ကလေးငယ်တွေဟာ သူတို့ကြီးထွားဖွံ့ဖြိုးလာတဲ့ အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး သူတို့ရဲ့ ကိုယ်စိတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အမူအကျင့်၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေပါ လိုက်ပါတိုးတက်ပြောင်းလဲလာကြပါတယ်။
ဒီလို တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နှောင့်နှေးနေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာတွေမှာ ပြဿနာရပ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။
ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လူမှုဝန်းကျင်မှာ မဝင်ဆံ့တာ၊ စာသင်ကြားရခက်ခဲတာအပြင် စိတ်ပိုင်းဆိုင်ရာရောဂါတွေကိုပါ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဖြစ်စေတတ်တာမို့ ဒီလိုလက္ခဏာရပ်တွေကို မိဘအုပ်ထိန်းသူတွေအနေနဲ့ သိရှိထားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ။
…
…
🔷 ကလေးငယ်နှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သော ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ (Developmental disorders)
🔺 အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကာယဖွံ့ဖြိုးမှုမရှိတာ၊ ပုံမှန်ဖွံ့ဖြိုးမှုမှတ်တိုင် (Developmental milestones) မပြည့်မီတာမျိုးတွေ…. ဥပမာ။ ကလေးသဘာဝ ပြုံးရယ်ခြင်း၊ ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ အခြားသူများနှင့် ဆက်သွယ်ခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေးခက်ခဲနေတတ်တဲ့အပြင် အိမ်သာအသုံးပြုပုံနဲ့ ဆီးဝမ်းစွန့်တာ သင်ကြားရခက်ခဲတာမျိုးတွေဟာ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေပါ။
.
🔺အသက် ၆ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးငယ်တွေမှာတော့ စာရေးစာဖတ် နောက်ကျတာမျိုး၊ ဒီအရွယ်ကလေးတွေ ပုံမှန်လုပ်ဆောင်နေနိုင်တဲ့ အဝတ်လဲလှယ်တာလို ရေချိုးသွားတိုက်တာလိုမျိုး တစ်ကိုယ်ရေလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ခက်ခဲနေတတ်တာမျိုးတွေဟာ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။
.
🔺အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အတွင်း အရွယ်အတွက်ကတော့ ကျောင်းတွင်းစာမလိုက်နိုင်တာ၊ သင်ကြားပို့ချမှုတွေကို နားလည်ဖို့ခက်ခဲတာ၊ လူမှုပေါင်းသင်းဆက်ဆံရေး (social interaction) နဲ့ အပြောင်းအလဲတွေကို လိုက်လျောညီထွေ ညှိနှိုင်းနေထိုင်နိုင်မှုမရှိတာ (adjusting to changes) စတာတွေ ဖြစ်ပါတယ်။
.
ဒီလိုမျိုး ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ (Developmental disorders) ရှိတဲ့ ကလေးငယ်တွေမှာ သက်ဆိုင်ရာအသက်အရွယ်အလိုက် လုပ်ကိုင်နေနိုင်သင့်တဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဖို့ခက်ခဲတတ်ပါတယ်။ လူမှုဝန်းကျင်မှာ လိုက်လျောညီထွေ ဝင်ဆံ့ဖို့ရာ ခဲယဥ်းပြီး အသက်အရွယ်အလိုက်ရှိသင့်တဲ့ ကိစ္စရပ်တွေအပေါ် စိတ်ပါဝင်စားမှုလည်း နည်းနေတတ်တာကို တွေ့ရတတ်ပါတယ်။
…
…
🔷 ကလေးငယ်နှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သော အမူအကျင့်ပိုင်းဆိုင်ရာပြဿနာများ (Behavioural disorders)
အသက် ၄ နှစ်ကနေ ၁၈ နှစ်အတွင်းရှိ ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေမှာ အောက်ပါအပြုအမူပိုင်းဆိုင်ရာပြဿနာတွေ တွေ့ရတတ်ပါတယ်။
🔺တက်ကြွလွန်းနေခြင်း (overactivity)
ဥပမာ။ အခန်းထဲပတ်ပြေးနေတတ်တာ၊ ငြိမ်ငြိမ်လေးထိုင်နေဖို့ကို ခက်ခဲနေတတ်တာ၊ စကားတွေ အလွန်ပြောနေတာ၊ ဂဏာမငြိမ် (restlessness) ဖြစ်နေတာ။
ဒီလိုတက်ကြွလွန်းနေပေမယ့် အာရုံစူးစိုက်မှုမကောင်းဘဲ အရာရာကို စိတ်ပါဝင်စားမှုနည်းနေပြီး တစ်ခုခုကို လုပ်နေရင်း ဆော့နေရင်းကနေ ချက်ချင်းဆိုသလို အခြားတစ်ခုကို ပြောင်းဆော့တတ်တာလိုမျိုး။
.
🔺စိတ်လိုက်မာန်ပါနဲ့ ကြိုတင်တွေးတောခြင်းမရှိဘဲ အကျိုးဆက်ကိုမစဥ်းစားဘဲ လုပ်ဆောင်ခြင်း (impulsivity)။
.
🔺ထပ်တလဲလဲအမူအကျင့်တွေ (repeated behaviours) ပြုလုပ်တာ၊ စကားနားမထောင်တာ၊ စိတ်အလိုမကျစိတ်ကောက်တတ်တာ၊ ဒေါသူပုန်ထတာ (tantrums)
ဒိီလိုအပြုအမူတွေကနေ ခိုးဝှက်တာလို အခြားသူတွေကို အနာတရဖြစ်အောင် ညှဥ်းပန်းတတ်တာ (cruel behaviour) လို အမူအကျင့်ဆိုးတွေထိ လုပ်ဆောင်လာတာမျိုး။
.
🔺ရွယ်တူကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ခက်ခဲတာ၊ သူငယ်ချင်းတွေကို ရှောင်ဖယ်တာ၊ ဒေါသကြီးတာ စတာတွေဟာ အမူအကျင့်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။
…
…
🔷 စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ (Emotional disorders)
🔺အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အတွင်း မြီးကောင်ပေါက်အရွယ်တွေမှာ စိတ်ဓာတ်ကျခြင်း (depression)၊ စိုးရမ်ပူပန်မှုလွန်ကဲခြင်း (anxiety)၊ ပူပန်သောကရောက်ခြင်း (distress)၊ စိတ်အနှောက်အယှက်ဖြစ်လွယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်လွန်းခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်းနှင့် ဒေါသပေါက်ကွဲခြင်း စတာတွေဟာ စိတ်ခံစားချက်ဆိုင်ရာပြဿနာတွေ ဖြစ်ပါတယ်။
ဒီလို ကျောင်းနေအရွယ်ကလေးတွေမှာ ကျောင်းမသွားချင်တာ၊ အာရုံစူးစိုက်ဖို့ခက်ခဲပြီး ကျောင်းစာမလိုက်နိုင်တာတွေလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။
.
🔺အသက် ၆ နှစ်ကနေ ၁၂ နှစ်ကလေးငယ်တွေမှာတော့ အစာအိမ်နာ၊ ခေါင်းကိုက်၊ မူးဝေပျို့အန် စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပြီး အရင်းစစ်ကြည့်မှ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရဲ့ အကျိုးဆက်လည်း ဖြစ်နေတတ်ပါတယ်။ လက်မစုပ်နေတတ်တာ၊ အိပ်ရာထဲ ဆီးဝမ်းစွန့်တာ စတဲ့လက္ခဏာရပ်တွေဟာ သင့်ကလေးမှာ စိတ်ဖိစီးစရာရှိနေနိုင်တဲ့ သတိပေးချက်တွေပါ။ ကျောင်းသွားဖို့ ဝန်လေးနေမယ်၊ ကျောင်းမသွားချင်ဘူး၊ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာလည်း အရှက်အကြောက်တအားကြီးနေမယ် စတာတွေကလည်း စိတ်ပိုင်းဆိုင်ပြဿာနာရဲ့ လက္ခဏာရပ်တွေပါပဲ။
.
🔺အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာတော့ အငိုသန်နေတာ၊ ကလေးငယ်ဟာ အုပ်ထိန်းသူကို မျက်စိအောက်က အပျောက်မခံတာ၊ ရှက်ရွံ့လွန်းပြီး အုပ်ထိန်းသူကလွဲပြီး လူကပ်မခံတာ၊ အစားအသောက်ကျွေးရခက်တာ၊ တခြားကလေးတွေလို ဆော့ကစားတာမရှိ၊ လက်မစုပ်နေတတ်တာ၊ အိပ်ရာထဲဆီးဝမ်းစွန့်တာ စတဲ့လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
…
…
ဒါကြောင့် အုပ်ထိန်းသူ ဖေဖေမေမေတို့အနေနဲ့ မိမိတို့ရဲ့ရင်သွေးငယ်တို့ ကောင်းမွန်စွာ ကြီးထွားရှင်သန်လူလားမြောက်လာဖို့ ပျိုးထောင်ရာမှာ မသိမဖြစ်သိသင့်သိထိုက်တဲ့ အကြောင်းအရာကို ဝေမျှပေးလိုက်ပါတယ်။
ပွင့်သောပန်းတိုင်းလန်းကြပါစေနော် 🌻
References 📚
https:// www. who. int / publications/i/item/9789241549790
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.