“ တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း” ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
ပူနွေးစွတ်စိုတဲ့ ရာသီဥတုက မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ ဖြစ်နေစေလို့ မိုးရာသီရောက်ပြီဆိုရင် မှိုနဲ့ပတ်သက်တဲ့ရောဂါတွေ ပေါ်ပေါက်လာတတ်စမြဲပါပဲ။ အဖြစ်များတတ်ကြတာကတော့…
-ခြေသဲဝဲစားရောဂါ (Athlete’s foot)
- ပွေးယားနာ (Ringworm)
- လက်သည်း၊ ခြေသည်း မှိုစွဲရောဂါ (Fungal nail infection) စတဲ့ အရေပြားယားနာရောဂါမျိုးတွေအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်စေတတ်ပါတယ်။
…
…
ဒီတော့ မိုးရာသီမှာ မှိုပိုးနဲ့ဆက်စပ်တဲ့ရောဂါတွေ မဖြစ်ပွားရလေအောင်….
(၁) တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးပါ
ချွေး၊ ဖုန်မှုန့်၊ အဆီတွေဟာ မှိုပိုးတွေကို ပေါက်ပွားစေတတ်လို့ ဆပ်ပြာကိုအသုံးပြုပြီး နေ့စဥ်ရေပုံမှန်ချိုးပါ။ ရေချိုးပြီးတိုင်းလည်း သွေ့ခြောက်အောင် သုတ်ပါ။ အထူးသဖြင့် မှိုပိုးတွေအောင်းနေနိုင်တဲ့ ခြေချောင်းကြား၊ ပေါင်ခြံ၊ ခြေဖဝါး စတဲ့နေရာတွေကို သန့်ရှင်းခြောက်သွေ့နေပါစေ။
.
(၂) လေဝင်လေထွက်ကောင်းပါစေ
လေဝင်လေထွက် ကောင်းမွန်တဲ့၊ သက်သာချောင်ချိတဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ကျပ်ထုပ်လေးလံတဲ့ အဝတ်တွေက မှိုပိုးတွေပေါက်ပွားစေဖို့ ပိုလို့အားပေးလို့ ရှောင်ရှားပါ။
.
(၃) ခြေဖဝါးကို ခြောက်သွေ့နေပါစေ
မိုးရာသီမှာ ခြေဖဝါးဟာ ရေအမြဲစိုနေရင်တော့ သဲဝဲစားတာလို မှိုအရေပြားရောဂါတွေဖြစ်ဖို့ရာ ရာနှုန်းအလွန်များတာမို့ ခြေဖဝါးကို ခြောက်သွေ့နေပါစေ။ ဒါ့အပြင် လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကို ရွေးချယ်စီးပါ။ ရှူးဖိနပ်လို အလုံပိတ်ဖိနပ်အမျိုးအစားတွေဟာ ရေစိုနေတဲ့ခြေထောက်တွေကို မခြောက်သွေ့စေတော့ဘဲ ချွေးတွေ၊ ဖုန်မှုန့်တွေနဲ့ ရောထွေးလို့ မှိုပိုးတွေပေါက်ပွားအောင် အားပေးပါတယ်။
.
(၄) ခြေဖဝါးသန့်ရှင်းရေး အလေးပေး
ခြေဖဝါးကို ဆပ်ပြာအသုံးပြုပြီး နေ့စဥ် ဆေးကြောသန့်ရှင်းရေး ပြုလုပ်ပါ။ ဒီနောက် ခြောက်သွေ့အောင် အမြဲထားပါ။ လ်ိုအပ်ပါက ပေါင်ဒါမှုန့် သို့မဟုတ် မှိုသတ်စပရေးဆေးရည် (anti-fungal spray) အသုံးပြုပါ။
.
(၅) ခြေဗလာနှင့် လမ်းမလျှောက်နှင့်
ခြေဗလာနဲ့ လမ်းလျှောက်တဲ့အခါ စိုစွတ်နေတဲ့မြေကြီး၊ ရွံ့ဗွက်အိုင်တွေကနေ မှိုပိုးတွေ ကပ်ပါလာနိုင်တာကြောင့် ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါ။ အထူးသဖြင့် ရောဂါပိုးတွေ၊ မှိုပိုးတွေ သိပ်သည်းထူထပ်ရာ ပန်းခြံ၊ အများသုံးရေကူးကန်၊ Gym လို အားကစားရုံတွေ စတဲ့နေရာတွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းကို ရှောင်ကြဥ်ပါ။ စိုစွတ်တဲ့ ဒီလိုနေရာတွေကို ဖြတ်လျှောက်ရမယ်ဆိုရင် ရာဘာဖိနပ်လို အကာအကွယ်မျိုးက အကောင်းဆုံးပါပဲ။
.
(၆) ပတ်ဝန်းကျင်သန့်ရှင်းရေး အလေးပေး
မှိုပိုးတွေပေါက်ပွားမှုကို ထိန်းသိမ်းဖို့ ပတ်ဝန်းကျင်သန့်ရှင်းရေး အလေးပေးပါ။ အဝတ်အစားတွေ၊ အခင်းတွေကို မကြာခဏ လျှော်ဖွပ်အခြောက်ခံပါ။ ရေချိုးခန်း၊ မီးဖိုချောင်ကစလို့ အိမ်ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
.
(၇) တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို မျှဝေမသုံးနှင့်
မှိုပိုးအပါအဝင် အရေပြားရောဂါတွေ ကူးစက်တတ်လို့ မျက်နှာသုတ်ပဝါ၊ ခြေအိတ်၊ ဖိနပ်၊ လက်သည်းညှပ် စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းများကို ဝေမျှအသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။
…
…
အထက်ကနည်းတွေနဲ့ ကာကွယ်သည့်တိုင် ကိုယ့်မှာ မှိုပိုးနဲ့ဆက်စပ်တဲ့ အရေပြားဆိုင်ရာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားလာရင်တော့ စောစောသိ၊ စောစောကုသပါ။ လိုအပ်ပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသပါ။ ဆရာဝန်ကလိုအပ်သလို မှိုသတ်လိမ်းဆေး၊ သောက်ဆေး ညွှန်ကြားပါလ်ိမ့်မယ်။
မှိုပိုးနဲ့ ဆက်စပ်တဲ့ရောဂါတွေဟာ မိုးရာသီမှာ အဖြစ်များလှတာဖြစ်လို့ ခုလိုမိုးရာသီအချိန်မှာ မှိုပိုးအန္တရာယ်ကို ကာကွယ်ကြရအောင်လားနော်…။
Reference: 📚
Continental Hospitals : Preventing fungal infections during rainy season
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.