အင်္ဂလိပ်ဆရာဝန်နဲ့ သူ့မိသားစု ကျန်းမာရေး (November,2023)

0
203

ဆရာဝန်ဆိုတာ လူနာကိုသာ ပြောလို့ရတာ မိသားစုဝင်ဆို ပြောမနိုင်လို့ တခြားဆရာဝန် သက်သက်ပြ ပြောခိုင်းရတာ အမောနော် ????

ကျွန်မမိသားစုဝင်ထဲမှာ ပြောမနိုင်ဆုံးက ကျွန်မ ဦးကြီးပဲ။

ကျွန်မ ဦးကြီးက ဘွဲ့ရပြီးသား သူ့ကိုယ်ပိုင်အလုပ်နဲ့ ငွေကြေးအဆင်ပြေပါတယ်။

သူပြဿနာက သူ့အပြောနဲ့ဆို…

“ ငါဟယ် နင်တို့အင်္ဂလိပ်ဆရာဝန် မကုချင်ဘူး… ခါးနာတယ်ဆို နှိပ်လိုက် ဆေးပေးလိုက် ပြီးရောကို… ဓာတ်မှန်ရိုက် သွေးစစ်နဲ့ လျှာကိုရှည်တယ်” ဆိုပဲ။

ဦးကြီးအကြိုက်က တစ်ခါထဲပြ တစ်ခါထဲဆေးပေး၊ ခင်ဗျား ဒါသောက် ပျောက်ပြီပြော သိပ်ကြိုက်တာ။

ကျွန်မဆီ သူတစ်ခုခုဖြစ်လို့ လာပြရင် ထုံးစံတိုင်း ကျွန်မက ဆရာဝန် လျှာရှည်ဆိုတော့ “ ဒီဆေးတော့သောက်ကြည့်ရမယ်။ မသက်သာရင် ဆေးစစ်ရမယ်… ဘာရောဂါဖြစ်နိုင်တယ်… လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမယ်” သူ့ရှင်းပြ သူကသိပ်မကြိုက်… ကျွန်မကို ရစ်ကိုရစ်တယ်ပေါ့။

တစ်ရက် ကျွန်မမိသားစုဝင် လူကြီးအကုန် medical check up လုပ်ပေးတော့…

ဦးကြီးက မလုပ်ချင်လည်း အတင်းစစ်ခိုင်းလိုက်တာ…အရက် ဆေးလိပ် မသောက်၊ အသည်းရောဂါပိုးမရှိ၊ ရောဂါအခံဘာမှမရှိဘဲ အသည်းဓာတ်တွေ ထောင်ချီတက်နေရော။ နားလည်အောင်ပြောရရင် အသည်းထိပြီး အသည်းဓာတ် သွေးထဲ အများကြီးတက်နေရော။

ကျွန်မတို့လည်း ပြာယာခတ်ပြီး အသည်းဆရာဝန်တွေရော… လိုတာအကုန်လုပ် အဖြေရှာမရနဲ့…

ကျွန်မ ဦးကြီးကို သေချာ ရာဇဝင်တွေ သောက်ဆေးတွေမေးမှ … ဦးကြီးက နယ်သွားတုန်းက ရမ်းကု ဆရာ တစ်ယောက်က သူကို “ ပန်းရောင် လျက်ဆားဆေး” ဆိုပေးလိုက်တယ်တဲ့။

ဘာအတွက်လဲမေးတော့… ဒီ “ ပန်းရောင် လျက်ဆားဆေး” က (၉၆) ပါးရောဂါ အကုန်ကောင်းလို့ နယ်မှာ တအားနာမည်ကြီးနေတာ ဝယ်ချင် တန်းစီရတယ်တဲ့။

ဦးကြီးဆို ခါးနာ၊ အဆစ်နာ၊ ဝမ်းချုပ်၊ ချောင်းဆိုး သက်သာစေတယ်။ တချို့ဆို ဆီးချိုရောဂါ၊ နာတာရှည်ရောဂါ အကုန်ပျောက်တယ်တဲ့။

ကျွန်မလည်း ဒီဆေးက ဘာပါလဲ ဖတ်ကြည့်တော့ ပါဝင်ပစ္စည်း တစ်လုံးမှမရေးထားဘဲ… ဆရာကြီး ဘယ်သူရဲ့ ပန်းရောင် လျက်ဆားဆေးပဲ ပါတယ်။

ဦးကြီးကို သေချာပြောပြီး ဆေးရပ်ခိုင်းလိုက်တာ (၃) လအတွင်း အသည်းဓာတ် ပုံမှန်ပြန်ဖြစ်သွားတယ်။ သေချာတယ် ကျွန်မသာမသိလိုက်ရင် ဦးကြီး အသည်းပျက်စီးပြီး အသက်ဆုံးရှုံးရမှာပါ။ နာမည်ကြီးနေတဲ့နယ်က လူနာတွေဆို ကျွန်မတွေးတောင်မတွေးရဲ။

ဘယ်လို ရောဂါလာလာ စမ်းတာမေးတာမရှိ … ဘာလာလာ ဒီ တင်ပါးထိုးဆေးပဲ ထိုးပေးတာ… ဒီဆေးသောက် ရောဂါအကုန်ပျောက်တယ် နတ်ဆေး ဘာညာဆိုပေးကုတာကျ … လုံးဝ မဖြစ်နိုင်သလို Silent Killer တိတ်တဆိတ် လူသတ်နေတဲ့ ရမ်းကု ဖြစ်နေပါပြီနော်။

ဒါကြောင့် ဒီလိုခက်ခဲကာလမှာ တယ်လီကျန်းမာ စာဖတ်သူအကုန် အသက်ကို ဉာဏ်စောင့်နိုင်စေပြီး၊ ကျန်းမာရေးဗဟုသုတ တိုးပွားစေဖို့ ကျွန်မ အတွေ့အကြုံလေး မျှဝေပေးလိုက်ပါတယ် ရှင်…။

Dr. Cool

တယ်လီကျန်းမာ

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here