စနေနေ့တိုင်း အာဟာရနဲ့ပတ်သတ်ပြီး ဗဟုသုတလေးတွေ တင်ပေးနေကျနော်…

ဒီတစ်ပတ်တော့ ဗီတာမင် တစ်ခုချင်းစီအကြောင်း အခြေခံသိမှတ်ဖွယ်လေးတွေ အတိုချုံးပေါ့

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦးက ရေးပေးထားတာပါ ????

Vitamin A

အမြင်အာရုံအတွက်အရေးပါပါတယ်။

ချို့တဲ့ပါက ကြာစူးကဲ့သို့ အရေပြားအဖုလေးတွေပေါက်တာ ၊ ကိုယ်ခံအားမကောင်းတာ၊ ကြက်မျက်သင့်ကဲ့သို့ အမှောင်ထဲမှာ မမြင်လွယ်တာ ဖြစ်နိုင်ပါတယ်

အလွန်များပြီး overdose ဖြစ်ပါက အသည်းရောင်နိုင်ပါတယ် ၊ တုပ်ကွေးကဲ့သို့ လက္ခဏာများ၊ မူး၀ေ အော့အန်ခြင်းနဲ့ပြတတ်ပါတယ်

ကြွယ်၀သော အစားအစာ – တိရစ္ဆာန်အသည်းနှင့် ကလီစာများ၊ ကြက်ဥ၊ အဆီများသောငါး၊ နွားနို့၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး ကဲ့သို့ အရောင် ၀င်းသော အစားအစာများ

Vitamin C

ကိုယ်ခံအားအတွက်အရေးပါတယ်လို့ကြားဖူးကြမှာပါ

ချို့တဲ့ပါက သွေးကြောလေးတွေပေါက်လွယ်၊ သွားဖုံးသွေးယို ဖြစ်တတ်ပါတယ်

ဆေးလိပ်သောက်သူတွေမှာ – ဆေးလိပ်သောက် သူတွေမှာ တစ်နေ့ကို ၁၀၀ မီလီဂရမ်ခန့် စားပေးသင့်ပါတယ်

Overdose – ဆီးကျောက်တည်တတ်ပါတယ်။

ကြွယ်၀သော အစားအစာ – ချဥ်သော အသီးနှင့် အရွက်တော်တော်များများ ၊ လိမ္မော်သီးတို့လိုမျိုးအပြင် သရက်သီး ၊ ဘရိုကိုလီ ၊ ငရုတ်သီး ၊ ခရမ်းချဥ်သီး တွေမှာလည်းများများပါပါတယ်။

Vitamin K

သွေးတိတ်အောင် ခဲအောင်လုပ်ပေးပါတယ်

ချို့တဲ့ပါက သွေးထွက်လွယ် ယိုလွယ်ပါတယ်

Overdose – အလွန်ရှား ၊ သို့ပေမယ့် သွေးခဲတတ်ပါတယ်

ကြွယ်၀သော အစားအစာ – အစိမ်းရင့်ရောင် အရွက်တော်တော်များများအပြင် ကလီစာတွေမှာလည်းပါပါတယ်။

Vitamin E

ကိုယ်ခံအားကောင်းအောင် အရေပြားကျန်းမာအောင်ဆောင်ရွက်ပေးပါတယ်

ချို့တဲ့ပါက – အရေပြားစအဖတ်ဖတ်ကွာတာမျိုးဖြစ်တတ်ပါတယ်၊ သွေးဥတွေ ပေါက်လွယ်ပီး သွေးအားနည်းတတ်ပါတယ်

Overdose – ခေါင်းကိုက် မူး၀ေ ဖြစ်တတ်.

ကြွယ်၀သော အစားအစာ – အစေ့အဆန်တွေ၊ နေကြာစေ့ လိုမျိုး ၊မြေပဲ၊ ပဲအမျိုးမျိုး တိုဖူး၊ ထောပတ်သီး

Vitamin D

နေရောင်ခြည်ကနေလည်းရလို့ တစ်နေ့ နာရီဝက်လောက် နေရောင်ခြည်ခံပေးရင် ရနိုင်ပါတယ်။

ချို့တဲ့ပါက အရိုးပွ ၊ အရိုးပျော့ ဖြစ်တတ်ပါတယ်

Overdose – ဆီးကျောက်တည် ၊ မူး၀ေ အော့အန်ဖြစ်

ကြွယ်၀သော အစားအစာ – ဥအနှစ်၊ အဆီများသောငါး၊ ကလီစာများ၊ အသားအမျိုးမျိုး၊ နို့ထွက် ပစ္စည်းများ၊ ကလီစာများ

Vitamin B1

စားထားတဲ့ အစားအစာများကနေ အားအင်ထုတ်ယူနိုင်ဖို့ရာ လုပ်ပေးပါတယ်။ အရက်သောက်တဲ့အခါ alcoholကို အစာခြေဖို့ရာ B1 အများအပြားသုံးစွဲလိုက်ရလို့ အရက်သောက်ပြီးတိုင်း B1 အားဆေးကို သောက်သင့်ပါတယ်၊ အမြည်းအနေနဲ့ ဘီ၀မ်း ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ငါးရံ့အူကို မစားသင့်ပါ

နို့တိုက်မိခင် ကိုယ်၀န်ဆောင် စသည့် ၂ ယောက်၀န်ကို တစ်ယောက်ထဲမှ စားပေးနေရသူများမှာလည်း ချို့တဲ့လွယ်ပါသည်။ မေမေများအစားအစာ အစုံ စားပေးမှ ကလေးကျန်းမာရေးကောင်း အားရှိပါမယ်၊ အလွန်အစားရှောင်သော နို့ တိုက်မိခင်များ၏ ကလေးငယ်များ ဘီ၀မ်းချို့တဲ့ကာ သေဆုံးတဲ့အထိ ဖြစ်ပျက်များစွာရှိလို့ အစားမရှောင်ဖို့ တိုက်တွန်းပါရစေ၊ သန့်ရှင်းသော အစားအစာဆိုရင် ကြိုက်ရာကို ကြိုက်သလောက် စားပေးပါ၊ အစားအစာ အစုံစားနိုင်လေ ကောင်းလေပါဘဲ

ထမင်းရည်ငှဲ့ချက်သူတွေ ဆန်ကို အကြိမ်များစွာဆေးခြင်းတို့ကြောင့်လည်း ဆန်မှရသော ဘီ၀မ်း ဆုံးရှုံးမှု ဖြစ်နိုင်ပါသည်။

ချို့တဲ့ပါက ဘယ်ရီဘယ်ရီဟုခေါ်သော နှလုံးအမောဖောက်ခြင်း ၊ ခြေလက်များမသန်စွမ်းသကဲ့သို့ အာရုံကြော ထိခိုက်ခြင်းများဖြစ်နိုင်ပါသည်။

Overdose – မရှိပါ

ကြွယ်၀သော အစားအစာ – အခွံပါသေးသော ဆန် ၊ဂျုံ များ ၊ ၀က်သား၊ ပဲနို့၊ ဟင်းနုနွယ်ရွက်

Vitamin B2

B1 နှင့်တွဲကာ အလုပ်လုပ်တဲ့အတွက် အာရုံကြော များအတွက် အရေးပါပါတယ်၊

ချို့တဲ့ပါက – အားနည်းခြင်း၊ ခေါင်းမူးခြင်း ၊ ကျီးကန်းပါးစပ်ဖြစ်ခြင်း ၊ လျှာနှင့် ခံတွင်းမှာ အပူဖုများပေါက်လွယ်ခြင်းတို့ဖြစ်တတ်ပါတယ်။

Overdose – မရှိပါ

ကြွယ်၀သော အစားအစာ – အသားအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင် အသီးအရွက်များနှင့် အစားတော်တော်များများမှာပါလို့ ပုံမှန်စားနိုင်သူတွေမှာ အာဟာရချို့တဲ့မှု သိပ်မဖြစ်နိုင်ပါ၊

Vitamin B3

B1,B2 နှင့် B3 တို့သည် အလုပ်အတူတူလုပ်ကြပါသည်၊ ထို့ကြောင့် အားဆေးများတွင်လည်း ရောထားလေ့ ရှိသည်၊

ချို့တဲ့ပါက – နေထိတာနဲ့ အသားတွေ ရောင်လာတာမျိုး ၊ ပုံမှန်မဟုတ်ဘဲ ဂယောင်ဂတမ်းဖြစ်တာမျိုး ၊ ၀မ်းလျောတာမရပ်တာမျိုး ဖြစ်တတ်ပါတယ်၊ အထူးသဖြင့် အစားဘာမှ မစားဘဲ အရက်သေစာ လှိမ့်ပိတ်ကြာကြာသောက်သူတွေမှာ အဖြစ်များပါတယ်။

Overdose – အသား နီရဲတာမျိုးဖြစ်တတ်

ကြွယ်၀သော အစားအစာ – အသားအမျိုးမျိုး

Vitamin B5

အာရုံကြောအလုပ်ကူလုပ်ပေးပါတယ်

ချို့တဲ့ပါက ခြေဖ၀ါးပူခြင်း၊ အားနည်းခြင်း ၊ စိတ်ကျခြင်းတို့ ဖြစ်တတ်

Overdose – မရှိပါ၊

ကြွယ်၀သောအစားအစာ – အစေ့ အဆန် ၊ ကလီစာများ အသီးအရွက်များ ၊ အသားအမျိုးမျိုး ၊ ဥအမျိုးမျိုး

Vitamin B6

ဘီစစ် အမူးပြေဆေးဆို မသိသူ ခပ်ရှားရှားပါ၊ တကယ်တော့ အမူးပြေတာ ဘီစစ်နဲ့ အလားတူ နာမည်ဆင် ပုံစံဆင် ဆေးကိုပြောတာပါ၊ တကယ်တော့ ဘီစစ်က သွေးအားကိုဖြစ်စေပြီး အအိပ် အစားမှန်စေ အာရုံကြောတွေအားဖြည့်ပေးတာပါ

ချို့တဲ့ပါက – သွေးအားနည်းပါတယ်၊ နဂို သွေးရောဂါရှိပြီးသူများဟာ ဘီစစ်ကို တစ်သက်တာ စွဲသောက်ရပါတယ် ၊ ဥပမာ – သာလစီးမီးယား လိုမျိုး

တီဘီဆေးသောက်သူတိုင်းမှာ ဘီစစ် ထည့်သောက်ဖို့လိုပါတယ်၊

Overdose – မရှိသလောက်နည်း ၊ အရမ်းများရင် တော့ အာရုံကြောထိတတ်

ကြွယ်၀သော အစားအစာ – ကြက်သား ၊ ငှက်ပျောသီး၊ တိုဖူး၊ ငါးနှင့် ပဲအမျိုးမျိုး

Vitamin B7- Biotin

B1, B2, တို့ကဲ့သို့ အားအင်ပြန်တည်ဆောက်ရတဲ့ ကိုယ်တွင်း ဖြစ်စဥ်များမှာ သူ့ကို လိုပါတယ်၊ ကြာရှည် အစားမစားနိုင်သူတွေမှာ ချို့တဲ့လွယ်ပါတယ်

ချို့တဲ့ပါက – ဆံပင်ကျွတ်များ လွယ်၊ အရေပြားများရောင်တတ်၊ ထုံ၊ကျဥ်လွယ်

Overdose – မရှိ

ကြွယ်၀သော အစားအစာ – နို့၊ အသား ၊ ဥအမျိုး

Vitamin B9 – Folic Acid

ဆဲလ်အသစ်များမှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါတယ်

ချို့တဲ့ပါက – ကိုယ်၀န်ဆောင်ပထမ ၃ လမှာမချို့တဲ့ဖို့ အရေးကြီးပါတယ် ၊ ဦးနှောက်ဆဲလ်အသစ်တွေ အာရုံကြောအသစ်တည်ဆောက်မှုမှာအရေးပါလို့ ဖောလစ်အက်စစ်ချို့တဲ့တဲ့ မိခင်မှမွေးသော ကလေးတွေမှာ ကျောရိုး မဆက်တာကဲ့သို့ အာရုံကြောမကြီး ပုံမှန်မဟုတ်သည်များနှင့် လွန်စွာဆက်စပ်မှုတွေ့ရှိရပါတယ်၊

သွေးအားနည်းတတ်ပါတယ်၊

အတက်ကျဆေး သောက်နေရသူတွေ၊ ငှက်ဖျားဆေးသောက်ရသူတွေ၊ ကင်ဆာဆေး သောက်ရသူတွေများ ဖောလစ်အက်စစ်အားနည်းတတ်

Overdose – မရှိ

ကြွယ်၀သော အစားအစာ – အစိမ်းရင့်ရောင်အသီးအရွက်များ ၊ နို့၊ အသည်း ၊ အာလူး

Vitamin B12

အသည်းမှာသိမ်းဆည်းနိုင်လို့ ရက်တို သတ်သတ်လွတ်စားရုံနဲ့ မချို့တဲ့ပါ

ချို့တဲ့ပါက အာရုံကြောအားနည်းတာ သွေးအားနည်းတာဖြစ်

Overdose – မရှိသလောက်နည်း

ကြွယ်၀သော အစားအစာ – အသားအမျိုးမျိုး ကလီစာများ ၊ ငါးများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here