Black hole အကြောင်းကို စာဖတ်သူတို့ ကြားဖူးဖတ်ဖူးကြမယ် ထင်ပါတယ်။ မြန်မာလိုဆို တွင်းနက်/ကျင်းနက်လို့ ခေါ်ကြမလားမသိပါ။

သိပ်သည်းဆ အလွန်များပြီး၊ gravity ဆွဲအား အလွန်အားကောင်းတဲ့အတွက် အလင်းလိုအရာကိုတောင် ဆွဲငင်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ သူ့အနီးအနား ပတ်ဝန်းကျင်က အရာတွေကို ဆွဲယူဖမ်းစားရင်း အရွယ်အစားလည်း ကြီးလာတတ်ကြတာတဲ့လေ။

ထားပါ..။

အဓိကပြောချင်တာက ကျွန်မတို့မှာလည်း စိတ်ရဲ့ Emotional Black Hole ဆိုတာ ရှိတတ်ကြတဲ့အကြောင်းပါ။

စိတ်ရဲ့အတွင်းဆုံး အနက်ရှိုင်းဆုံးနေရာမှာ ကိန်းအောင်းတည်ရှိနေပြီး ရုန်းလည်းမထွက်နိုင် ရှောင်ဖယ်လို့လည်း မရနိုင်ဘဲ တစ်စတစ်စ ဝါးမျိုခြင်းခံနေရတဲ့ အရာတွေပေါ့။

တစ်နည်းအားဖြင့် လုံးဝသည်းမခံနိုင်လောက်‌အောင် ဘဝဟာ ပင်ပန်းနေပေမယ့် လွတ်မြောက်ဖို့လမ်း မတွေ့သလို အဲဒီအတွေးတွေကပဲ အထပ်ထပ်အခါခါ ရစ်ပတ်ရင်း ရုန်းမထွက်နိုင်ကြတော့တဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။

ဘာတွေကြောင့် စိတ်ရဲ့တွင်းနက်တွေ ဖြစ်ပေါ်လာရသလဲ။

အချိန်ကြာရှည်စွာ ထိတွေ့ဆက်ဆံလာခဲ့ရတဲ့ Toxic ဆန်တဲ့သူတွေ၊ Toxic ဖြစ်တဲ့ relationship တွေ၊ မျိုသိပ်ထားမိတတ်တဲ့ မကောင်းတဲ့ခံစားချက်တွေ၊ မကောင်းတဲ့အတွေးတွေ၊ အကြောင်းတစ်စုံတရာကြောင့် အပြစ်ရှိစိတ်ကနေ မလွတ်မြောက်နိုင်ခြင်းတွေ၊ နာကျည်းချက်နဲ့ဒေါသတွေ၊ ကြီးမားသောဆုံရှုံးမှုတွေ၊ အထီးကျန်ခြင်း‌တွေ၊ မျှော်လင့်ချက်ကင်းတဲ့အနာဂတ် စတာတွေကြောင့် မိမိစိတ်ရဲ့အတွင်းဆုံးနေရာမှာ ဒါတွေနဲ့ပတ်သက်ပြီး စိတ်ပျက်ဝမ်းနည်းနေမယ်၊ အမြဲလိုလို ပူပင်သောကရောက်နေမယ်၊ ဘယ်အရာကိုမှ မပျော်ရွှင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေသလို ခံစားရတတ်ကြပါတယ်။

ဆိုခဲ့သလိုပဲ Emotional black hole က အချိန်ကြာတာနဲ့အမျှ နက်သထက်နက်ရှိုင်းလာပြီး ရုန်းထွက်ရခက်ပါတယ်။

သို့သော် hole ထဲမှာရှိတဲ့ မကောင်းတဲ့အတွေးနဲ့ ခံစားချက်တွေကိုတော့ ကောင်းသောအရာတွေနဲ့ ဖြည်းဖြည်းချင်းအစားထိုးပြီး ဖြည့်တင်းလို့ရနိုင်ပါသေးတယ်။

ဘယ်လိုအရာတွေနဲ့ အစားထိုးကြမလဲ။

အရင်ဆုံး. . .

  • ကျွန်မတို့ရဲ့စိတ်ခံစားတွေကို မြင်အောင်ကြည့်ရပါမယ်။ တစ်ခုချင်းစီကို သတိပြုရပါမယ်။
  • ဘာတွေခံစားနေရတယ်ဆိုတာကို နားလည်မှသာလျှင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိလာမှာဖြစ်ပါတယ်။
  • မိမိရဲ့ခံစားချက်တွေကို ကောင်းသည်ဆိုးသည် ဝေဖန်အကဲဖြတ်ခြင်းတွေမပါဘဲ အရှိအတိုင်း လက်ခံပေးပါ။
  • သေးငယ်သည်ဖြစ်စေ မိမိကိုပျော်ရွှင်စေနိုင်မယ့်အရာလေးတွေကို ပြန်တွေးကြည့်ရပါမယ်၊ လုပ်ကြည့်ရပါမယ်။
  • လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်တယ်ဆိုတာ မမေ့ပါနဲ့။
  • အမြဲပြောနေကျအတိုင်း selfcare လေးတွေကတော့ မပါမဖြစ်ပါပဲ။
  • စိတ်ခွန်အားဖြစ်စေမယ့်အရာတွေ လိုအပ်သလို ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။
  • စကားများများပြောပေးပါ။ လူမှုပတ်ဝန်းကျင်နဲ့ ပိုမိုထိတွေ့ဆက်ဆံပါ။
  • လိုအပ်ရင် ကျွမ်းကျင်သူပညာရှင်တွေရဲ့ အကူအညီကိုယူပြီး တိုင်ပင်ကုသမှုခံယူပါ။
  • တွင်းဟာ နက်ရှိုင်းသလောက် ပြန်လည်ကုစားဖို့ရာ အချိန်ယူရပါမယ်။ စိတ်ရှည်ပါ၊ ကိုယ့်ကိုယ်ကိုယ် တအားဖိအားမပေးပါနဲ့။

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ကျွန်မတို့ဟာ စိတ်ရဲ့တွင်းနက်ကိုဖြည့်ဖို့ဆိုရင် မိမိကိုယ်ကိုယ် ချစ်ခွင့်ပေးရမှာပဲ ဖြစ်ပါတယ်….။

**

သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here