နွေရာသီနှင့် မိတ်ဖုယားနာ
☀️ နွေရောက်ပြီဆိုတော့ နွေနေပူပူနဲ့ အတူတွဲပြီး ကြုံရလေ့ရှိတာကတော့ မိတ်ပေါက်ခြင်းပါပဲ။ မိတ်က ဘာလို့ပေါက်ရတယ်။ ဘယ်သူတွေမှာ အဖြစ်များတယ်။ မိတ်ပေါက်တဲ့အခါ ဘယ်လိုကုသရမယ် စတာတွေကို လေ့လာဖတ်ရှုရင်း နွေရာသီမှာ အဖြစ်များလှတဲ့ မိတ်ယားနာကို အနိုင်ယူကြရအောင်နော်….
…
…
☀️ မိတ်ဘာလို့ပေါက်ရသလဲ….
မိတ်ပေါက်တာဟာ အဖြစ်များလှတဲ့ အရေပြားယားနာတစ်ခုပါ။ မွေးကင်းစကလေးငယ်တွေ၊ ကလေးသူငယ်တွေနဲ့ လူကြီးပါမကျန် ကျား/မ မရွေး မိတ်ပေါက်နိုင်ပါတယ်။
– အဓိကအားဖြင့် ချွေးပေါက်တွေ ပိတ်ဆို့ရင်
– အပူပိုင်းဒေသတွေမှာ နေထိုင်ရင်
– ပူနွေးစိုစွတ်တဲ့ ရာသီဥတုအခြေအနေနဲ့ ကြုံရရင်
– လေဝင်လေထွက် မကောင်းတဲ့၊ ထူထပ်သိပ်သည်းတဲ့ အဝတ်အစားတွေ မကြာခဏဝတ်မယ်ဆိုရင်
– အပြင်းအထန် ကိုယ်လက်လှုပ်ရှားတာမျိုး လုပ်လေ့ရှိပြီး ချွေးထွက်များတတ်ရင် မိတ်ပေါက်နိုင်ပါတယ်။
မွေးကင်းစကလေးငယ်တွေမှာတော့ မပြည့်စုံမဖွံ့ဖြိုးသေးတဲ့ ချွေးပေါက်တွေကြောင့် ချွေးပေါက်ပိတ်ဆို့ခြင်းကို ဖြစ်စေပြီး မိတ်ပေါက်စေနိုင်ပါတယ်။
…
…
☀️ ဒါ့အပြင် မိတ်ပေါက်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။
ဘာတွေလဲဆိုတော့
– မျိုးရိုးလိုက်တာ
– ဆေးဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရတာ
– ဓာတ်ရောင်ခြည်သုံးပြီး ကုသမှုခံယူရတာ (Radiotherapy)
– ကင်ဆာဆေးသွင်းပြီး ကုသမှုခံယူရတာ (Chemotherapy)
– တခြားအရေပြားရောဂါတွေနဲ့ တွဲပြီးဖြစ်တာ (ဥပမာ – Stevens-Johnson syndrome) စတာတွေကြောင့်လည်း မိတ်ဖု/အပူဖုတွေကို ဖြစ်စေတတ်ပါသေးတယ်။
…
…
☀️ မိတ်ဖုရဲ့ သဘောသဘာဝက ဘယ်လိုရှိသလဲ….
မိတ်ဖုလေးတွေဟာ အရေပြားပေါ်က အရေကြည်အလုံးငယ်ကလေးတွေ ဖြစ်ပါတယ်။ ချွေးလုံးကလေးတွေ စီထားသယောင်ပုံစံရှိပြီး မျက်နှာ၊ လည်ပင်း၊ ကျောပြင်အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားမှာ ပေါက်တတ်ပါတယ်။ မိတ်ပေါက်တဲ့ အရေပြားနေရာဟာ နီရဲရဲဖြစ်နေတတ်ပါတယ်။
…
…
☀️ ဒါဆိုရင် မိတ်ပေါက်ခြင်းရဲ့ရောဂါလက္ခဏာလေးတွေကို လေ့လာကြည့်ရအောင်….
မိတ်ပေါက်တာဟာ တစ်ခါတလေ ယားယံစေပြီး စိတ်ကသိကအောက် ဖြစ်စေတတ်တာကလွဲလို့ ထူးထူးခြားခြား ဒုက္ခမပေးလှပါဘူး။ ဒါပေမယ့် မိတ်ဖုတွေကို ထိုးတာ၊ ဆွတာ၊ ကုတ်ဖဲ့တာတွေ လုပ်မိရင်တော့ ပိုးဝင်ပြီး ပြည်တည်နာဖြစ်စေတတ်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်နော်။
…
…
☀️ ဒါကြောင့် မိတ်ပေါက်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုလည်း သိထားသင့်ပါတယ်။
– ချွေးထွက်များတာက မိတ်ပိုပေါက်စေတတ်တာမို့ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစား၊ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။
– ထူထဲသိပ်သည်း၊ ကျပ်ထုပ်နေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာမျိုးကို ရှောင်ပါ။
– ဆပ်ပြာအပါအဝင် အရေပြားအလှကုန်တွေကို အလွန်အကျွံသုံးစွဲရင်လည်း မိတ်ဖုတွေကို အခြေအနေပိုဆိုးစေတတ်တာမို့ ချင့်ချိန်သုံးသင့်ပါတယ်။
– လေဝင်လေထွက်ကောင်းတဲ့၊ အေးမြတဲ့နေရာမှာသာ အလုပ်လုပ်တာမျိုး၊ အိပ်စက်တာမျိုးကို လုပ်စေချင်ပါတယ်။
– ရေအေးအေးနဲ့ ရေချိုးပေးပါ။
– ပတ်ဝန်းကျင်အပူကို လျှော့ချပါ။ (ဥပမာ – ယပ်ခပ်တာ၊ လေအေးပေးစက်ဖွင့်တာ စတာတွေကို လုပ်ပေးပါ။)
– မိတ်ဖုကို ထိုးတာ၊ ဆွတာ၊ ကုတ်ဖဲ့တာ စတာတွေကို ရှောင်ရပါမယ်နော်။
…
…
☀️ မိတ်ဖုကနေ ပြည်တည်တာအပါအဝင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင်တော့ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ပြသရမှာပါ။ ဆရာဝန်က သောက်ဆေး၊ လိမ်းဆေး၊ ပိုးသတ်ဆေးတွေကို လိုအပ်သလို ညွှန်ကြားပြီး ကုသပေးပါလိမ့်မယ်။
နွေရာသီမှာ အဖြစ်များလှတဲ့ မိတ်ယားနာကို အံတုနိုင်ကြပါစေ….။
Reference: ????
Dermnet | Miliaria
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.