“ကျိန်စာသင့် အဖြူရောင်မင်းသမီးလေး”
==============================
အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်က ဒေါက်တာနို ပါ။ ပျောက်နေတာတော့ ကြာပါပြီ။ တော်လှန်နယ်မြေတွေထဲမှာ ခရီးတွေပတ်ထွက်နေတာမို့လို့ ပျောက်နေတာပါ။ အခုတော့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ပြန်လာပါပြီခင်ဗျ။ အားလုံးပဲ မီးလေး တစ်ချက်မှိတ်ပေးပါ…
(မှိတ်စရာ မီးမလာတာကိုတော့ ကြင်စိုးကို မေတ္တာသာ ပို့ကြပါခင်ဗျ)
…
…
ဒီဇာတ်လမ်းလေးက မနှစ်က အခုလိုအချိန်မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်ရှိနေတဲ့နေရာတွေမှာက စားစရာတွေကို ကျွန်တော်တို့မြို့ပေါ်မှာလို ဝယ်စားကြတာမဟုတ်ပါဘူး။ စိုက်ကြတယ်၊ မွေးကြတယ်၊ အဲ့လို မလုပ်ဖြစ်ရင်တောင် တောင်ယာ/လယ်ထဲသွားရင်း တွေ့တဲ့ အသီးအရွက်တွေ ခူးလာပြီး စားကြတဲ့ ဓလေ့လေးတွေ ရှိတဲ့နေရာပေါ့။ လတ်လတ်ဆတ်ဆတ်နဲ့ မြေသြဇာတွေ မပါဘဲ သဘာဝကို နီးနီးကပ်ကပ် ခံစားသိရှိနိုင်တဲ့ နေရာတွေလို့ ပြောရမှာပါ။
မိုးလေးတွေ တစ်ပြိုက်နှစ်ပြိုက်လောက် ကျလာပြီဆိုရင် နွေရာသီတစ်ခုလုံး ရွက်ဟောင်းတွေ ကြွေကျနေတဲ့ အပင်တွေက အဖူးလေးတွေ၊ ရွက်နုလေးတွေဝေပြီး သာယာလာတော့တာပေါ့။ ရွက်နုလေးတွေ၊ အဖူးလေးတွေကလည်း စားလို့အရသာရှိချက်။ အခုပြောပြမယ့် ဇာတ်လမ်းလေးက အစားမတော်တစ်လုပ်လို့ ပြောလို့ရတဲ့ ဇာတ်လမ်းလေးပါပဲ။
.
အဲ့ဒီနေ့က ကျွန်တော့ဂျူတီတော့ မဟုတ်ဘူး။ ဆိုတော့ကာ နားတဲ့နေရာမှာ အေးအေးဆေးဆေး နားနေတဲ့ အချိန်ပေါ့။ ကျွန်တော်တို့ ဝန်ထမ်းတွေအချင်းချင်း သတင်းစကား ဖလှယ်ဖို့လုပ်ထားတဲ့ group chat ထဲကို သတင်းတစ်ခု ရောက်လာတယ်။ ကျွန်တော်တို့ရှိတဲ့နေရာကနေ တစ်နာရီလောက်သွားရတဲ့ နေရာတစ်ခုက ပြည်သူချစ်တဲ့ရဲဘော်လေးတွေ အယောက်သုံးဆယ်လောက် အစုလိုက်အပြုံလိုက် မူးဝေအော့အန်နေလို့ လာပြကြမှာတဲ့။ ဘာစားထားလဲ မေးလိုက်တော့ အဖြေက ရနေပါပြီ။
ဒါမျိုးက Outbreak လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ “အစုလိုက်အပြုံလိုက် ပြဿနာတစ်ခုတည်း ဖြစ်ပေါ်ခြင်း” ပါပဲ။ ဒါမျိုးကို ကုသရတာပဲဖြစ်ဖြစ်၊ စီစဉ်ရတာပဲဖြစ်ဖြစ် သာမန်လုပ်ရိုးလုပ်စဉ်လို လုပ်နေလို့ မရပါဘူး။ သတ်မှတ်ထားတဲ့ မူတွေ၊ လုပ်ထုံးလုပ်နည်းတွေ အများအပြားကို ထုတ်သုံးရပါတယ်။ လူနာတွေ အများအပြားစုပြုံပြီး ရောက်လာရင် ဘယ်သူ့ကို အရင်ဆုံး ကုသပေးမလဲ၊ ဘယ်သူ့ကိုတော့ ခဏစောင့်ခိုင်းလို့ရမလဲ၊ ဘယ်သူ့ကို အိမ်ပြန်ပို့လို့ရမလဲ စသည်ဖြင့် အဆင့်ဆင့် ဆုံးဖြတ်ရတာပါ။
သတင်းစကားရပြီးတာနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြရပါတယ်။ လိုအပ်မယ့်ဆေးတွေကို ကြိုစုပ်ထားတဲ့ ဆရာမလေးတွေရယ်၊ အသင့်ပြင်ပြီး မှတ်တမ်းရေးစရာတွေနဲ့အတူ စောင့်နေတဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေရယ်၊ ဆေးတွေကို မပြတ်လပ်အောင် စတိုထဲကနေထုတ်ပေးမယ့် ဆေးစတိုတာဝန်ခံရယ်၊ ဓာတ်ခွဲခန်းတာဝန်ခံတွေရယ်နဲ့ ဆေးရုံထဲမှာ ခြေချင်းကို လိမ်နေတာပေါ့။
.
အချိန်ရရင် Triage System (အရေးကြီးလူနာကို စနစ်တကျ ခွဲခြားနည်း) ကို သင်ပေးမယ်ဆိုပြီး လုပ်နေတုန်း ကားတွေရောက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ အားလုံးက team လေးတွေခွဲပြီး ကိုယ့် team နဲ့ကိုယ် လိုတာတွေ လုပ်ပေးကြတာပေါ့။ ကျွန်တော်တို့က အမြန်ဆုံးနှုန်းနဲ့ စမ်းသပ်၊ လုပ်ရမယ့်ဟာတွေကို ညွှန်ကြား၊ ဆရာမလေးတွေက အပ်ထိုး၊ ဆေးထိုး၊ ပုလင်းချိတ် စတာတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပေးကြပါတယ်။
ကျွန်တော့ဆီရောက်လာတဲ့ လူနာတွေက အဆိုးတွေများတယ် (အရင်တုန်းကဆို ကျွန်တော်က case လိုက်တယ်ဆိုပြီး ဂျူတီမဆင်းချင်တဲ့ သူတွေတောင်ရှိသေး)။ သွေးပေါင်တွေ ကျနေတာ၊ တရစပ် အန်နေတာ၊ ဗိုက်တွေ တအားနာနေတာ စတာတွေအများကြီးပေါ့။ ပုံမှန်ထက် စကားကို ကျယ်ကျယ်ပြောရ၊ ပြတ်ပြတ်ပြောရပါတယ်။
အဲ့ထဲက တစ်ယောက်ကတော့ တကယ့်စံပါပဲ။ ရောက်လာကတည်းက တစ်ကိုယ်လုံး အေးစက်ပြီး ကယောင်ကတမ်းတွေ အော်နေတာ။ သူက အကြီးအကဲ တစ်ယောက်လည်းဖြစ်တော့ ကျန်တဲ့ လူငယ်တွေထက်လည်း တောင့်တယ်၊ အကောင်ပိုကြီးတယ်။ ကျွန်တော်ပြောတာလည်း သူ နားထဲမဝင်ဘူး။ သေခါနီးအချိန်မျိုးနဲ့ ကြုံရရင် လူရဲ့ တုံ့ပြန်တတ်တဲ့ သဘာဝအတိုင်း ဖြစ်နေတာပေါ့။ ခုတင်ပေါ်မှာ ရုန်းကန်နေလို့ ဘေးနားက ငါးယောက်လောက် ဝိုင်းပြီး ချုပ်ထားပေးရတယ်။ မဟုတ်ရင် သူတစ်ချက်ကန်လိုက်ရင် ကျွန်တော် ထောင့်ကပ်သွားမှာကိုး ????
သွေးပေါင်ချိန်က လက်နဲ့ပဲ တိုင်းလို့ရတယ်။ မကြားရဘူး။ တိုင်းနေတုန်းတောင် သူက ထိုးအန်တယ်။ အအန်ပျောက်ဆေးတွေရော၊ တခြားလိုအပ်တဲ့ ဆေးတွေ အများကြီး ထိုးရပါတယ်။ “Cannula (အပ်) နှစ်ချောင်းထိုးပေးပါ။ Double line run ပေးပါ (ပုလင်းနှစ်လုံးပြိုင်တူချိတ်ပါ)” ဆိုပြီး အော်ပြောရတယ်။ အပ်ထိုးတော့ ဆဲပါလေရော။ ငါတွေနဲ့ကို ကိုင်တုတ်တာ။ ဒါကလည်း ဖြစ်တတ်တဲ့သဘောပဲ။ သတိတရား လွတ်နေတဲ့အချိန်မှာ အဲ့လိုတွေ ဖြစ်တတ်တယ်ဆိုတာ ခဏခဏကြုံဖူးတော့ ကျွန်တော်တို့က မမှုပါဘူး။ ဘေးကသူတွေကတော့ အားတွေနာလို့ပေါ့။
သူတို့ စားထားတဲ့အရာထဲကပါတဲ့ အဆိပ်ရဲ့ဆိုးကျိုးတွေကို ဖျက်နိုင်တဲ့ဆေးတွေ တစ်လုံးပြီးတစ်လုံး ထိုးရတာပါပဲ။ လိုချင်တဲ့အခြေအနေ မရောက်မချင်း ထိုးခိုင်းဖြစ်တယ်။ အဲ့ဆေးက နှလုံးခုန် မြန်စေတယ်၊ အာခေါင်ခြောက်စေတယ်။ သူငယ်အိမ်ကို ကျယ်စေတယ်။ လူနာတွေအတွက်က နှလုံးခုန်မြန် (ရင်တုန်) တာနဲ့ အာခြောက်တာက ခံရတော့ခက်စေတယ်။ ဒါပေမယ့် ဒီဆေးသာ နိုင်အောင်မထိုးနိုင်ရင် အသက်ကို ပေးလိုက်ရမှာ။
ဖြေဆေးက အရင်ကလို နှစ်မျိုးလုံး သုံးလို့မရဘူး။ တစ်မျိုးပဲရတာ၊ ကျန်တဲ့တစ်မျိုးက ဒီလိုနေရာမှာ ခက်ခဲလွန်းတယ်။ ဆိုတော့ကာ မရှိ ရှိတာနဲ့ ဆွဲရတာပါပဲ။ မေးရင်းကုရင်း လုပ်ရပါတယ်။ သူ အများဆုံး စားမိတာတဲ့။ ဦးဦးဖျားဖျားဆိုတော့ ဆရာဖြစ်သူကို ကျွေးချင်ကြတဲ့ စေတနာကြောင့် အများဆုံးစားဖြစ်သွားတာ နေမယ်။ အများဆုံးစားမိတော့ အဆိုးဆုံးတွေ ဖြစ်တော့တာပေါ့လေ။ ပုလင်းကြီး ခြောက်လုံးအကုန်မှာ သွေးပေါင်ချိန်လေး ပြန်ရလာတယ်။ သူလည်း ငြိမ်လာတာပေါ့။ ရောက်စလောက် မရုန်းကန်၊ မသောင်းကျန်းတော့ဘူး။
ဒါနဲ့ပဲ ဖြေဆေးကို တစ်ဘက်ကနေ တွက်ပြီးထည့်၊ နောက်တစ်ဘက်က ရိုးရိုးဆားရည်ထည့်ပြီး တစ်ခုခုဆို လာပြောဖို့မှာပြီး သူ့နားကနေ ခွာဖြစ်ပါတယ်။ နောက်နေ့မနက်ကျတော့ သူ အဆင်ပြေနေပါပြီ။ မှတ်မိလားဆိုတော့ ပြုံးရင်းခေါင်းခါပြတယ်။ သူ့ လူနာစောင့်တွေက ပြောထားလို့ သိနေတာကြောင့် ညကဆဲမိတာ တောင်းပန်ကြောင်း သူကပြောတယ်။ သာမန်လူထက် fit ဖြစ်တဲ့သူမို့လို့ ညနေမှာ သူ့ကို ဆေးရုံကနေ ပေးဆင်းနိုင်ခဲ့ပါတယ်။
သူတို့စားမိတာက မိုးလေးတွေရွာပြီဆိုရင် သစ်တုံးဆွေးတွေ၊ ရေညှိတွေကြားမှာ ပေါက်တတ်တဲ့ “အဖြူရောင်မိန်းမပျို” လေး “မှို” ပါပဲ။ မြင်တဲ့သူတွေကို ဆွဲဆောင်နိုင်လွန်းလို့ ခူးဆွတ်ပြီး ချက်စား၊ ကြော်စားကြတာ။ အဖြူရောင်က သန့်ရှင်းတယ်၊ စင်ကြယ်တယ်၊ ဆွဲဆောင်မှုရှိတယ်၊ စိတ်ချမ်းမြေ့စေတယ် ဆိုပေမယ့် တချို့သော အဖြူရောင်တွေက ကျိန်စာမိထားတဲ့ အရာလေးတွေ ဖြစ်နေတတ်တာကိုး။
ကျွန်တော်တို့ အရင်တုန်းက ဟောပြောပွဲတွေ လုပ်ဖူးတယ်။ စားလို့ရတဲ့မှိုနဲ့ စားလို့မရတဲ့မှို ဆိုပြီးတော့ပေါ့။ မှိုဆိုတာက မိုးဦးကျရင် ပေါ်လာတတ်တဲ့ စားစရာပါပဲ။ ကျွန်တော်တို့လည်း ကြိုက်ပါတယ်။ ဒါပေမယ့် စားလို့ရတဲ့မှိုတွေကိုသာ ရွေးချယ်စားဖို့ လိုပါတယ်။ စာရှည်မှာစိုးလို့ အလွယ်ပြောရရင် —
– အညစ်အပတ်တွေ၊ အပုပ်အသိုးတွေထဲ ပေါက်ရင်
– အနံ့ဆိုးရင်
– ဦးထုပ်က အကြေးခွံတွေနဲ့ ရုပ်ဆိုးရင်
– ပင်စည်မှာ လက်စွပ်လို အရစ်လေး (ring) ပါရင်
– မှိုဦးထုပ်အောက်က ပါးဟက်လို ဖြစ်နေတဲ့ ဟာတွေက အဖြူရောင်ဖြစ်နေရင်
– ခူးလိုက်ရင် ပင်စည်က အစိမ်းရောင် (ဒါမှမဟုတ်) ခရမ်းရောင် ပြောင်းသွားရင်…..
မစားသင့်တဲ့ မှိုလို့ မှတ်ထားစေချင်ပါတယ်။
..
..
ကျိန်စာသင့်နေတဲ့ အဖြူရောင်မင်းသမီးလေးကို မစားမိဖို့ ပရိတ်သတ်ကြီးကို ဆန္ဒပြုရင်း ဆယ့်နှစ်ရာသီ မီးမှိတ်နေတဲ့အကြောင်းရင်းဖြစ်တဲ့ တရားခံကြီးကြင်စိုးကို ကြိုးစင်ပို့နိုင်ဖို့ ဝိုင်းဝန်းကြပါဦးလို့ ….။
ဒေါက်တာနို
လွတ်မြောက်နယ်မြေတစ်နေရာ
Ministry of Health,
National Unity Government.