“ အမြွှာကိုယ်ဝန်များအကြောင်း”

High Risk Pregnancy
အန္တရာယ်များသော ကိုယ်ဝန်များပေါ့။

သားဖွား၊ မီးယပ် ဘွဲ့လွန်ကျောင်းသားများ ကိုးကားဖတ်ရှုဖို့ ရည်ညွန်းထားတဲ့ ပြဌာန်းစာအုပ် နာမည်ပါ။ ယူသုံးမိတာ စိုးရွံ့မိပါတယ်။

ကျွန်တော်တို့ မြန်မာစကားပုံမှာလည်း ရှိပါတယ်။
ယောက်ျားဖောင်စီး၊ မိန်းမမီးနေတဲ့။

ကိုယ်ဝန်ဆောင်တာနဲ့ကို အန္တရာယ်ရှိပါပြီဆိုတဲ့ သဘောပေါ့။ high risk နဲ့ low risk ပဲကွာမယ်။ no risk လို့ မရှိပါဘူးလို့ ဆိုလိုထားတာပဲနော။

အခု အန္တရာယ်များသော ကိုယ်ဝန်များထဲက တစ်ခုဖြစ်တဲ့ အမြွှာကိုယ်ဝန်တွေအကြောင်း ပြောပြချင်ပါတယ်။

အမြွှာကိုယ်ဝန်လို့ ပြောလိုက်ရင် ကာယကံရှင်လူနာနဲ့ သူ့မိသားစု အသိုက်အဝန်းက ဝမ်းသာကြ၊ ပျော်ရွှင်ကြတာများတယ်။ ဒီကိုယ်ဝန်ကို စောင့်ရှောက်မွေးဖွားပေးရမယ့် ကျွန်တော်တို့ကတော့ စိတ်ညစ်တယ်။ High risk pregnancy ဖြစ်သွားပြီကိုးဗျ။

အမြွှာကိုယ်ဝန်တွေကို အဓိကအုပ်စုကြီး နှစ်ခုခွဲတယ်။

ပထမအုပ်စုက ကျွန်တော်တို့၊ ကျွန်မတို့က အမြွှာညီအစ်ကို၊ ညီအစ်မ၊ မောင်နှမတွေပါလို့ ပြောပြလို့သာ သိရတယ်။ မပြောရင် အမြွှာမှန်း မသိနိုင်ဘူး။ အမြွှာလို့ကို မထင်ရဘူး။ အထက်အောက် ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ ရုပ်ချင်းဆင်သလောက်ပဲ တူကြတယ်။ အဲဒီလို အမြွှာမျိုးက ၇၀% ရှိပါတယ်တဲ့။ ဘာသာရပ်စကားနဲ့ဆိုရင် Non-identical twins လို့ ခေါ်ပါတယ်။ မျိုးရိုးလိုက်တတ်ပါတယ်။ ကမ္ဘာကြီးရဲ့ အချို့ဒေသ၊ နိုင်ငံ၊ လူမျိုးတွေမှာ ပိုအတွေ့ရ များတတ်ပါတယ်။ Ethnical and geographical variation ရှိတယ်လို့ ခေါ်ပါတယ်တဲ့။

ဘာကြောင့် ဒီလိုအမြွှာတွေ ရကြသလဲဆိုတော့ ရိုးရိုးလေးပါ။ လစဉ် သားဥအိမ် တစ်ဖက်ဖက်ကနေ တစ်လတစ်လုံးပဲ ကြွေပေးထုတ်လုပ်ပေးရမယ့် မမျိုးဥလေးကို တစ်လုံးထက် ပိုထုတ်လိုက်မိလို့ပါ။

မျိုးအောင်သန္ဓေခဲလေးဖြစ်ဖို့ တက်လာတဲ့ သုက်ပိုး၊ အဖိုမျိုးစေ့တွေက အများကြီးလေ‌။ မမျိုးဥ နှစ်လုံးကြွေရင် နှစ်မြွှာရမယ်။ သုံးလုံးကြွေရင် သုံးမြွှာရမယ်။ မမျိုးဥတစ်လုံးစီ၊ သုက်ပိုးတစ်ကောင်စီကနေ သပ်သပ်စီဖြစ်သော အမြွှာတွေ ဖြစ်သည့်အတွက် အချင်းကလည်း သပ်သပ်စီ၊ ရေမြွှာအိတ်ကလည်း သပ်သပ်စီ နေကြပါတယ်။ အဲဒါကြောင့် ညီအစ်ကိုလည်း ဖြစ်နိုင်တယ်။ ညီအစ်မလည်း ဖြစ်နိုင်တယ်။ မောင်နှမလည်း ဖြစ်နိုင်တယ်။ ရုပ်ချင်းကလည်း အထက်အောက် ညီအစ်ကို၊ မောင်နှမ ဆင်သလောက်ပဲ ဆင်ပါတယ်။

ဒီလိုအမြွှာမျိုးက အခုခေတ်မှာ ပိုပေါလာပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ရရန် ခက်ခဲနေသော စုံတွဲများမှ အမျိုးသမီးကို သားဥကြွေရန် လှုံ့ဆော်သော ဆေးများပေးရာ မျိုးဥနှစ်လုံးကြွေသွားခြင်း၊ ဖန်ပြွန်သန္ဓေသားများ ပြုလုပ်ပြီး ကိုယ်ဝန်သေချာစေရန် သန္ဓေသားနှစ်ခုကို မိခင်သားအိမ်အတွင်း ပြန်ထည့်ပေးရာ ကံအကောင်းလွန်ပြီး နှစ်ခုစလုံး အောင်သွားခြင်းတို့ကြောင့် ဖြစ်ပါသည်တဲ့ ခင်ဗျ။

ဒုတိယအုပ်စုကတော့ ယောက်ျားလေးဆိုရင်လည်း နှစ်ယောက်စလုံး ယောက်ျားလေး၊ မိန်းကလေးဆိုရင်လည်း နှစ်ယောက်စလုံး မိန်းကလေး၊ ရုပ်ချင်းကလည်း ရုတ်တရက်ဆိုရင် သူတို့အမေကလွဲလို့ တခြား ဘယ်သူမှ မခွဲနိုင်လောက်အောင် ချွတ်စွပ်တူတဲ့အမြွှာ။ အဲဒီလို အမြွှာမျိုးက ၃၀% ရှိပါတယ်။ Identical twins လို့ ခေါ်ပါတယ်။ Ethnical and geographical variation မရှိပါဘူးတဲ့။ ဖြစ်ချင်တဲ့သူတွေမှာ ဖြစ်တာပါတဲ့။

ဘယ်လိုဖြစ်သလဲဆိုတော့ အစကတော့ မမျိုးဥတစ်ခုနဲ့ သုက်ပိုးတစ်ကောင်ပေါင်းပြီး သန္ဓေခဲလေး တစ်ခုထဲပါပဲတဲ့။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အဲဒီသန္ဓေခဲလေးဟာ နှစ်ခုကွဲသွားပြီး နှစ်မြွှာဖြစ်သွားပါတယ်တဲ့။ ဘိုးဘိုးအောင်တန်ခိုးနဲ့ နှစ်ဆတိုးသွားလားမသိ။ မမျိုးဥတစ်ခုတည်း၊ သုက်ပိုးတစ်ကောင်တည်းကနေ ဖြစ်တဲ့အမြွှာမို့ အားလုံး ချွတ်စွပ်တူတာပါ။ ဒီအမြွှာမျိုးက ပိုဒုက္ခပေးနိုင်ပါတယ်။

ဘိုးဘိုးအောင်တန်ခိုးနဲ့ ဘယ်အချိန် နှစ်ခုကွဲသွားလဲ အပေါ်မူတည်ပြီး ဒုက္ခအကြီးအသေး ကွာပါတယ်ဗျ။ နောက်ကျကွဲလေ ဒုက္ခကြီးလေပါ။ စောစောစီးစီး သန္ဓေခဲလေးဖြစ်ပြီးကာစကွဲရင် လုံးဝသီးခြားစီ နှစ်ခုဖြစ်အောင် ကွဲပါတယ်။ အချင်းကလည်း သပ်သပ်စီ၊ ရေမြွှာအိတ်ကလည်း သပ်သပ်စီ။ အပေါ်က Non-identical twins နဲ့ အတူတူဖြစ်သွားတာပေါ့။

နည်းနည်းနောက်ကျကွဲရင် အချင်းကတစ်ခုတည်း၊ ရေမြွှာအိတ်ကတော့ သပ်သပ်စီ။ ပြသနာရှိနိုင်ပြီ။ အချင်းကတစ်ခုတည်းဆိုတော့ သန္ဓေသားတစ်ယောက်ချင်းစီဆီကို သပ်သပ်စီသွားရမယ့် သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေက ဒွေး‌ရောယှက်တင် ဖြစ်သွားတတ်တယ်။ သွေးတွေက ကလေးတွေဆီကို အညီအမျှမရောက်နိုင်ဘူး ဖြစ်သွားတတ်တယ်။ သွေးလိုတာထက် ပိုရတဲ့ကလေးက အဆမတန်ကြီးထွား၊ နှလုံးအလုပ်လုပ်ရများ၊ နှလုံးစွမ်းဆောင်ရည် ကျဆင်းပြီး သေတတ်သလို သွေးလိုသလောက်မရတဲ့ ကလေးကလည်း အာဟာရပြတ်ပြီးသေတတ်ပါတယ်။ အမေ့ ဗိုက်ထဲမှာ။ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဗိုက်ထဲတင်မသေခင် လမစေ့မီ ရှင်လိုရှင်ငြား မွေးထုတ်ပြီး ဖန်ပေါင်းချောင်နဲ့ မွေးရတာပေါ့ (Foetal medical unit)။ ဗိုက်ထဲက သန္ဓေသားလေးတွေကို မှန်ပြောင်းထည့်ကြည့်ပြီး သွေးသွင်းပေးတာတို့၊ ဆက်နေတဲ့အချင်းထဲက သွေးကြောတွေကို လေဆာနဲ့လှမ်းပိတ်တာတို့က ကျွန်တော်တို့ဆီမှာ မရှိသေးဘူးလေ။

အဲဒီထက် ပိုနောက်ကျကွဲရင် အချင်းကလည်း တစ်ခုတည်း၊ ရေမြွှာအိတ်ကလည်း တစ်ခုတည်းအတွင်းမှာ ကလေးနှစ်ယောက်။ အချင်းပြဿနာအပြင် ကလေးနှစ်ယောက်ရဲ့ ချက်ကြိုးတွေက စွန်နှစ်ခုဖြတ်ကြသလို လိမ်ပတ်ပြီး ထုံးနိုင်တယ် ပိတ်နိုင်တယ်။ ချက်ကြိုးပိတ်ရင် သေကုန်မယ်လေ။

အဲဒီထက် နောက်ကျကွဲရင်တော့ မနန်းစိုး၊ မနန်းစံတို့ အေးအေးငြိမ်း၊ အိအိငြိမ်းတို့လို ရင်ချင်းဆက်၊ တင်ချင်းဆက်၊ ခေါင်းချင်းဆက်အမြွှာတွေ ဖြစ်ပြီပေါ့။ စောစောစီးစီး ကွဲကြတာကတော့ များပါတယ်တဲ့။ တအားမကြောက်ကြပါနဲ့နော်။

အဲဒီတော့ ဗိုက်ထဲကကိုယ်ဝန်အတွက် ကျွန်တော်တို့ သိချင်တာကတော့ Non-identical twins လား Identical twins လား မဟုတ်ပါဘူး။ အချင်းသပ်သပ်စီ၊ ရေမြွှာအိတ်သပ်သပ်စီလားပဲ သိချင်ပါတယ်။ အဲဒီလို သိနိုင်ဖို့အတွက်က ကိုယ်ဝန်ရှစ်ပတ်ကနေ ဆယ့်သုံးပတ်အတွင်း (ကိုယ်ဝန် သုံးလအတွင်း) ရိုက်တဲ့ အာထရာဆောင်း (USG) ကပဲ ပြောနိုင်ပါတယ်။ လက်နဲ့စမ်းရုံနဲ့ ဘယ်လိုမှ အမြွှာလို့ မသိနိုင်မီအချိန်ပေါ့။ လရင့်မှဆိုရင် အချင်းတစ်ခုထဲလား၊ နှစ်ခုလား အာထရာဆောင်း (USG) ကလည်း သေချာမပြောနိုင်တော့ပါဘူး။ ကံကောင်းလို့ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက် တွေ့ရင်တော့ မျိုးဥနှစ်ခု အချင်းနှစ်ခုလို့ ဟင်းချလို့ ရပါတယ်။

ဒါကြောင့် ကိုယ်ဝန်ရှိတယ်လို့သိသိချင်း သုံးလမတိုင်မီမှာ အာထရာဆောင်း (USG) တစ်ကြိမ်ရိုက်ထားသင့်ပါတယ်။ Dating scan လို့ ခေါ်ပါတယ်။ သူ့ဆီကရနိုင်မယ့် အဖိုးတန်အရေးကြီး သတင်းအချက်အလက်တွေ အများကြီးပါ။ အခု အမြွှာအကြောင်းအပြင်ပေါ့။ ဒီအကြောင်းတွေက သပ်သပ်တစ်ပုဒ် ရေးပါမယ်။

အမြွှာကိုယ်ဝန်ဖြစ်ရုံနဲ့တင် တက်နိုင်တဲ့ပြဿနာတွေပြောပြပါမယ်။

  • ကိုယ်ဝန်ရှိခါစမှာ ပျို့တာ၊ အော့အန်တာ၊ အစားအသောက်ပျက်တာတွေက အခြားတစ်ယောက်တည်း ကိုယ်ဝန်တွေထက် ပိုဆိုးတတ်ပါတယ်တဲ့။ တချို့ဆို ဘာမှမစားနိုင်၊ စားသမျှအန်ထုတ်နေလို့ ဆေးရုံတင် ပုလင်းကြီးတွေချိတ်၊ အအန်ပျောက်ဆေးတွေ ထိုးပေးရတဲ့အထိ ဖြစ်တတ်ပါတယ်။
  • ကလေးက နှစ်ယောက်ဆိုတော့ ကိုယ်ဝန်ငါးလလောက်မှာတင် ခုနှစ်လ၊ ရှစ်လလောက် အလေးချိန်ကို ထမ်းလွယ်ထားရတော့ အရမ်းနေရခက်ပါတယ်။ ဗိုက်တအားတင်းပါတယ်။ ဗိုက်ကြီးက တအားပေါ်လွင်ထင်ရှား ကော့တက်ပြီး ခါးနာတတ်ပါတယ်။
  • ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ကလေးမမွေးမီ သွေးသွန်ခြင်းရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အဲဒီလို သွေးဆင်းလာရင်တော့ ခွဲမွေးရတတ်ပါတယ်။
  • သားအိမ်ကြီးက အလွန်ဖောင်းကားရတဲ့အတွက် လမစေ့မီစောပြီး ဗိုက်နာမွေးတတ်ပါတယ်။ အမြွှာကိုယ်ဝန်များသည် ကိုယ်ဝန်သက်တန်း ၃၇ ပတ် (ရှစ်လခွဲ) အထိရောက်ဖို့ ခဲယဉ်းပါတယ်။ လမစေ့မီ မွေးကြသည်က များပါတယ်။ ကလေးများသည် လမစေ့သော ပြဿနာဖြင့် မွေးပြီးသေတတ်ပါတယ်။

ပထမထွက်မယ့် အမြွှာလေးက မွေးလမ်းကြောင်းသို့ ဦးတိုက်သည့်အပိုင်း အနေအထားမှန်လျှင် ရိုးရိုးပေးမွေးလို့ ရနိုင်ပါတယ်။ တစ်ယောက်တည်းကိုယ်ဝန်နဲ့ အတူတူပါပဲ။ ဒုတိယအမြွှာကို မွေးရသည်က ပညာပိုပါပါတယ်။ Art of Obstetrics သားဖွားခြင်းအနုပညာဟု ခေါ်ဆိုထိုက်ပါတယ်။ ဒုတိယအမြွှာကျမှ မမွေးနိုင်လို့ ခွဲထုတ်ရသည်လည်း ရှိတတ်ပါတယ်။

ပထမအမြွှာက အနေအထား မမှန်လျှင်တော့ ခွဲစိတ်မွေးဖွားဖို့ပဲ ဆုံးဖြတ်ရပါတယ်။ အဲဒီအခါမှာ တအားကြီးစော ဗိုက်နာလျှင် စိတ်ညစ်ရပါတယ်။ လအလွန်နုနေတဲ့ ကလေးတွေကို ခွဲမွေးရ၊ ကလေးတွေက အဖတ်မတင်ခဲ့ရင် အမေ့မှာ ဗိုက်အမာရွတ်ထင်ကျန်ခဲ့တာပဲ အဖတ်တင်မယ်လေ။

မွေးပြီးလျှင်လည်း မွေးပြီးသွေးသွန်ခြင်း (primary post-partum haemorrhage) ဖြစ်နိုင်ခြေ ပိုများပါတယ်။

ကလေးလေးတွေက လမစေ့၊ ပေါင်မပြည့်ခဲ့လျှင် မွေးကင်းစကလေးငယ်များ အထူးကြပ်မတ်ကုသဆောင် (Neonatal Intensive Care Unit, NICU) တွင် လနှင့်ချီပြီး တက်ရောက်ရနိုင်ပါတယ်။

ယခုပြောပြခဲ့သည်များမှာ အဆိုးဆုံးဖြစ်နိုင်ခြေများကို ပြောပြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ အလုပ်လုပ်လျှင်တော့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးများကြုံလာရင် ကျော်လွှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရန် ဖြစ်ပါသည်။

ဗိုက်ကြီးရင် ဘာတွေ ပြင်ဆင်ထားရမလဲ။ ကိုယ်ဝန် သုံးလမတိုင်ခင် အာထရာဆောင်း (USG) ရိုက်ပါဗျ။

အမြွှာလို့ သိရပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ဘယ်နေရာမှာ၊ ဘယ်သူနဲ့ ယူရမယ်၊ ဘယ်နေရာမှာမွေးရမယ် ဆိုတာကို သဘောပေါက်တယ်ဆိုရင် ကျွန်တော် ဒီစာကိုရေးရကျိုးနပ်ပါတယ်ဗျာ။

လိုအပ်သည်များရှိရင်လည်း ဖြည့်စွက်ဆွေးနွေးနိုင်ပါတယ်ဗျ….။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here