ခင်တာဝန်ယူတာကလည်း တစ်ဘက်သူကို လုံခြုံစေတယ်လို့ခံစားရလို့ အိမ်ထောင်ရေးမှာ သာယာစေပါတယ်။

.

.

ကိုယ့်ဟာကိုယ်တောင် တစ်ခါနဲ့တစ်ခါ စိတ်သဘောမတွေ့နိုင်တဲ့ စိတ်အမျိုးမျိုးနဲ့ လူ့ဘောင်လောကကြီးမှာ လူနှစ်ဦးပေါင်းဖက်ပြီး ဘဝတစ်ခုတည်ထောင်ပြီဆိုရင် အနည်းနဲ့အများ အဖုအထစ်လေးတွေကတော့လည်း ရှိကြတာပါပဲ။

အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတဲ့ တချို့အကြောင်းအရာတွေကတော့…

• တစ်ဖက်သားကိုနားမလည်ပေးဘဲ တစ်ကိုယ်ကောင်းဆန်တာ

• ငွေရေးကြေးရေးပြဿနာတွေနဲ့ ကပ်စေးနည်းတွန့်တိုတာ

• လောင်းကစားလုပ်တာ

• စီးပွားရေး ၊ လူမှုရေးအဆင်မပြေတာတွေကနေ အစပြုပြီး စိတ်ဓာတ်ကျနေတာ

• တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို အလေးမထားတာ

• လူမှုဆက်ဆံရေးညံ့ဖျင်းတာ

• လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတော့တာ

• အချင်းချင်း တစ်ယောက်စကား တစ်ယောက်နားမထောင်တာ

• မူးယစ်ဆေး (သို့မဟုတ်) အရက်အလွန်အကျွံသောက်တာ

• သဝန်တိုတာ

• မကြာခဏ ရေးကြီးခွင်ကျယ်နဲ့ အမှားရှာတာ

• လိုတာထပ်ပိုပြီး ရည်မှန်းချက်ကြီးတာ

• အရာအားလုံးနီးပါးမှာ မရင့်ကျက်တာတို့ပဲ ဖြစ်ပါတယ်။

————————-။ ။—————————-

လူတွေတော်တော်များများဟာ ကိုယ့်မိဘတွေနဲ့ဆင်တူတဲ့ လက်တွဲဖော်တွေကို ရွေးချယ်လေ့ရှိကြပြီး ကိုယ့်လက်တွဲဖော်အပေါ် အနိုင်ကျင့် ကလေးဆန်ချင်တာတွေကို အိမ်ထောင်ရေးမှာ ယူဆောင်လာတတ်တယ်လို့ သုတေသနစာတမ်းတွေမှာ ဖော်ပြထားကြတယ်။

အိမ်ထောင်ရေးတစ်ခုထူထောင်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်ကွက်လပ်လေးတွေကို ဖြည့်ပေးကြရတာပုံမှန်ပါပဲ။ ဒါပေမယ့်… ဘယ်ဟာက လုပ်ကိုလုပ်ပေးရမယ်၊ ဘယ်ဟာကတော့ လုပ်စရာမလိုဘူး ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိနေပါဘူး… ကိုယ့်ရဲ လိုအပ်ချက်တွေကို ဖြည့်ကိုဖြည့်ပေးရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေထားကြပြီး ဖြစ်မလာတဲ့အခါ အက်ကွဲကြောင်းလေးတွေ စဖြစ်လာတတ်ပါတယ်။

လူတွေက ကိုယ်တိုင်ပြောင်းလဲဖို့ထက် ကိုယ့်လက်တွဲဖော်ကို ကိုယ်ကြိုက်တဲ့ပုံစံ ပြောင်းလဲပစ်ဖို့ကြိုးစားမိတတ်ကြပါတယ်။ အတင်းပြောင်းလဲဖို့ ကြိုးစားကြသလို တဖြည်းဖြည်းနဲ့ မသိမသာပြောင်းလဲခိုင်းတာတွေလည်းရှိတယ်။ ဒါတွေဟာ သိပ်မသိသာပေမယ့် တချို့ကိစ္စတွေမှာကျ ချုပ်ခြယ်တာ၊လွှမ်းမိုးတာဆိုတဲ့ ပုံရိပ်တွေထိဖြစ်လာတဲ့အခါ အိမ်ထောင်ရေးပြဿနာစတော့တာပါပဲ….

ချစ်တယ်… ချစ်စရာကောင်းလို့ချစ်တယ်… ချောလို့ချစ်တယ်… ဒီလိုမျိုးရုပ်ရည်ရူပါတွေကို ချစ်စိတ်ပြင်းပြနေတာတစ်ခုတည်းနဲ့ တစ်အိမ်ထဲတူတူနေ လက်ထပ်ဖို့ထိ မလုံလောက်ပါဘူး…

“ ကိလေသာတဏှာမီး လောင်ကျွမ်း​ပြီးသောအခါ ပြာတွေသာ ကျန်ခဲ့ပါလိမ့်မယ်” ….

———————–။ ။——————–

တစ်ဦးနဲ့တစ်ဦး ပုံမှန်ဂရုစိုက်ပေးမယ်… သူ့တာဝန်ကိုယ့်တာဝန်တွေကို ခွဲဝေမျှယူပေးမယ် ဆိုရင်တော့ အိမ်ထောင်ရေးပြဿနာတွေကို အနည်းဆုံးဖြစ်အောင်ထိန်းထားနိုင်ပါမယ်…

ကိုယ်က အမှားတစ်ခုခု လုပ်မိတဲ့အခါ လက်တွဲဖော်ဆီကနေ ခွင့်လွှတ်တယ်ဆိုတာမျိုး ရဖို့ကလည်း အရေးကြီးပါတယ်…

” အိမ်ထောင်ရေးအောင်မြင်ဖို့အတွက် အပြုသဘောဆောင်တဲ့ လမ်းညွှန်ချက် ” တွေအနေနဲ့ကတော့…

????ကိုယ့်ကိုယ်ကိုယ် သိပါ…

ကိုယ့်ကိုယ်ကိုယ် ပိုသိလေလေ ကိုယ့်အိမ်ထောင်ဖက်ကို ပိုသိလေလေပါပဲ။

????စိတ်ဝင်စားမှုများနဲ့ ပန်းတိုင်များကို မျှဝေပါ

တစ်ယောက်နဲ့တစ်ယောက် သိပ်မမှီခိုပါနဲ့။

????နှစ်ဦးနှစ်ဖက် သူငယ်ချင်းတွေ (mutual friends)၊ စိတ်ဝင်စားတာတွေနဲ့ ဝါသနာတွေကို တိုးပွားအောင်လုပ်ပါ။

????ကိုယ့်လက်တွဲဖော်ကို ဘယ်လိုချစ်ကြောင်း၊ဘယ်လောက်ထိချစ်ကြောင်းတွေ နေ့စဉ်ဖွင့်ပြောပါ။ အနည်းဆုံးတော့ နေ့တိုင်း ( I love you) တစ်ခါပေါ့…

????လက်ထပ်ပြီးနောက်လည်း စုံတွဲဆက်ခုတ်ပါ…

အိမ်ထောင်သည်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်လက် ​ပိုးပန်း စွဲလန်းနေသင့်ပါတယ်။

????ရင်ခုန်စရာ ညနေခင်းတွေမှာ ပုံမှန်အပြင်ထွက်ပြီး မမျှော်လင့်ထားတဲ့လက်ဆောင်တွေ ပေးတာက ဒီချစ်ခြင်းကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေပါ။

????အိမ်ထောင်ရေး စစ်ပွဲရပ်ပါ ၊ အချစ်ပွဲ နွှဲပါ…

လိင်ဆက်ဆံရေးနဲ့ မျိုးဆက်ပွားတာတွေ အကြောင်း လေ့လာပါ။ လိင်ဆက်ဆံရေးကောင်းတယ်ဆိုရင် နှစ်ပေါင်းများစွာကြာတဲ့အထိ လက်တွဲမဖြုတ်ဘဲ ချစ်နေနိုင်တယ်ဆိုတာလည်း ငြင်းလို့တော့မရပါဘူး။ ဒါ့ကြောင့် ပိုကောင်းအောင် လုပ်ဆောင်ပါ။ သပ်ရပ်သော အသွင်အပြင်ရှိတာမျိုးနဲ့ သန့်ရှင်းတဲ့ခန္ဓာကိုယ်ဟာ လိင်ဆက်ဆံရေးမှာ အရေးကြီးပါတယ်။

ဒါပေမယ့် အိပ်ရာပေါ်က လိင်ပိုင်းဆိုင်ရာဆက်ဆံရေး အဆင်ပြေနေဖို့ထက် ၊ အိပ်ရာပြင်ပ လူမှုဆက်ဆံရေးတွေဟာ ပိုအရေးပါပြီး ထည့်တွက်သင့်တယ်လို့ ကျွမ်းကျင်သူအများစုက သဘောတူထားပါတယ်

ဒါတွေကတော့…

????ကိုယ့်အိမ်ထောင်ဖက်ကို မြတ်နိုးပါ။ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ဂုဏ်ယူပါ။ဖေးမပါ။ မိမိအိမ်ထောင်ဖက်ကို ထိခိုက်နစ်နာစေတဲ့ ယှဥ်ပြိုင်တာ (သို့မဟုတ်) ရည်မှန်းချက်ထားတာမျိုး မလုပ်ပါနဲ့။ အခြားသူများကို သင့်အိမ်ထောင်ဖက်အ​ကြောင်း ကြင်နာစွာပြောဆိုပါ၊၊ နှိမ့်ချ ပြောဆိုတာကိုရှောင်ပါ။

????သင့်အိမ်ထောင်ဖက်က သင့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သင်ကလည်း သင့်အိမ်ထောင်ဖက်အပေါ် ပြုမူဆက်ဆံပါ

????တစ်ယောက်ခံစားချက်ကို တစ်ယောက် သတိပြုမိပြီး တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က သိတတ်ပါစေ။

????မိဘ ဆိုတဲ့နေရာတစ်ခုကိုရဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ ကလေးမွေးဖို့ အမြော်အမြင်ကြီးစွာနဲ့ အိမ်ထောင်ဖက် ၂ ဦး တိုင်ပင်ပြီး သေသေချာချာ အစီအစဉ်ဆွဲပါ။ ကလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲ သေချာလေ့လာပါ။ သားဆက်ခြားနည်း(Family planning method)အကြောင်း လေ့လာပြီး မစီစဥ်ထားတဲ့ ကိုယ်ဝန်(Unplanned pregnancy)အတွက် စိုးရိမ်ပူပန်မှုတွေကို ရှောင်ရှားပါ။ ကလေးတစ်ယောက်အတွက် အကောင်းဆုံးပတ်ဝန်းကျင်မှာ မိဘတွေ ပျော်ရွှင်နေတဲ့အိမ်ထောင်ရေး ဖြစ်ပါတယ်။

❗လိုအပ်တဲ့အခါ သင့်လျော်တဲ့အကူအညီကို ရယူဖို့လည်း မမေ့ပါနဲ့။ အခက်အခဲတွေ ဖြစ်ပေါ်လာရင် အကူအညီတောင်းပါ။ အနည်းဆုံးတော့ သင့့်ရဲ့ အထွေထွေရောဂါကုဆရာဝန်က ကူညီနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး စိတ်ဖိစီးမှုဆိုင်ရာပြဿနာတွေနဲ့ စိတ်ကျရောဂါတွေ ဖြစ်ပွားလာပြီဆိုရင် စောစီးစွာ ကုသရပါမယ်။

.

.

အိမ်ထောင်ရေးအောင်မြင်မှုကို အထောက်အကူဖြစ်စေတဲ့ အကျင့်ကောင်းတွေအနေနဲ့ အောက်ပါအချက်တွေကိုလည်း လိုက်နာသင့်ပါတယ် (The Be Attitudes)

– ရိုးသားပါ (Be honest)

– ချစ်ခင်ကြင်နာပါ (Be loving)

– ဂရုစိုက်ပါ (Be caring)

– စိတ်ရှည်ပါ (Be patient)

– ခွင့်လွှတ်ပါ (Be forgiving)

– ရက်ရောပါ (Be generous)

– သစ္စာရှိပါ (Be loyal)

– တစ်ယောက်တည်းမူပိုင် ချစ်ပါ (Be one)

– လိုချင်ဆန္ဒရှိပါ (Be desiring)

– အတူတူပျော်အောင်နေပါ (Be fun to live with)

.

.

စာရင်းပြုစုပြီး ဖြေရှင်းခြင်းဟာလည်း ခိုင်မာတဲ့အိမ်ထောင်တစ်ခု ဖြစ်လာဖို့ အထောက်အကူပြုပါတယ်….

• အိမ်ထောင်ဖက်အချင်းချင်း နှိုင်းယှဥ်ဆွေးနွေးဖို့ စာရင်းများ ပြုလုပ်ပါ။

• သင်တို့မိဘတွေရဲ့ (လိုလားအပ်သော နှင့် မလိုလားအပ်သော) အရည်အသွေးများကို စာရင်းပြုစုပါ

• တစ်ဦးချင်းစီရဲ့ အရည်အသွေးများကို စာရင်းပြုစုပါ

• တစ်ယောက်ကို တစ်ယောက် ပြုပြင်စေချင်တဲ့ အပြုအမူဥပမာများကို စာရင်းပြုစုပါ

• သင့်အတွက် လုပ်ပေးစေချင်သော အရာများကို စာရင်းပြုစုပါ

• ဒီလိုအကြောင်းအရာတွေကို မျှဝေရန် အပတ်တိုင်း နှစ်ဦးထဲတူတူရှိမယ့် တိတ်ဆိတ်တဲ့အချိန်တွေကို ဖယ်ထားပါ

.

???? မိသားစုတိုင်း အိမ်ထောင်ရေးသာယာကြပါစေ… ????

.

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.2

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here