လူနာတစ်ယောက် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပြီ/ ကျောက်ကပ်ပျက်စီးပြီဆိုရင် အသက်ဆက်ရှင်ဖို့အတွက် ကျောက်ကပ်ဆေးရပါတော့မယ်။
ဒီအခါ ကျောက်ကပ်ဆေးဖို့အတွက် ရေရှည်အသုံးပြုမယ့် သွေးကြော/ လမ်းကြောင်း လိုအပ်လာပါမယ်။ ဒါကြောင့် သွေးကြောမွေးရပါမယ် (AV Fistula creation)။ ဒါမှသာ အကောင်းဆုံး၊ အမြဲသုံးနိုင်သလို၊ ဆိုးကျိုးလည်းအနည်းဆုံး ဖြစ်မှာမို့ပါ။
…
…
❓(AV fistula creation) သွေးကြောမွေးတယ်ဆိုတာ ဘာလဲ။
သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ဆက်တာပါ။
❓ဘယ်သူကလုပ်ပေးနိုင်လဲ။
သွေးကြောခွဲစိတ်ဆရာဝန်က ပြုလုပ်ပေးပါတယ်။
❓ကိုယ်ရဲ့ဘယ်နားမှာ သွေးကြောမွေးရတာလဲ။
အများစုက လက်မှာမွေးပါတယ်။
.
❓သွေးကြောမွေးတော့ ဘာလုပ်လို့ရနိုင်လဲ။
သွေးလွှတ်ကြောကသွေးတွေ သွေးပြန်ကြောထဲ တိုက်ရိုက်ဝင်စေကာ သွေးပြန်ကြောထဲမှာ သွေးလည်ပတ်မှုများလာစေမယ်။ ဒါမှတစ်ဆင့် သွေးပြန်ကြောတွေ ကြီးထွားလာစေမယ်။ ဒါဆိုရင် ကျောက်ကပ်ဆေးဖို့အတွက် သွေးပြန်ကြောကို ရေရှည်အသုံးပြုလို့ရပါပြီ။
.
❓သွေးကြောမွေးတာ ဘာတွေကောင်းလဲ။
- အချိန်အကြာကြီး အသုံးပြုနိုင်ပါတယ်။
- ကိုယ်ထဲကို ပြင်ပမှ ဘာပစ္စည်းမှမထည့်တဲ့အတွက် ပိုးဝင်တာ/ သွေးခဲတာ ဖြစ်ဖို့နည်းပါတယ်။
- ကျောက်ကပ်ဆေးဖို့အတွက် လိုအပ်တဲ့ သွေးလည်ပတ်မှုပမာဏကို ရရှိနိုင်ပါတယ်။
- ဆေးရုံတက်စရာမလိုဘဲ အိမ်ပြန်ပြီး နားနေလို့ရပါတယ်။
.
❓ဘယ်လိုလူနာတွေမှာ သွေးကြောမွေးရင် သတိထားရမလဲ။
နှလုံးညှစ်အား အလွန်နည်းသောလူနာတွေ၊ လက်/ခြေထောက်က သွေးကြောတွေမှာ ပြဿနာရှိတဲ့ လူနာတွေမှာ သတိထားရပါတယ်။
.
❓ဘယ်လို သွေးကြောမွေးလဲ။
ခွဲစိတ်ဆရာဝန်က သွေးပြန်ကြော/ သွေးလွှတ်ကြောတွေကို အရင်စမ်းသပ်ပါမယ်။ လိုအပ်ရင်လိုအပ်သလို သွေးကြောထောက်တဲ့ အာထရာဆောင်း/ သွေးကြောဓာတ်မှန် ရိုက်ကြည့်ပြီး သွေးကြောအခြေနေကို ကြည့်ပါမယ်။ အခြားရောဂါအခြေနေတွေလည်း ကြည့်ပါဦးမယ်။ အဆင်ပြေပြီဆိုရင် သွေးကြောမွေးရန် အသင့်ဖြစ်ပါပြီ။
လုပ်ပုံလုပ်နည်းလေးကတော့…
ခွဲစိတ်ခန်းထဲဝင်မယ်၊ ပြင်ဆင်မယ်။ သွေးကြောမွေးမယ့်နေရာ ပတ်ပတ်လည်ကို ထုံဆေးလေးထိုးမယ်။ အရေပြားကို နည်းနည်းလှီးပြီး သွေးကြောတွေရှာပါမယ်။ ပြီးရင်သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကို ဆက်ပါမယ်။
ဆက်ပြီးရင် သွေးလွှတ်ကြောကသွေးတွေ သွေးပြန်ကြောထဲ တိုက်ရိုက်ဝင်စေကာ သွေးပြန်ကြောထဲကို သွေးလည်ပတ်မှု များလာစေပါမယ်။ ဒီနောက် သွေးပြန်ကြောတွေ ကြီးထွားလာစေပြီး သွေးပြန်ကြောနံရံတွေကိုလည်း သန်မာလာစေပါမယ်။
သွေးကြောဆက်ပြီးပြီ အဆင်ပြေပြီဆိုရင် အရေပြားကို ပြန်ပိတ်ပါမယ်။ ခဏကြာရင်တော့ ခွဲခန်းထဲမှ ပြန်ထွက်လို့ရပါပြီ။ ဘာပြဿနာမှမရှိရင် အချိန်အနည်းငယ်ကြာတဲ့အခါ အိမ်ပြန်လို့ရပါပြီ။
.
❓သွေးကြောမွေးပြီး ဘယ်အချိန် ကျောက်ကပ်ဆေးဖို့အတွက် သုံးလို့ရနိုင်မလဲ။
သွေးကြောမွေးထားတာ ကောင်းမွန်လာတဲ့အထိ (သွေးလည်ပတ်မှု) စောင့်ကြည့်ရပါမယ်။ လူနာတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
.
❓အိမ်ပြန်သွားရင် ဘာတွေလိုက်နာရမလဲ။
- သွေးကြောမွေးထားတဲ့ နေရာ/ အနာလေးကို ဖွဖွလေး စမ်းကြည့်ရင် တုန်ခါနေသလို/ ရေစီးသလိုမျိုး ခံစားရနေပါလိမ့်မယ်။ အဲဒါရပ်သွားတယ်ဆိုရင် ဆရာဝန်ပြန်ပြရပါမယ်။
- သွေးကြောမွေးထားတဲ့လက်ကို မြှောက်ထားပါ။ (ရောင်တာလျော့အောင်/ နာတာသက်သာအောင်)
- ဆရာဝန်ပေးတဲ့ ဆေးသောက်ပါ။ (အနာသက်သာဆေး/ ပိုးသတ်ဆေး)
- ပြီးတော့ သွေးကြောမွေးထားတဲ့လက်ကို ပတ်တီးနဲ့ ပတ်တာ/ ထိခိုက်မိတာ/ သွေးပေါင်ချိန်တာ မလုပ်ရပါဘူး။
- သွေးကြောမွေးထားသောလက်မှ သွေးမဖောက်ရ/ ဆေးမထိုးရပါ။
- သွေးကြောမွေးသောလက်တွင် နာရီ/ လက်အိတ်/ လက်ဝတ်ရတနာ/ တင်းကြပ်သောအရာများ မပတ်ရပါ။
- သွေးကြောမွေးသောလက်ကို ဖိအိပ်ခြင်း မပြုရပါ။
- လေးသော ပစ္စည်းများ မမရ။
- လက်ဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း မလုပ်ရ။
- လူနာက ကားမောင်းတဲ့သူဆိုရင် အနာသက်သာမှ ကားမောင်းသင့်ပါတယ်။
.
❓သွေးကြောမွေးတဲ့လက်အတွက် လေ့ကျင့်ခန်းရှိလား။
- သွေးကြောမွေးပြီး ၇ ရက်ခန့်ကြာရင် လက်လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ် (သွေးကြောမြန်မြန်ကြီးထွား/ အသုံးပြုနိုင်စေရန်)။
- တင်းနစ်ဘောလုံးအရွယ် ဘောလုံးလေးကို ကိုင်/ ညှစ်ပေးပါ (တစ်မိနစ်ကို ၁၀-၁၅ ကြိမ် x ၂မိနစ်)။ တစ်နေ့ကို အကြိမ် ၂၀ ခန့်လုပ်ပေးပါ။
ဒါလေးတွေကို အကုန်လိုက်နာမယ်၊ ပြီးတော့သေချာရက်ချိန်းမှန်မှန်ပြမယ်ဆိုရင် အကုန်အဆင်ပြေမှာပါ…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.