လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတဲ့သတင်းတွေ တွေ့ရတာကြောင့် ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်အောင် ကာကွယ်ရေးပညာရေးအနေနဲ့ လှုံ့ဆော်ရေးသားလိုက်ပါတယ်။ 

ရောဂါကို ကြိုတင်စိုးရိမ် အထိတ်တလန့်ဖြစ်ခြင်းထက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို သိမှတ် လိုက်နာခြင်းက ပိုမိုထိရောက်ပါတယ်။ 

ကာလဝမ်းအပါအဝင် ဝမ်းလျှောရောဂါ ကာကွယ်ရေးမှာ အောက်ဖော်ပြပါ သန့်ရှင်းရေးအချက် (၅) ချက်ကို လိုက်နာပါ။ 

(၁) ရေသန့်

သောက်ရေနဲ့ ဟင်းချက်ရာမှာ အသုံးပြုတဲ့ရေကို ရေသန့်ပုလင်းများ၊ ကလိုရင်းခတ်ထားသောရေ၊ ကျိုချက်ထားသောရေ သို့မဟုတ် သေချာစွာစစ်ထားသောရေကိုသာ အသုံးပြုပါ။ 

ရေပိုက်မှရေကို မကျိုချက်ဘဲ သောက်တာ၊ အပြင်မှာ ရောင်းချတဲ့ အလုံမပတ်ထားတဲ့ ရေဘူးများ၊ ခွက်များ သို့မဟုတ် အိတ်များနဲ့ထည့်၍ ရောင်းချတဲ့ အချိုရည်များနဲ့ ရေခဲများကို သောက်သုံးခြင်းမှ ရှောင်ပါ။ 

သောက်ရန်၊ သွားတိုက်ရန်၊ ဆေးကြောရန်နှင့် အစားအစာပြင်ဆင်ရန်အပြင် ရေခဲ သို့မဟုတ် အဖျော်ယမကာပြုလုပ်ရန်အတွက် ရေသန့်ကိုသာ အသုံးပြုပါ။ 

ရေသန့်မရရှိနိုင်ပါက မှန်ကန်စွာ ကလိုရင်းခပ်ထား‌‌ သော (သို့) ကောင်းစွာကျိုချက်ထားသော (သို့) စစ်ထုတ်ထားသောရေကို အသုံးပြုပါ။ 
.

🚨 ကလိုရင်းခတ်ခြင်း 

မိမိသောက်သုံးမယ့်ရေကို  ဒေသအလိုက်ရရှိနိုင်တဲ့ ကလိုရင်း ဆေးပြားများရဲ့ အညွှန်းအတိုင်း တိကျစွာ ဆေးခတ်ပြုပြင်ပြီးမှ သုံးစွဲပါ။  
.

🚨 ရေကျို ဆူပွက်အောင် ကျိုချက်ခြင်း

ကလိုရင်း မရနိုင်ပါက ပွက်ပွက်ဆူအောင် ကျိုခြင်းက ဘေးကင်းထိရောက်သော နည်းလမ်းဖြစ်ပါတယ်။ ရေကို ပွက်ပွက်ဆူပြီး တစ်မိနစ်ခန့် ဆူပွက်အောင် ထားပါ။ ပြီးလျှင် သန့်ရှင်းစွာသိုလှောင်ပြီး ယင်မနားအောင်၊ အညစ်အကြေးမဝင်အောင် ဖုံးအုပ်ထားပါ။ 
.

🚨 ရေစစ်ထုတ်ခြင်း

ရေကို pore size  0.3 microns နဲ့ညီမျှတဲ့ ရေစစ်နဲ့ စစ်ထုတ်ပြီး ကလိုရင်း၊ ကလိုရင်းဒိုင်အောက်ဆိုဒ် သို့မဟုတ် အိုင်အိုဒင်းကဲ့သို့သော ဆေးများနဲ့ ပိုးသတ်ရမှာ ဖြစ်ပါတယ်။ ပြီးလျှင် သန့်ရှင်း‌စွာသိုလှောင်ပြီး ဖုံးအုပ်ထားပါ။

(၂) လက်သန့် 

သန့်ရှင်းသော‌ ရေ၊ ဆပ်ပြာဖြင့် လက်ကို မကြာခဏ ဆေးကြောပါ။ 

  • အစားအစာ ချက်ပြုတ်မစားမီ၊ ချက်ပြုတ်ပြင်ဆင်နေစဉ်ကာလအတွင်းနှင့် ကိုင်တွယ်ပြီးချိန် 
  • အစာမစားမီနှင့် စားအပြီး
  • ကလေးငယ်ရှိလျှင် ကလေး၏အညစ်အကြေးကို သန့်ရှင်းရေးလုပ်ပြီးနောက်
  • အိမ်သာသွားပြီး‌နောက်
  • ဝမ်းလျှောရောဂါဖြစ်သူကို ပြုစုကိုင်တွယ်ပြီးနောက် တွေမှာ လက်ကို သေချာစွာဆေးကြောပါ။ 

ဆပ်ပြာနှင့် သန့်ရှင်းသောရေ သုံးစွဲနိုင်ခြင်းမရှိပါက အရက်ပျံကို အသုံးပြုပါ။ အနည်းဆုံး အရက်ပျံ ၆၀% ပါသော လက်သန့်ဆေးရည်ကို သုံးပါ။ 

(၃) အိမ်သာသန့် 

စနစ်တကျ သန့်ရှင်းစွာစီမံထားတဲ့ ယင်‌လုံအိမ်သာနဲ့ အညစ်အကြေးစွန့်ရန်နေရာများကို သုံးနိုင်ရင် အကောင်းဆုံးပါ။ ကလေးငယ်များ ဝမ်းသွားပြီး အညစ်အကြေးများကိုလည်း ထိုနေရာသို့ပင် ‌စနစ်တကျစွန့်ပါ။ ရေချိုးခန်းသွားပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ။ 

အကယ်၍ ယင်လုံအိမ်သာ မရှိတဲ့နေရာ ဖြစ်ပါက ရေတွင်းရေကန်များနဲ့ အနည်းဆုံး မီတာ ၃၀ (ပေ ၁၀၀) အကွာမှာ အညစ်အကြေးကိုစွန့်ပြီး မြေနှင့် သေချာစွာ ဖုံးအုပ်ပါ။ 

အညစ်အကြေးများကို အိတ်ထဲထည့်ထားလျှင် အိမ်သာများတွင်ပစ်ပါ သို့မဟုတ် မြေ၌မြှုပ်ပါ။ 

အိမ်သာအသစ်များ သို့မဟုတ် ယာယီအိမ်သာများ ပြုလုပ်မည်ဆိုပါက သုံးစွဲနေသည့် ရေအရင်းအမြစ်နေရာနှင့် အနည်းဆုံး မီတာ ၃၀ (ပေ ၁၀၀) အကွာတွင် မီတာဝက် (၁.၆ ပေ) အနက် အနည်းဆုံးရှိအောင် တူးပါ။

(၄) အစာသန့်

သစ်သီးဝလံများကို အခွံခွာပြီး သေချာစွာဆေးပြီးမှ စားပါ။ ဟင်းရွက်များကို သေချာမဆေးဘဲ အစိမ်းစားတာကို ရှောင်ကြဉ်ပါ။ အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေးစားပါ။ ပင်လယ်စာများ အထူးသဖြင့် ခရုများကို သေချာချက်ပြုတ်ပါ။ 

ယင်နားစာများ မစားပါနှင့်။ ယင်မနားအောင် ဖုံးအုပ်ထားပါ။ 

ဆားရည်နှင့်ဆေးခြင်း၊ ဆားရည်စိမ်ခြင်းဟာ ပိုးများကို ရာနှုန်းပြည့် မသေစေပါ။ ကာလဝမ်းရောဂါ (Cholera) ဟာ ဆားငန်ရည်ထဲမှာ ရှင်သန်နိုင်တာကို သတိပြုပါ။ သေချာစွာ ချက်ပြုတ်စားရန် လိုပါတယ်။ 

ဝမ်းရောဂါဖြစ်ပွားမှု များနေတဲ့အချိန်မှာ ဟင်းရွက်များကို အစိမ်းစားခြင်း၊ အသီးနှံများ အခွံမခွာဘဲ စားခြင်းကို ရှောင်သင့်ပါတယ်။ 

(၅) သန့်ရှင်းသော ပတ်ဝန်းကျင် 

အစားအစာ စားသောက်သည့် စားပွဲမျက်နှာပြင်များကို သေချာစွာသန့်စင်ပါ။

မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာ ချက်ပြုတ် ပြင်ဆင်သောနေရာကို ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် ဆေးကြောပါ။ ပြီးလျှင် ခြောက်သွေ့အောင် ထားပါ။ 

ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းကို သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးတွင်သာ ပြုလုပ်ပါ။ 

အိမ်သာများကို အညစ်အကြေးများ ဖယ်ရှားရန် ဆပ်ပြာရည်ဖြင့် သန့်စင်ပြီးနောက် အိမ်သုံးချေးချွတ်ဆေး Household bleach (၁) ဆ၊ ရေ (၉) ဆ ရောထားသော ပိုးသတ်ဆေးရည်နှင့်ဖြန်း၍ မိနစ် (၃၀) ခန့်ထားပြီး ပိုးသတ်ပါ။ 

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာစွန့်ပစ်ပါ။

ညစ်‌ပေနေသော ကော်ဇောအခင်းများကို ရေနွေးနှင့် ဆပ်ပြာဖြင့်သန့်စင်ပြီး အခြောက်ခံပါ။ 

သန့် ရှင်းရေးလုပ်ပြီးလျှင် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ။

  • ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် အတွက် အားဆေးကြိုသောက်ခြင်း၊ ပိုးသတ်ဆေး ကြိုသောက်ခြင်းများဟာ ထိရောက်မှုမရှိပါ။ သန့်ရှင်းရေးသာ နိုင်နိုင်လုပ်ရမှာ ဖြစ်ပါတယ်။ မိမိနှင့် မိမိဝန်းကျင်သန့်ရှင်းရေးအတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ကြဖို့သာ အရေးကြီးပါတယ် *

🚨 မိမိအိမ်မှာ ကာလဝမ်းရောဂါဖြစ်သူရှိလျှင် အခြားသူများကို မပြန့်ပွားအောင် ဘယ်လိုလုပ်သင့်သလဲ

အောက်ပါနည်းလမ်းများ လိုက်နာပါက ဖျားနာသူကို ပြုစုစောင့်ရှောက်နေရလျှင်လည်း ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးပါတယ်။ 

🔹သန့်ရှင်းရေး 

ရောဂါဖြစ်သူကို ပြုစုပြီးတဲ့အခါ၊ အဝတ်အစားများ အိပ်ရာများကို သန့်ရှင်းပြီးနောက်မှာ လက်ကို ဆပ်ပြာ၊ သန့်ရှင်းသောရေဖြင့် သေချာစွာ ဆေးကြောပါ။ ဖျားနာသူရဲ့ အိပ်ရာနဲ့ အဝတ်အစားများကို သောက်သုံးရေအရင်းအမြစ်များနှင့် ဝေးဝေးမှာလျှော်ဖွတ်ပါ။ ဖျားနာသူရဲ့ မစင်နှင့်အညစ်အကြေးများကို လက်ဗလာနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ ထိုအရာများကို အိမ်သာထဲတွင် စနစ်တကျ စွန့်ပစ်ပြီး အိမ်သာကို  ပိုးသတ်ပါ။ 

ဖျားနာသူအသုံးပြုသော အိမ်သာများကို သန့်စင်ပြီး သေချာစွာပိုးသတ်ပါ။ 

ရောဂါဖြစ်သူကို အစားအသောက် ချက်ပြုတ်ပြင်ဆင် ခြင်း မပြုစေပါနှင့်။ 

ကာလဝမ်းရောဂါ ကူးစက်သော နို့တိုက်မိခင်များဟာကလေးငယ်ကို ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။ 
.

🔹အဝတ်များ လျှော်ဖွတ်ခြင်း

ဖျားနာသူရဲ့ အဝတ်အစားနှင့် အိပ်ရာများမှတစ်ဆင့် ကူးစက်ခံရခြင်း ကင်းဝေးစေရန် လျှော်ဖွတ်ခြင်းကို အိမ်သုံးအ၀တ်လျှော်ဆပ်ပြာဖြင့် စက်ဖြင့်လျှော်ပြီးလျှင် နေရောင်အောက်တွင် ကောင်းစွာအခြောက်ခံပါ။ 

စက်နှင့်မလျှော်ပါက ရေပုံးကြီးတစ်ခုထဲတွင် အိမ်သုံး အဝတ်လျှော်ဆပ်ပြာနှင့် စိမ်ပြီးလျှင် (၁၀) မိနစ်ခန့်  အညစ်အကြေးများကို ဖယ်ရှားလျှော်ဖွတ်ပါ။ (လျှော်ဖွပ်ချိန်တွင် မျက်လုံးထဲသို့ အရည်နှင့် အညစ်ကြေးများ မစင်အောင် ဂရုစိုက်ပါ)

🔹အဝတ်များကို ပိုးသတ်ခြင်း

အဝတ်အစားနှင့် အိပ်ရာများကို ပွက်ပွက်ဆူနေသောရေထဲတွင် ၅ မိနစ်ခန့် ပြုတ်ပါ သို့မဟုတ် ကလိုရင်း 0.2% ဆေးရည်နှင့် ရေထဲတွင် အနည်းဆုံး ၁၀ မိနစ်ခန့် နှစ်မြှုပ်ပြီး ရေဆေးချပါ။ 

ကလိုရင်း 0.2% ဆေးရည် ကို အိမ်သုံးအစွန်းချွတ်ဆေး (liquid bleach) 4% ဖြင့် စတင်ပါက၊ အရောင်ချွတ်ဆေးကို ဆေး (၁) ဆ၊ ရေ (၁၉) ဆ အချိုးနှင့် ရောမွှေပြီး ဖျော်နိုင်ပါတယ်။ 
.

🔹အဝတ်များကို အခြောက်ခံခြင်း

အခြောက်ခံစက် (သို့) နေရောင်တွင် လှမ်း၍ အခြောက်ခံပါ။ 

🚨 အကယ်၍ မိသားစုထဲ ကာလဝမ်းရောဂါနှင့် အသက်ဆုံးရှုံးခဲ့သည်ရှိသော် 

ဈာပနအခမ်းအနားမှာ ပုံမှန်အတိုင်း မိမိချစ်ခင်ရသူရဲ့ ရုပ်အလောင်းကို ထိတွေ့ နှုတ်ဆက်ချင်တာမျိုး လုပ်ချင်ကြပါလိမ့်မယ်။   

ဒါပေမယ့် လူသေရုပ်အလောင်းမှတစ်ဆင့် ကာလဝမ်းရောဂါ ကူးစက်နိုင်ခြေဟာ အလွန်မြင့်မားပါတယ်။ 

ကူးစက်ပြန့်ပွားမှု လျော့ချရန်အတွက်…

  • ဈာပနမစမီနှင့် အသုဘအခမ်းအနားအတွင်း သင်ကိုယ်တိုင် သို့မဟုတ် အခြားသူများထံ ကာလဝမ်းရောဂါပျံ့နှံ့မှုအန္တရာယ်ကို လျှော့ချရန် အသုဘနှင့် သင်္ဂြိုဟ်ခြင်းကို တတ်နိုင်သမျှ မြန်မြန်ကျင်းပပါ။ (ဖြစ်နိုင်ရင် သေဆုံးပြီး ၂၄ နာရီအတွင်း)
  • ရုပ်အလောင်းကို ထိခြင်း၊ ကိုင်တွယ်နမ်းရှုံ့ နှုတ်ဆက်ခြင်းများကို ရှောင်ကြဉ်ပါ။ 
  • ရုပ်အလောင်းကို တတ်နိုင်သမျှ အနည်းဆုံးသာ ထိတွေ့ကိုင်တွယ်ပါ။ ပြီးလျှင် လက်ကို ဆပ်ပြာ၊ သန့်ရှင်းသောရေနှင့် သေချာစွာဆေးကြောပါ။  
  • ရုပ်အလောင်းနှင့်ပတ်သက်သည့်အရာများ လျှော်ဖွတ်သန့်စင်ခြင်းကို သောက်ရေအရင်းအမြစ်၏ အဝေးမှာ လုပ်ဆောင်ပါ။ 
  • လိုအပ်လျှင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါ။ 

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ရေဓာတ်ဆုံးရှုံးမှူကို ပြည့်ဝအောင် ပြန်ဖြည့်ရန် WHO အသိအမှတ်ပြု အချိုးအစားအတိုင်း ဖော်စပ်ထားသည့် ဓာတ်ဆားထုပ်များကို သန့်စင်သောရေဖြင့်ဖျော်၍ လုံ‌လောက်စွာ သောက်ပါ။ နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွား၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။ 

မပေါ့ဆပါနှင့်….။ 

အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ

Reference: 📚
https:// www. who. int / news-room/questions-and-answers/item/cholera-outbreaks

https:// www. cdc. gov / cholera/prevention/index.html

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here