ဒေါက်တာ Harry နှင့် ကိုယ်ဝန်ဆောင်ဗိုက်

0
564

Hello

ကျွန်တော် Dr Harry ပါ

အလုပ်ကိစ္စနဲ့ ခရီးသွားရင်း အချိန်လေးရလို့ စာရေးပါဦးမယ်…

ထုံစံအတိုင်း ဗိုက်ပြဿနာပါပဲ

ဒီကေ့စ်က လွန်ခဲ့တဲ့ ၆ လ လောက်တုန်းကပါ…

လက်ရှိနေရာရောက်တာလည်း ၆ လလောက်ရှိနေပြီဆိုတော့ ကျွန်တော့်ရဲ့ ရှုပ်နေကျပုံစံအတိုင်း ဆေးခန်း လေးက လူနာတွေတရုန်းရုန်းနဲ့ နေ့ရောညရော စည်ကားနေပါပြီ

လူနာက 33yr G1 P0 (အသက် ၃၃နှစ် သားဦးကိုယ်ဝန်) နဲ့ပါ။ ဆေးခန်းမှာ ပုံမှန် ကိုယ်ဝန်လာအပ် လေ့ရှိပြီး ဆရာဝန်စကားကိုလည်း အတော်နားထောင်ရှာပါတယ်။ သူ့ရွာကတော့ ဆေးခန်းနဲ့တော်တော်လေးဝေးပြီး တစ်နာရီလောက် ကားနဲ့လာရတယ်။ သူဗိုက်နာလာလို့ ဆေးခန်းကိုရောက်တဲ့အချိန်က စနေနေ့ည ၁၀ နာရီဝန်းကျင်လောက်ပါ။ ညနေကတည်းက ရေမွှာပေါက်ပြီး နည်းနည်းစနာလာတာကို လာဖို့စီစဉ်ရင်း ကြာသွားတယ်ပြောပါတယ်။

ရောက်တဲ့အချိန်မှာ လူနာက တော်တော်ပင်ပန်းနေတဲ့ပုံရှိနေပါပြီ…

စမ်းလိုက်တော့ သားအိမ်ဝ အကျယ် 4 cm နဲ့ သားအိမ်ညှစ်နှုန်းတော့ ကောင်းတယ်…ရေမွှာရည် အရောင်ကတော့ နောက်နေပြီ

မြို့သွားဖို့ပြောတော့…အဲ့ဒီအချိန်တုန်းက စကစဆေးရုံတွေက ညနေ ၆ နာရီကျော်ရင် တံခါးပိတ်ပြီး လုံးဝလူနာလက်မခံပါဘူးတဲ့ ????

အဲ့ဒီတော့လည်း ဆက်စောင့်ကြည့်မယ်ပေါ့…

ကိုယ့်မှာလည်း ခွဲစိတ်ခန်းက မရှိဘူး။ ဒါပေမယ့် လိုလိုမယ်မယ် ခွဲဖို့ပစ္စည်းတွေတော့ စပြီးပြင်ထားလိုက်တယ်

ရေမွှာမကောင်းတော့ ၃ နာရီအကြာမှာ ထပ်ပြီးစမ်းလိုက်တယ်…

သားအိမ်ပွင့်နှုန်းက 4 cm ပဲဆိုတော့ တိုးတက်မှုမရှိဘူး။ ရေမွှာရည်ကလည်း ပိုနောက်လာတယ် (meconium stained liquor ) ကလေးချေးတွေနဲ့ ပြစ်နှစ်နေတာပေါ့…

ကလေးနှလုံးခုန်သံ နားထောင်တော့ ၆၀ ကျော်လောက်ပဲဖြစ်နေတော့ အထဲမှာကလေးက အတော်လေးမွန်းနေပြီ

အဲ့လိုဆိုတော့ ချက်ချင်း အရေးပေါ်ခွဲစိတ်ပြီး မွေးရမယ့်အခြေအနေပေါ့။ အချိန်က ည ၁ နာရီ…ဆေးရုံသွားမယ်ဆို မနက်မှ သွားလို့ရမယ်…သွားမှာနဲ့ ဟိုရောက်ရင် စောင့်ကြည့်မှာနဲ့ ခွဲဖို့ပြင်မှာနဲ့ဆို အနည်းဆုံး ၆ – ၈ နာရီတော့ ကြာဦးမယ်။ ကလေးက အဲ့လောက်ထိ မခံနိုင်တော့ဘူး

လူနာနဲ့မိသားစုကို အခြေအနေရှင်းပြတယ်…သူတို့လည်း ဘာလုပ်ရမှန်းမသိဘူး…ဆရာအဆင်ပြေသလိုလုပ်ပေးပါဆိုတာပဲ ပြောနေတယ်

အဲ့ဒါနဲ့ mobile tour ထွက်လာပြီး ဆေးခန်းမှာရောက်နေတဲ့ ဆရာဝန် နဲ့ သူနာပြုကို သွားနှိုးခိုင်းလိုက်တယ်… ပြီးတော့ တိုင်ပင်ကြတာပေါ့

ဒီတိုင်းထိုင်စောင့်နေလည်း ကလေးက သေ တော့မယ်၊ လွှဲလို့လည်းမရဘူးဆိုတော့ ကျွန်တော်က ခွဲဖို့ဆုံးဖြတ်လိုက်တယ်…ရွေးချယ်စရာမရှိတော့ နောက်ဆရာဝန်ကလည်းသဘောတူတယ်….

လူနာကလည်း ဆရာ့ကို ယုံတယ်ဆိုတာကြီးပဲ

အဲ့ဒါနဲ့ လူနာကို normal saline (ဆားရည်) တစ်လုံး အမြန်သွင်း၊ ဘေး စောင်းထား ၊ O2 ပေး၊ နောက်‌ ရေမွှာ ထဲကို normal saline တစ်လုံးထည့်ပြီး ကြည်အောင်လုပ်ထားလိုက်တယ်

ပြီးတော့ ရူးရူးမိုက်မိုက်နဲ့ မွေးခန်းထဲမှာပဲ အရေးပေါ် ခွဲစိတ်မွေးဖွားဖို့ ပြင်ရတယ်။

ခွဲခန်းမဟုတ်တဲ့နေရာမှာ သူများဗိုက်ကို ခွဲရမယ်ဆိုတဲ့ stress ကြီးက တော်တော်ကိုများတာ…

အခန့်မသင့်ရင် အမေ ပိုးဝင်ပြီး အသက်အန္တရာယ်ရှိနိုင်တယ်…ကလေးကလည်း နှလုံးခုန်နှုန်းက နည်းနေပြီးရေမွှာအရမ်းနောက်နေတော့ သေချာပါ့မလား…

ဘာပဲဖြစ်ဖြစ် မနက်မှလွှဲလိုက်ရမလား…အကြိမ်ကြိမ် ရူးမတတ် တွေးပြီးမှ ခွဲဖို့ဆုံးဖြတ်လိုက်တယ်

လူနာကိုတော့ ဖြစ်နိုင်ခြေတွေကို အကုန် အသေအချာရှင်းပြပြီး ဆုံဖြတ်ခိုင်းရတာပေါ့

လူနာကလည်း ဘာပဲဖြစ်ဖြစ် ခွဲမယ်တဲ့

မွေးခန်း ကြမ်းပြင်နဲ့ နံရံတွေ ၊ မွေးခုတင်တွေကို ကိုယ်တိုင် ပိုးသတ်ဆေးနဲ့တိုက်တယ်…UV ပိုးသတ်မီးချောင်းထွန်းတယ်…

ကိုယ့်မှာက ခွဲစိတ်ခန်းကလွဲပြီး ကျန်တဲ့ပစ္စည်းတွေကအကုန်ရှိနေပါတယ်…

ခွဲရင် သုံးမယ့်ပစွည်းတွေ ဂွမ်းတွေပတ်တီးတွေကို အရေအတွက် အတိအကျနဲ့ အကြိမ်ကြိမ်ရေပြီး A4 စာရွက်ပေါ်မှာ ချရေးထားလိုက်တယ်…

ဆရာဝန် နောက်တစ်ယောက်နဲ့ သူနာပြုက ကိုယ်နဲ့အတူဝင်မှာဆိုပေမယ့် ဘေးက ကူပေးမယ့်ကလေးတွေကတော့ ခွဲမွေးတာကို လုံးဝ အတွေ့အကြုံမရှိသေးတော့ လိုနိုင်မယ့်ပစ္စည်းတွေကို သေချာကြိုပြီးပြင်ထားရပါတယ်…

သွေးလှူရှင်တစ်ယောက်လည်းရှာထားပြီး လာစောင့်ခိုင်းထားရတယ်

အဆင်သင့်ဖြစ်တော့ မနက် ၃ နာရီလောက်ဖြစ်နေပြီ။

ခါးရိုး ထုံဆေးကို ကိုယ်တိုင်ပဲထိုးရတယ်။ အဆင်ပြေပြေပါပဲ…

ဘွဲ့လွန်တက်နေတော့ ကလေးခွဲမမွေးရတာ ၂ နှစ်ခွဲလောက်ရှိနေပေမယ့် အရင်က အကြိမ်ကြိမ်လုပ်ဖူးတာကြောင့် ပြဿနာမရှိပါဘူး

ကလေးထွက်လာတော့ နည်းနည်ပျော့ပေမယ့် လက်ထဲမှာတင် ငိုသံလေးထွက်လာတော့ အားလုံးလည်းပျော်သွားကြပါတယ် ????

ပုံမှန်အတိုင်းပဲ သားအိမ်ကို ပြန်ချုပ်၊ ပစ္စည်းကိရိယာတွေ ၊ ဂွမ်းပတ်တီးတွေကို အကြိမ်ကြိမ် ပြန်စစ်ပြီး ဗိုက်ကို ပြန်ပိတ်လိုက်ပါတယ်။

ခွဲပြီးတော့ အမေရော ကလေးရော ကျန်းမာကြလို့ပျော်နေကြပေမယ့် ကိုယ့်မှာတော့ စိတ်မချနိုင်သေးဘူး… အမေ အနာပိုးဝင်မလား… သွေးယိုမလားနဲ့ တစ်ချိန်လုံးစိတ်ပူနေရတာ

ကံကောင်းတယ်ပဲ ပြောရမှာပဲ…ဘာမှနောက်ဆက်တွဲပြဿနာကိုမရှိဘူး။ အနာလည်း ကောင်းကောင်းကျက်တယ်…ရက်ပြည့်တော့ ချုပ်ရိုးဖြည်ပြီးမှ တစ်ခါတည်းပေးဆင်းလိုက်တယ်

အရင် မြို့မှာ လုပ်တုန်းကမှ အနာပိုးဝင်တာတွေ ဘာတွေနဲ့… ဒီမှာတော့ မွေးခန်းထဲမှာ ခွဲပြီး အေးဆေးဖြစ်သွားတာ သိပ်တောင်မယုံနိုင်ဘူး????

ဒါမျိုးကကောင်းသွားလို့သာ…တစ်ခုခုများ ဖြစ်လို့ကတော့ နင်ဘာလို့ ခွဲခန်းမရှိပဲ ဗိုက်ဖွင့်တာလဲဆိုပြီး အချင်းချင်း ဝိုင်းဆဲတာနဲ့တင် သေလို့ရတယ်????

အဲ့ဒီတုန်းက stress ကြီးကတော့ ပြန်တွေးတိုင်း အခုထိ ရင်ခုန်နေတုန်းပဲ

ပြီးခဲ့တဲ့လက အဲ့ဒီ လူနာသားအမိ ဆေးခန်းလာပြတယ်

ကလေးက ဝတုတ်လေးဖြစ်နေပြီ

ဆရာ့ကိုအမြဲတမ်း သတိရနေတာတဲ့

အမလေး ကျွန်တော်လည်း တစ်သက်လုံးမမေ့နိုင်တော့ပါဘူးလို့ ????????????

.

.

Dr Harry

လွတ်မြောက်နယ်မြေ တစ်နေရာ

LEAVE A REPLY

Please enter your comment!
Please enter your name here