Supplement လို့ ခေါ်တဲ့ ဖြည့်စွက်စာတွေ ခေတ်စားလာတဲ့အခါ အားဆေးတွေကို လိုတာထက်ပိုပြီး စားသုံးမှုတွေလည်း ကမ္ဘာတစ်လွှားမှာ မြင့်တက်လာပါတယ်။

ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ဘီနဲ့ စီတို့လို အားဆေးတွေကို လိုတာထက် ပိုမိုစားသုံးမိရင် ခန္ဓာကိုယ်ထဲမှာ ပိုလာတဲ့ဗီတာမင်တွေကို ဆီးထဲကနေ စွန့်ထုတ်ပစ်လိုက်တာမို့ ပိုက်ဆံကုန်တာကလွဲပြီး ကျန်းမာရေးအတွက် ပြဿနာသိပ်မရှိပါဘူး။

ဒါပေမယ့် ရေမှာမပျော်ဝင်တဲ့ ဗီတာမင်အေ၊ ဒီ၊ အီးနဲ့ ကေတို့ကို လိုတာထက် ပိုပြီးစားသုံးရင်တော့ ပိုလာတဲ့ဗီတာမင်တွေကို စွန့်ထုတ်မပစ်နိုင်ဘဲ ခန္ဓာကိုယ်ထဲမှာ စုမိလာမှာပါ။ အတိုင်းအတာတစ်ခုထက် ပိုများလာတဲ့အခါ ဗီတာမင်အဆိပ်သင့်ခြင်း ဖြစ်လာနိုင်ပါတယ်။

၂၁ ရာစုမှာ မြန်မာပြည်မှာသာမက ကမ္ဘာ့နိုင်ငံ‌တော်တော်များများမှာ မျက်နှာအပွင့်ဆုံး ဗီတာမင်ကတော့ ဗီတာမင်ဒီ ဖြစ်ပါတယ်။

သုတွေသနတချို့က ဗီတာမင်ဒီ ချို့တဲ့မှုတွေဟာ ထင်ထားတာထက် ပိုများနေတာကို တွေ့ရှိလာကြပါတယ်။ ဒါကြောင့် ဗီတာမင်ဒီကို ဖြည့်စွက်စားသုံးဖို့ ကျန်းမာရေးပညာရှင်တချို့က ပညာပေးရာကနေ လူ‌တွေက ကျန်းမာရေးပညာရှင်တွေနဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာကိုယ် ဗီတာမင်ဒီကို ဝယ်ယူစားသုံးလာကြပါတယ်။ ဒီလို လိုအပ်တာထက် ပိုမိုစားသုံးသူတွေများလာတဲ့အတွက် ဗီတာမင်ဒီ အဆိပ်သင့်သူတွေလည်း တဖြည်းဖြည်း တိုးလာနေပါတယ်။

လူတစ်ယောက် တစ်နေ့ကို ဗီတာမင် ဒီဘယ်လောက် စားသုံးသင့်ပါသလဲ….

လူတစ်ယောက်နဲ့တစ်ယောက် ဗီတာမင်ဒီ လိုအပ်ချက်မတူကြပါဘူး။

ဗီတာမင်ဒီ ကို အစားအစာတွေက ရသလို အရေပြားက အဆီတစ်မျိုးကို နေရောင်ခြည်က ပြောင်းလဲပေးတာ‌ကြောင့်လည်း ရရှိနိုင်ပါတယ်။ အဲဒီလို သဘာဝအတိုင်းရတဲ့ ဗီတာမင်က မလုံလောက်တဲ့အခါမှာတော့ ဖြည့်စွက်စာအနေနဲ့ ဗီတာမင်ဒီ ဆေးတောင့်လေးတွေကို သောက်လို့ရပါတယ်။

ဒီလို သောက်လို့ရတာကြောင့် အသက်အရွယ်အလိုက် တစ်နေ့တာ စားသုံးသင့်တဲ့ ဗီတာမင်ဒီ ပမာဏလေးတွေကို မှတ်ထားစေချင်ပါတယ်နော်….

• မွေးစကနေ အသက်တစ်နှစ်အထိ 10 microgram (400 IU) ပဲ လိုအပ်ပေမယ့်

• အသက် တစ်နှစ်ကနေ အသက် (၇၀) အရွယ်အထိကတော့ 15 microgram (600 IU) ထိ လိုအပ်ပြီး

• အသက် ၇၀ နဲ့အထက်ဆိုရင် 20 microgram (800 IU) ထိ လိုအပ်ပါတယ်။

သွေးထဲမှာ ဗီတာမင်ဒီ ဘယ်လောက်များရင် ဗီတာမင်ဒီ အဆိပ်သင့်ခြင်း ဖြစ်လာနိုင်သလဲ….

125 nmol/L (50 ng/ml) ထက်များရင် ဗီတာမင်ဒီ အဆိပ်သင့်ခြင်းဆိုးကျိုးတွေ ရနိုင်ပါတယ်။

.

ဗီတာမင်ဒီ ဖြည့်စွက်စားသုံးတဲ့ ပမာဏ ဘယ်လောက်များရင် ဗီတာမင်ဒီ အဆိပ်သင့်ခြင်း ဖြစ်စေနိုင်သလဲ….

တစ်နေ့ကို ဗီတာမင်ဒီ 150 mcg (60,000 IU) နှုန်းနဲ့ လအတော်ကြာစားသုံးပါက ဗီတာမင်ဒီ အဆိပ်သင့်လက္ခဏာများ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ (အရွယ်အစားပိုထွားတဲ့ အမေရိကန်လူမျိုးတွေရဲ့ ခန္ဓာကိုယ်အတွက် ပမာဏဖြစ်လို့ အာရှသားတွေအတွက်က အဲဒီထက် အနည်းငယ်လျှော့စားပေမယ့်လည်း ဒုက္ခရောက်နိုင်ပါသေးတယ်။)

ဗီတာမင်ဒီကို ဘယ်ပမာဏထက် ပိုပြီးမစားသင့်ဘူးလဲဆိုတာကို ကြည့်လိုက်ကြရအောင်….

• မွေးစကနေ (၆) လအထိ 25 microgram (1000 IU) ထက် ပိုတိုက်ကျွေးတာမလုပ်သင့်သလို

• ကလေးအသက် (၇) လကနေ အသက်တစ်နှစ်အထိ 38 microgram (1500 IU) ထက် မပိုသင့်ပါဘူး။

• အသက်တစ်နှစ်ကနေ (၃) နှစ်အထိကတော့ 63 microgram (2500 IU) ထက် ပိုမများစေဖို့ လိုအပ်ပြီး

• အသက် (၄) နှစ်ကနေ (၈) နှစ်အထိအတွက် 75 microgram (3000 IU) ထက် မကျော်သွားဖို့ အရေးကြီးပါတယ်။

• ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အသက် (၉) နှစ်နဲ့အထက် အသက်အရွယ်တွေမှာတော့ 100 microgram (4000 IU) ထက် ပိုပြီး မသောက်သုံးမိအောင် ဂရုပြုရပါမယ်နော်။

ဗီတာမင်ဒီအဆိပ်သင့်ရင် ဘယ်လို လက္ခဏာတွေပြသလဲ….

ဗီတာမင်ဒီ အဆိပ်သင့်ရင် သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ်တွေပိုလာပြီး အစားအသောက်ပျက်တာ၊ ပျို့တာ၊ အန်တာ၊ ဝမ်းချုပ်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ ရေငတ်တာ၊ ဆီးမကြာခဏသွားတာ၊ နုံးချည့်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဦးခေါင်းမကြည် ဇဝေဇဝါဖြစ်တာ၊ ကြွက်သားတွေ အားနည်းတာ၊ လမ်းလျှောက်ဖို့ခက်တာ၊ အရိုးတွေထဲကနာတာ၊ ဆီးကျောက်တည်တဲ့လက္ခဏာ စတာတွေကို ခံစားရနိုင်ပါတယ်။

သိပ်ဆိုးရင်တော့ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးကိုထိခိုက်တာကနေ အသက်အန္တရာယ်ဖြစ်တဲ့အထိပါ ဒုက္ခပေးနိုင်ပါတယ်။

အဲဒီလိုလက္ခဏာတွေ ခံစားရရင်တော့ ကျန်းမာရေးပညာရှင်တွေနဲ့ သေချာပြသတိုင်ပင်ပြီး ကုသမှုခံယူရပါမယ်နော်။

ဗီတာမင်ဒီအဆိပ်သင့်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ….

– ဗီတာမင်ဒီကို ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

– သူတို့ သောက်ခိုင်းတဲ့ပမာဏထက် ပိုမသောက်ပါနဲ့။

– ဗီတာမင်ဒီကို ပုံမှန်သောက်သုံးနေရင် သွေးထဲက ဗီတာမင်ပမာဏကို ပုံမှန်စစ်ဆေးပါ။

– ကလေးငယ်တွေ မတော်တဆ စားသုံးမိတာက‌နေ ကာကွယ်ဖို့ ဗီတာမင်ဒီ ဆေးပုလင်းအဖုံးကို သေ‌သေချာချာပိတ်ပြီး အမြင့်တစ်နေရာရာ ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားရပါမယ်နော်။

Reference: ????

https : // ods . od . nih . gov /factsheets/VitaminD-HealthProfessional/

https : // www . mayoclinic . org /healthy-lifestyle/nutrition-and-healthy-eating/expert-answers/vitamin-d-toxicity/faq-20058108

https : // my . clevelandclinic . org /health/diseases/24750-vitamin-d-toxicity-hypervitaminosis-d

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here