ဆီးချိုရောဂါဟာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေတာ လူတိုင်းအသိပါပဲ။ နာတာရှည်ရောဂါဖြစ်တာကြောင့် ရေရှည်ကျန်းမာရေးဆိုးကျိုးများ ဖြစ်သလို အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် ဆိုးကျိုးများလည်း ဖြစ်နိုင်ပါတယ်။ ဒီအထဲကမှ ဆီးချိုကြောင့် ဖြစ်ရတဲ့ အရေးပေါ် ကျန်းမာရေးပြဿနာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
.
ဆီးချိုရဲ့ အရေးပေါ် ရေတိုကျန်းမာရေးပြဿနာများကတော့
(၁) သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း
(၂) သွေးတွင်းသကြားဓာတ်များပြီး သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetic ketoacidosis)
(၃) သွေးတွင်းသကြားဓာတ်များပြီး သွေးပျစ်နှုန်းများခြင်း (Hyperosmolar hyperglycaemic state)
ဒီအထဲကမှ နံပါတ်တစ်အချက်ဖြစ်တဲ့ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းအကြောင်းက ဖော်ပြပေးပြီး ဖြစ်တာကြောင့် ကျန်တဲ့နှစ်မျိုးအကြောင်းကိုပဲ အသေးစိတ် ဆက်လက်ဖော်ပြသွားပါမယ်။
(သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းအကြောင်း အသေးစိတ် ဖတ်ရှုလိုပါက click here ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)
..
..
????သွေးတွင်းသကြားဓာတ်များပြီး သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetic ketoacidosis)
DKA လို့ အတိုကောက်ခေါ်နိုင်တဲ့ ဒီရောဂါဟာ ခန္ဓာကိုယ်မှာ အင်ဆူလင် လုံးဝမရှိလို့ ဖြစ်ရတာပါ။ အမျိုးအစား (၁) ဆီးချိုသမားအများစုမှာ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ အမျိုးအစား (၂) ဆီးချိုသမားတွေမှာလည်း ဖြစ်တတ်ပါတယ်။
အမျိုးအစား (၁) ဆီးချိုသမားများဟာ ဆီးချို ရှိမှန်းကို DKA အရေးပေါ်အခြေအနေ ဖြစ်ပြီးမှ စသိတာမျိုး ဖြစ်နိုင်ပါတယ်။
DKA ဟာ စောစောသိလေ အသက်အန္တရာယ်နည်းလေဖြစ်ပါတယ်။ အချိန်နဲ့တပြေးညီ ကုသဖို့လိုပြီး နောက်ကျရင် အခြေအနေပြင်းထန်ပြီး သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဆီးချိုသမားများဟာ DKA ရဲ့ ရှေ့ပြေးလက္ခဏာများကို သိရှိထားပြီး ကျန်းမာရေးဌာနကို အချိန်မီ ဆက်သွယ်နိုင်ဖို့ လိုပါတယ်။
.
DKA ဖြစ်ပေါ်ပုံနဲ့ ရောဂါလက္ခဏာများ
အင်ဆူလင်မရှိရင် ခန္ဓာကိုယ်ဟာ သူ့အတွက် စွမ်းအင်ရဖို့ သုံးရမယ့်သကြားဓာတ်တွေကို မသုံးနိုင်တော့ပါဘူး။ သကြားဓာတ်အစား အဆီတွေကို ဖျက်စီးပြီး စွမ်းအင်ယူရပါတယ်။ အဆီတွေလောင်ကျွမ်းတဲ့အခါ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်ဆစ်တစ်မျိုးထွက်လာပါတယ်။ ဒီ ကီတုန်းတွေ များစွာစုပုံလာရင် သွေးဟာ အက်ဆစ်ဓာတ်များတဲ့ဘက် ရောက်လာပါတယ်။
ဒီလို သွေးရဲ့ pH ပြောင်းလဲခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အန္တရာယ်ရှိလောက်အောင် ပြောင်းလဲစေပါတယ်။ သကြားဓာတ်မြင့်မားမှုရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ဆီးချိုများခြင်း၊ ဆီးများများသွားခြင်းဟာလည်း ခန္ဓာကိုယ်မှာ ရေဓာတ် အလွန်အကျွံဆုံးရှုံးမှုကို ဖြစ်စေပါတယ်။
.
ဘာကြောင့်ဖြစ်ရလဲ
– ဆီးပိုးဝင်ခြင်း၊ အဆုတ်ပိုးဝင်ခြင်း၊ အနာပေါက်ခြင်း၊ တုပ်ကွေးဖျားနာ နေမကောင်းခြင်း အမျိုးမျိုး
– အင်ဆူလင်ထိုးဆေး ပြတ်သွားခြင်း
– ခွဲစိတ်ရခြင်း စတဲ့အကြောင်းအရင်းများဟာ DKA ကို ပိုဖြစ်စေပါတယ်။ အကြောင်းအရင်းမရှိဘဲ ဖြစ်တာလည်း ရှိနိုင်ပါတယ်။
.
ဒီလိုနဲ့ DKA ဖြစ်သူဟာ . . .
– သွေးတွင်းသကြားဓာတ်များခြင်း
– ဆီးများများသွားခြင်း၊ ရေအရမ်းငတ်ခြင်း
– အလွန်အမင်း နုံးခြင်း
– ဗိုက်အောင့်ခြင်း
– အန်ခြင်း
– မူးဝေခြင်း
– မောခြင်း၊ အသက်ရှူမြန်ခြင်း
– သတိ/အသိ ကျဆင်းခြင်း
– မေ့မြောခြင်းများ ဖြစ်လာပါတယ်။
..
..
ကုသခြင်း
DKA အခြေအနေဟာ ဆေးရုံကို အရေးပေါ်တက်ဖို့ လိုပါတယ်။ Ketones ၊ ဆားဓာတ် (Electrolytes) ၊ သွေးရဲ့ pH စတဲ့ စစ်ဆေးမှုတွေ အရေးပေါ်လုပ်ဖို့ လိုပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကိုလည်း ရှာပြီးကုသရပါတယ်။ အင်ဆူလင်ထိုးဆေး ပြန်ပေးခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း စတဲ့ အထူးကြပ်မတ်ကုသမှုများ အရေးပေါ် လုပ်ရပါတယ်။
အချိန်မှီ ကုသမှုမခံယူရင် အသက်အန္တရာယ်ရှိပါတယ်။
..
..
DKA မဖြစ်အောင် ကာကွယ်လို့ရလား
ဆီးချိုရောဂါရှင်ဟာ DKA မဖြစ်အောင် သတိထားဖို့ လိုပါတယ်။
အင်ဆူလင်ထိုးဆေးနဲ့ သောက်ဆေးတွေကို ပုံမှန်သုံးရပါမယ်။ နေမကောင်းဖြစ်လည်း ဆီးချိုဆေးကို လုံးဝ ဖြတ်လို့ မရပါဘူး။ သွေးတွင်းသကြားဓာတ်ကို မှန်မှန်စစ်ဆေးရပါမယ်။
နေမကောင်းဖြစ်ရင် သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက် များနေနိုင်ပါတယ်။ အဲဒီအခါ သွေးတွင်းသကြားဓာတ်ကို အရင်ကထက် ခပ်စိပ်စိပ် စစ်ဆေးရတာမျိုး လိုအပ်နိုင်ပါတယ်။ အစာစားတာ နည်းသွားရင်လည်း အင်ဆူလင် အရင်ကထက် ပိုလိုတာ ဖြစ်နိုင်ပါတယ်။ DKA လက္ခဏာများကို သိရှိထားပြီး လိုအပ်ရင် ဆရာဝန်နဲ့ အရေးပေါ်တိုင်ပင်တာ အကောင်းဆုံးပါ။ နေမကောင်းရင် အရည်များများသောက်ဖို့လည်း လိုပါတယ်။ သာမန်တုပ်ကွေးမိတာမျိုးကအစ DKA ဖြစ်စေနိုင်လို့ သတိရှိရပါမယ်။
….
….
….
????သွေးတွင်းသကြားဓာတ်များပြီး သွေးပျစ်နှုန်းများခြင်း (Hyperosmolar hyperglycaemic state)
ဒီအခြေအနေကတော့ DKA လောက် ဖြစ်လေ့မများတတ်ပေမယ့် သူလည်း သေချာမကုရင် အန္တရာယ်ရှိပါတယ်။ အမျိုးအစား (၂) ဆီးချိုသမားများမှာ ပိုတွေ့ရပါတယ်။ ဆီးချိုတွေ လွန်စွာတက်လာပြီး သတိလစ်မေ့မြောခြင်း ဖြစ်စေပါတယ်။ ကီတုံး ketone မများတာကလွဲလို့ ကျန်တာ DKA နဲ့ ဖြစ်ပွားရတဲ့အကြောင်းအရင်း၊ လက္ခဏာတွေနဲ့ ကုသပုံချင်း ဆင်ပါတယ်။
.
ဒီရောဂါမဖြစ်အောင် သင်ဘာလုပ်နိုင်သလဲ
• နေမကောင်းဖြစ်ပြီး အစာမစားနိုင်ရင်တောင် ဆီးချိုဆေးကို အမြဲသောက်ပါ။
• သွေးတွင်းသကြားဓာတ်ကို နေမကောင်းရင် ပိုပြီး မကြာခဏစစ်ဆေးဖို့ လိုအပ်ပါတယ်။
• သင့်သွေးတွင်းသကြားဓာတ် (> ၁၅ mmol/l … ၂၇၀ mg%) ထက် မြင့်မားနေပါက ဆရာဝန် အရေးပေါ်ပြပါ။
• နေမကောင်းရင် အချိုမပါတဲ့ အရည်များများသောက်ပါ။ အဖတ်မစားနိုင်ပါက ဆန်ပြုတ်လို ကစီဓာတ်ပါတဲ့ အစားအစာများကို အစားထိုးစားပါ။
..
..
သွေးတွင်းသကြားဓာတ်များခြင်းက အရေးကြီးသလို သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကလည်း အန္တရာယ်ရှိတာကြောင့် ကွန်မန့်မှာ ဖော်ပြပေးထားတဲ့ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းအကြောင်း မဖတ်ရသေးရင်လည်း ဝင်ရောက်ဖတ်ရှုစေလိုပါတယ်။
ဆီးချိုရောဂါရှင်များ မိမိတို့ ဆီးချိုအခြေအနေကို နေ့စဉ်ထိန်းညှိကုသရင်း ဆီးချိုနှင့် အောင်မြင်စွာ ယှဉ်တွဲနေထိုင်နိုင်ကြပါစေ ဆုတောင်းလျက်… ????
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
(ကိုးကား) Reference : ????
https:// www. diabetes. org. uk /guide-to-diabetes/complications
https:// www. diabetes. org. uk /guide-to-diabetes/complications/hyperosmolar_hyperglycaemic_state_hhs
https:// www. diabetes. org. uk /guide-to-diabetes/complications/diabetic_ketoacidosis
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.