ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စသဖြင့် အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
.
🚨 ဘာကြောင့် ဖြစ်ရတယ်
ပြင်းထန် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrio Cholerae ကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကြောင့် ကူးစက်ရခြင်း ဖြစ်ပါတယ်။
Vibrio cholerae ဘက်တီးရီးယားဟာ မျိုးကွဲပေါင်းများစွာရှိပေမယ့် မျိုးကွဲ O1 နဲ့ O139 ကသာ အစုလိုက်အပြုံလိုက် ပြန့်ပွားမှုတွေ ဖြစ်စေတာပါ။ မျိုးကွဲပေမယ့် ဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ အတူတူပါပဲ။
.
🚨 ရောဂါကူးစက်ပုံနှင့် လက္ခဏာများ
ရောဂါပိုးပါဝင်တဲ့ ရေ၊ အစားအစာ၊ ရောဂါကူးစက်ခံရသူရဲ့ အန်ဖတ်နဲ့ အညစ်အကြေးတွေကနေတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။ ကာလဝမ်းရောဂါနှင့် သေဆုံးသူကို လက်ဗလာဖြင့် ကိုင်တွယ်ခြင်းမှလည်း ကူးနိုင်ပါတယ်။
ရောဂါကူးစက်ခံရသူတွေတိုင်း လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမယ့် ဒီလူတွေရဲ့ဝမ်းထဲမှာ ရောဂါပိုးတွေဟာ (၁၀) ရက်ခန့်အထိ ပါဝင်နေတတ်ပြီး ဒါတွေကတစ်ဆင့် သူ့ပတ်ဝန်းကျင်ကို ရောဂါပြန့်ပွားနိုင်ပါသေးတယ်။
ရောဂါကူးစက်ခံရတဲ့သူများရဲ့ (၂၀)% ခန့်သာ လက္ခဏာပြပြီး ရောဂါလက္ခဏာ မပြင်းထန်တတ်ပေမယ့် တကယ်ဖြစ်လာပြီဆိုရင် လူနာ (၁၀) ယောက်မှာ (၁) ယောက်ခန့်ဟာ ရောဂါဆိုးရွား ပြင်းထန်နိုင်ပါတယ်။
ရောဂါကူးစက်ခံရသူအများစုမှာ ဝမ်းလျှောဝမ်းပျက်ဝေဒနာကို (၁၂) နာရီမှ (၅) ရက်အတွင်း စတင်ခံစားရတတ်ပြီး ဝမ်းလျှောဝမ်းပျက်ခြင်း အလွန်ပြင်းထန်ရင် နာရီပိုင်းအတွင်း ရေဓာတ်ဆုံးရှုံးမှုများပြီး ဒီလူတွေဟာ ဆေးကုသမှုမရရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။
အဓိက ရောဂါလက္ခဏာတွေအနေနဲ့…
- ဝမ်းအရည် ပမာဏများစွာသွားခြင်း ဖြစ်ပါတယ်။
(ဝမ်းဟာ ဆန်ဆေးရည်လို အရည်ဖြူနောက်နောက်တွေ ဖြစ်နေတတ်ပါတယ်) - ဗိုက်မအီမသာဖြစ်တာ၊ အန်တာနဲ့ ဆားဓာတ်ဆုံးရှုံးခြင်းကြောင့် ကြွက်တက် နုံးချိတာတွေလည်း ဖြစ်နိုင်ပါတယ်။
- ပြင်းထန်ဝမ်းလျှောခြင်းဟာ ပမာဏများတဲ့အတွက် အကြိမ်ရေမများရင်တောင် နာရီပိုင်းအတွင်း လူက နုံးခွေပြီး သွေးပေါင်ကျ၊ ဆီးနည်းတာ၊ ကျောက်ကပ်ပျက်တာ၊ shock ရတာတွေ ဖြစ်နိုင်ပါတယ်။ ကုသမှုမရရင် သေဆုံးနိုင်ပါတယ်။
.
🚨 ရောဂါပြင်းထန်မှု ပိုဖြစ်နိုင်သူတွေကတော့
- ဆီးချိုရောဂါ စတဲ့ရောဂါအခံရှိသူများ
- အစာအိမ် ခွဲစိတ်ဖြတ်တောက်ထားသူများ
- အစာအိမ်အက်ဆစ်ဓာတ် မလုံလောက်သူများ (Achlorhydria) ဖြစ်ပါတယ်။
.
🚨 ဂရုစိုက်ရန်လိုအပ်ခြင်း
ကာလဝမ်းရောဂါ ကူးစက်မှုဟာ သန့်ရှင်းသောရေနှင့် အိမ်သာများ လုံလောက်စွာမရရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ လူနေထူထပ်တဲ့ မြို့ပြရပ်ကွက်များအပြင် စစ်ဘေးရှောင်စခန်းများ၊ ဒုက္ခသည်စခန်းများ၊ ကျောင်းများ၊ လူအများစုဝေးနေထိုင်ရာ နေရာများလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ရေကြီးရေလျှံတဲ့နေရာတွေလည်း သတိထားဖို့လိုပါမယ်။
.
🚨 ရောဂါရှာဖွေကုသခြင်း
ကာလဝမ်းရောဂါလို့ သံသယရှိရင် ဝမ်းနမူနာကို ဓာတ်ခွဲခန်းပို့စစ်ပြီး Cholera ရောဂါပိုး ဟုတ်/မဟုတ် ရောဂါရှာရမှာဖြစ်ပါတယ်။
ရောဂါဟာ ပြင်းထန်နိုင်ပေမယ့် ကုသမှုအလျင်မီရင် လွယ်ကူစွာ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါကုသနည်းများကတော့….
💉 ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်ဖြည့်ခြင်း
ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်လွန်းတဲ့အတွက် ရေဓာတ်ပြန်ပြည့်အောင် ဝမ်းလျှောတာနဲ့ ဓာတ်ဆားရည် လုံလောက်စွာသောက်ခြင်းကို မမေ့မလျော့ ပြုလုပ်ရပါမယ်။
WHO က သတ်မှတ်ထားတဲ့ အချိုးအစားရှိတဲ့ ဓာတ်ဆားထုပ် တစ်ထုပ်ကို ရေတစ်လီတာနဲ့ ဖျော်ရပါမယ်။ ရောဂါအသင့်အတင့်ပြင်းထန်တဲ့ လူနာဟာ ပထမဆုံးဝမ်းလျှောတဲ့နေ့မှာ ဓာတ်ဆားရည် (၆) လီတာခန့်အထိ ရေနဲ့ဓာတ်ဆား ပြန်ဖြည့်တင်းပေးဖို့ လိုတတ်ပါတယ်။
ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်တဲ့ သွေးလန့်လူနာများမှာတော့ သွေးကြောကနေတစ်ဆင့် ဓာတ်ဆားနဲ့ရေကို ပြန်လည်ဖြည့်တင်းကုသဖို့ (IV treatment) လိုပါတယ်။
ဆုံးရှုံးသွားတဲ့ရေဓာတ်ကို အချိန်မီသေချာစွာ ဖြည့်တင်းနိုင်လျှင် ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့လူနာကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဓာတ်ဆားရည်မရခဲ့သော် ရနိုင်တဲ့ သန့်ရှင်းသော အရည်များ (စွပ်ပြုတ်၊ ဆန်ပြုတ်၊ အုန်းစိမ်းရည်) ကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတဲ့ Energy drink လို ဖျော်ရည်တွေတော့ မသောက်သုံးသင့်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေပါတယ်။
စစ်ရှောင်ဒေသတွေနဲ့ အခြား ဓာတ်ဆားထုပ် အလွယ်တကူမရရှိနိုင်တဲ့ ဒေသတွေမှာ သကြား လက်ဖက်စားဇွန်း (၆) ဇွန်းနဲ့ ဆား လက်ဖက်စားဇွန်းရဲ့ တစ်၀က်ကို သန့်ရှင်းတဲ့ရေ တစ်လီတာနဲ့ဖျော်ပြီး ဓာတ်ဆားရည်ကို ဖန်တီးနိုင်ပါတယ်။
.
💉 ပိုးသတ်ဆေး
ဝမ်းလျှောတိုင်း ပိုးသတ်ဆေးမပေးပေမယ့် ဒီလိုလူနာများမှာ သင့်လျော်တဲ့ ပိုးသတ်ဆေးပေးဖို့ လိုတတ်ပါတယ်။ ပိုးသတ်ဆေးများက ဝမ်းပျက်ဝမ်းလျှောတဲ့ ကြာချိန်ကို လျှော့ချပေးနိုင်ပြီး၊ လိုအပ်သော ရေဓာတ်ပမာဏကိုလည်း လျော့နည်းစေပါတယ်။ ဝမ်းထဲ Vibrio Cholerae စွန့်ထုတ်တဲ့ ပမာဏနဲ့ကြာချိန်ကိုလည်း တိုစေပါတယ်။ ပိုးသတ်ဆေးတစ်ခုထဲက ကုသမှုမဟုတ်ဘဲ ရေဓာတ်ဖြည့်တင်းခြင်းကိုပါ တွဲဖက်လုပ်ဆောင်ရပါမယ်။ ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမယ်။
.
💉 ဝမ်းလျှောလည်း အစာမဖြတ်ရပါ
သန့်ရှင်းစွာ ပြင်ဆင်ထားတဲ့ အစားအသောက်များကို စားနိုင်ပါတယ်။
အစားစားနိုင်သူဟာ အစာကြေလွယ်တဲ့ အစာပျော့ပျော့ ပူပူနွေးနွေး စားပါ။ အရည်များများသောက်ပါ။ ကလေးငယ်များကို နို့ရည် ဆက်လက်တိုက်ကျွေးပါ။
.
💉 Zinc ဆေးပြား
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ Zinc ဟာ ဝမ်းလျှောတဲ့ကြာချိန်ကို လျော့စေပြီး နောက်ထပ် ထပ်ဖြစ်တာကို ကာကွယ်ပေးနိုင်တဲ့အတွက် အသက် (၅) နှစ်အောက် ကလေးတွေမှာ ကုသမှုတစ်ခုအနေနဲ့ ထည့်သွင်း အသုံးပြုပါတယ်။
.
💉 ပိုးသတ်ဆေး ကြိုသောက်ခြင်း မပြုရပါ
မိမိသဘောအလျောက် ဝမ်းလျှောမှုကာကွယ်အောင် ပိုးသတ်ဆေး ကြိုသောက်တာမျိုးကိုတော့ လုံးဝ မလုပ်သင့်ပါ။ မထိရောက်တဲ့အပြင် ပိုးသတ်ဆေးယဉ်ပါးမှုကိုပါ တိုးလာစေနိုင်တဲ့အတွက် ပြင်းထန်ရောဂါပိုးတွေ ပိုလို့ ပွားစေနိုင်ပါတယ်။
ကာလဝမ်းရောဂါဖြစ်တယ်လို့ သံသယရှိလျှင် နီးစပ်ရာကျန်းမာရေးဌာနမှာ ဆေးကုသမှု အမြန်ဆုံးခံယူပါ။ ကျန်းမာရေးဌာနသို့ သွားနေစဉ် လမ်းခရီးမှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းရန် ဓာတ်ဆားရည် လုံလောက်စွာ သောက်သုံးပါ။
.
🚨 မိမိ သို့မဟုတ် မိသားစုပတ်ဝန်းကျင်တွင် ကာလဝမ်းရောဂါဖြစ်ပွားသည်ဟု သံသယရှိလျှင်
ပထမဆုံး အရမ်းထိတ်လန့်မသွားပါနဲ့။ ရောဂါဟာ အချိန်မီကုသမှုရရင် ထိန်းနိုင်၊ ပျောက်ကင်းနိုင်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းရန် ဓာတ်ဆားနှင့် အရည်များများသောက်ပါ/ တိုက်ကျွေးပါ။ လက်ကို သေချာဆေးပါ။ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပါ။
တကယ်လို့ ပျို့အန်ခြင်းကြောင့် ပါးစပ်မှတစ်ဆင့် မသောက်သုံးနိုင်လျှင် သို့ ဝမ်းလျှောတာ ပြင်းထန်လျှင် ပိုလို့အရေးကြီးပါတယ်။ ဆေးကုသမှု အမြန်ဆုံးခံယူရပါမယ်….။
.
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Reference: 📚
https:// www. cdc. gov / cholera
https:// www. who. int / news-room/fact-sheets/detail/cholera
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.