ဒေါက်တာလီယိုနှင့် ဇိုးဘဲများ

0
187

“ ဒေါက်တာလီယိုနှင့် ဇိုးဘဲများ”

ဂျီပီဆရာဝန်အနေနှင့် ကုသပေးရသော အရက်သမား လူနာတို့မှာ များလှပြီ။ များလွန်းလို့ အရက်သမားဆိုရင် မျက်စိမှိတ် ကုလို့ရပြီ… အခုလည်း လာပါပြီ။

ကိုယ်တော်ချောက အသက် ၃၀ ကျော်… ပိန်ပိန်ပါးပါး၊ ကတုန်ကယင်၊ အစာမဝင်ဘူး၊ စားချင်စိတ် မရှိဘူး၊ ဗိုက်အောင့်တယ်၊ အိပ်မပျော်ဘူး.. ခြေလက်ထုံတယ်။

စမ်းသပ်လိုက်တဲ့အခါ မျက်လုံးမဝါသေး၊ သွေးမအန်သေး၊ ဝမ်းအမည်း မသွားသေး၊ ညာဘက် နံရိုးအောက်မှာ နာတယ်။

ကုသမှုက Drip ချိတ်၊ ဗီတာမင် B1 ပါအောင်ပေး။ အစာအိမ်ဆေးပေး…အအန်ပျောက်ဆေးပေး…ဒိုင်ယာဇီပင် ပေး။

ဒီအထိ အားလုံး အိုကေပါပဲ။ ဒါပေမဲ့ လူနာရှင်တို့ရဲ့ ထုံးစံအတိုင်း လူနာအား အရက်ဖြတ်ဖို့ တိုက်တွန်းစေချင်တယ်။

“ ဆရာပြောမှ ရတာ။ သူက ကျမတို့ဆို နားမထောင်ဘူး” စသဖြင့် ကြားနေကျ။ ဂျီပီတစ်ယောက်ရဲ့ သက်တမ်းမှာတော့ ကိုယ်ပြောလိုက်လို့ အရက်ပြတ်တဲ့ လူနာမတွေ့ဖူးပါ။

“ ဒီမယ်… ကျွန်တော် ပြောပြမယ်။ ငါ့နှမ ယောက်ျားက နေပြန်ကောင်းရင် ပြန်သောက်မှာ။ အခုတော့ ငါ မသောက်တော့ဘူး၊ ဘာညာ ပြောလိမ့်မယ်။ အရင် နှစ်ခါလောက်လည်း အခုလိုဖြစ်လို့ ဆရာနဲ့ တွေ့ပြီး ဖြတ်မယ် ပြောတာပဲလေ။ ဟုတ်တယ် မလား”

“ ဟုတ်ပါတယ် ဆရာ”

“ ဆရာက မင်း မသောက်နဲ့ ဆိုပြီး အခန်းထဲလည်း ထည့်ချုပ် မပေးထားနိုင်ဘူး။ နေကောင်းလို့ သူ လမ်းလျှောက်နိုင်ရင် လမ်းပေါ်ထွက်၊ ဘယ်ဆိုင် အရက် သွားဝယ်ဝယ် ရောင်းမှာပဲ။ ၁၈ နှစ်မပြည့်သေးတဲ့သူတောင် ရောင်းပေးနေတဲ့နိုင်ငံမှာ ဘယ်သူကမှ မရောင်းဘူးဆိုပြီး မငြင်းဘူး။ ဒါဆို ဘယ်သူတားနိုင်မလဲ”

“ မတားနိုင်ပါဘူး ဆရာ”

“ ဟုတ်တယ်။ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မတားနိုင်ဘူး”

ထိုအချိန် လူနာက ထပြောတယ်။

“ ဆရာ ကျွန်တော့် ညာဘက်နံရိုးအောက်က အောင့်တယ်”

“ ဟုတ်တာပေါ့ဗျာ… ညာဘက်မှာ အသည်းရှိတယ်။ အရက်က အသည်းကို ထိတယ်လေ။ ဒါကြောင့်မို့ အောင့်တာ”

“ အရက်ကြောင့် ဆရာ။ သူတင်မကဘူး… ကျွန်မတို့ပါ အသည်း ထိနေပါပြီ။ ကလေးငယ်လေး ၂ယောက်ဆိုလည်း ဖအေက အရက်သမားဆိုတော့ သူငယ်ချင်းတွေကြား မျက်နှာငယ်ရတယ် ဆရာ။ ပြီး သူ ဒီပုံစံအတိုင်း ဆက်သောက်နေရင် အသက်ငယ်ငယ်နဲ့ သေမှာ။ ကျွန်မလည်း မုဆိုးမဖြစ်… ကလေးတွေလည်း အားကိုးရာမဲ့။ အရက်က မိသားစုရဲ့အသည်းကို ထိတာပါပဲ ဆရာ” လို့ လူနာရဲ့ဇနီး ဝင်ပြောတယ်။

“ ဟာ မှန်လိုက်တာဗျာ”

ထိုလူနာပြန်ပြီးနောက် ဂျီပီဆရာဝန် တွေးမိတယ်။

“ အရက်က လူတွေရဲ့ အသည်းကို ထိခိုက်တယ်။ သူ့မိသားစုရဲ့ အသည်းကိုလည်း ထိခိုက်တယ်။ ပြီးတော့

လူငယ်လေးတွေကို အားကိုးနေရတဲ့ နိုင်ငံတော်ရဲ့ အသည်းကိုလည်း ထိခိုက်တယ်…

အရက်ကြောင့် ပျက်စီးရသော မိသားစုများ နည်းပါစေ”

LEAVE A REPLY

Please enter your comment!
Please enter your name here