စာဖတ်သူတွေထဲမှာရော ခွေးချစ်သူတွေ ရှိကြပါသလား။ အခုဆောင်းပါးကတော့ ခွေးချစ်သူတွေ အတွက် အဓိကပေါ့နော်..

လေ့လာတွေ့ရှိချက်တွေအရတော့ ခွေးမွေးခြင်းဟာ စိတ်ကျန်းမာရေးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေ ရှိနေရင် ကိုယ့်ရဲ့အဖော် ခွေးလေးကို ပွေ့ဖက်တာ၊ အတူတူ ပြေးဆော့တာတွေဟာ စိတ်ဖိစီးမှုကို ပြေ‌ပျောက်စေတဲ့ နည်းလမ်းကောင်း​တွေ ဖြစ်ပါတယ်။

.

????ဒါပေမယ့် ခွေးလေးတွေဆီကရော သင့်ကို ရောဂါပိုးတွေ ကူးနိုင်ပါသလား

အဖြေကတော့ Yes ပါတဲ့​နော်.. ရောဂါတွေ ကူးနိုင်ခြေရှိပါတယ်။

ဒီ‌လို တိရစ္ဆာန်တွေကနေ လူကိုကူးနိုင်တဲ့ ရောဂါတွေကို Zoonotic diseases လို့ ခေါ်ပါတယ်။ အိမ်မွေးခွေးပဲ ဖြစ်ဖြစ်၊ တောထဲကခွေး၊ လမ်းဘေးခွေး၊ ကြောင်၊ နွား၊ ကျွဲ၊ သားရဲသတ္တဝါ‌တွေ အကုန်လုံးဆီက ကူးနိုင်တာမျိုးတွေပါ။

လူနဲ့အနီးကပ်နေတဲ့ ခွေး၊ ကြောင် စတဲ့အိမ်မွေးတိရစ္ဆာန်တွေဆီက ပိုးမွှားတွေ လူဆီရောက်ပြီး လူရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်လို့ သုတေသနတွေက ခိုင်ခိုင်မာမာဆိုထားပါတယ်။

ဘာရောဂါတွေ ကူးစက်တယ်၊ ဘယ်လို ကူးစက်တယ်ဆိုတာ သိထားရင်ဖြင့် မိမိတို့ ကျန်းမာရေးရော အိမ်မွေးတိရစ္ဆာန်လေးတွေ ကျန်းမာရေးနဲ့ သန့်ရှင်းရေးပါ ပိုဂရုစိုက်ပေးဖို့လိုကြောင်း နားလည်လာပါလိမ့်မယ်နော်။

ဆက်ဖတ်ကြည့်ရအောင်ပါ။

..

..

????သင့်ရဲ့ အိမ်မွေးခွေးလေးတွေကနေ သင့်ဆီကို ရောဂါတွေ ဘယ်လိုရောက်နိုင်လဲ ဆိုတော့..

• ခွေးလေးတွေရဲ့ အစာခွက်၊ ရေခွက်ထားတဲ့နေရာတွေ သန့်ရှင်းမှုမရှိတာကနေ ပိုးမွှားတွေပေါက်ဖွားတာ

• ခွေးမစင်နဲ့ အညစ်အကြေးတွေ ကျုံးပြီး လက်ကိုသေချာမဆေးဘဲ မျက်စိ၊ မျက်နှာတွေကို ကိုင်မိတာ

• ခွေးလေးက သင့်မျက်နှာကို ခင်မင်တဲ့သဘော လျှာနဲ့လျက်ရင်းကနေ ပိုးမွှားတွေ ဝင်တာ

• ခွေးနဲ့တူတူ တစ်အိပ်ရာထဲ အိပ်စက်တာ

• ခွေးနဲ့ ဆော့ကစားရင်း ကုတ်ခြစ်ခံရတာ၊ ကိုက်ခံရတာ စတာမျိုးတွေကနေ သင့်ကို ရောဂါတွေ ကူးနိုင်ပါတယ်။

..

..

????ကူးစက်နိုင်တဲ့ရောဂါများ

ခွေးတွေဆီကနေ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးတွေ၊ သံကောင်ရောဂါ၊ မှိုရောဂါတွေ စသဖြင့် များစွာကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ ရောဂါအချို့ကို ရှင်းပြသွားပါမယ်။

.

(၁) Rabies ခေါ် ခွေးရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါဖြစ်နေတဲ့ခွေး အကိုက်ခံရတာ၊ သွားနဲ့ ခြစ်မိတာမျိုးကနေ ကူးစက်ပါတယ်။ စဖြစ်တဲ့အချိန်မှာ ဗိုင်းရပ်တို့သဘာဝ ရိုးရိုးတုပ်​ကွေးဖျားနာသလို ဖျားနာ၊ ကိုယ်လက်ကိုက်၊ နုံးတာတွေကနေ ကိုက်ခံရတဲ့ ဒဏ်ရာတစ်ဝိုက် ယားတာ၊ ထုံတာတွေ ဖြစ်လာပြီး၊ ကယောင်ကတမ်းဖြစ်တာ၊ တက်တာ၊ သတိလစ်တာ စတဲ့ ဦးနှောက်အာရုံကြောဝေဒနာတွေ ခံစားရပြီး နောက်ဆုံးမှာ အသက်‌ဆုံးရှုံးရနိုင်ပါတယ်။

ခွေးရူးရောဂါဖြစ်ရင် သေနှုန်းဟာ (၁၀၀) ရာခိုင်နှုန်းပါ။ ကုသဖို့ နည်းလမ်းလည်းမရှိတာကြောင့် ခွေးကိုက်ခံရရင် မပေါ့ဆဘဲ အမြန်ဆုံး ကာကွယ်ဆေး ထိုးရပါမယ်။

..

..

(၂) အရေပြားယားနာများနှင့် မှိုရောဂါ (Ringworm)

ခွေးလေးတွေရဲ့ အရေပြားနဲ့ အမွှေးမှာဖြစ်တဲ့ မှိုရောဂါတွေဟာ လက်ပွန်းတတီးနေတဲ့ လူဆီကို ကူးပါတယ်။ ခွေးကို ထိတွေ့ကိုင်တွယ်တာအပြင် ခွေးနေတဲ့နေရာ၊ အိပ်တဲ့အခင်းတွေနဲ့ အစာထည့်ခွက်တွေကို ကိုင်တွယ်ခြင်းကပါ ကူးနိုင်ပါတယ်။ လက္ခဏာတွေကတော့ အရေပြားမှာ ယားတဲ့ အနီကွက်တွေပေါ်လာပြီး အရေခွံတွေ လန်လာပါမယ်။ ဆေးလိမ်းရင် ၂ ပတ်ကနေ ၄ ပတ်လောက်ဆို ပျောက်ပါတယ်။

..

..

(၃) ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ခြင်း (Salmonellosis, Campylobacteriosis, Norovirus)

ခွေးတွေကို နမ်းရှုံ့တာနဲ့ ‌အိမ်ထဲမှာ ခွေးက မစင်ပါတာ၊ ခွေးနဲ့အတူ အစားအသောက်တွေ အတူစားတာမျိုးဟာ ဝမ်းရောဂါတွေကို ကူးစက်စေနိုင်ပါတယ်။ ‌နေကောင်းတဲ့ ခွေးရော၊ နေမကောင်းတဲ့ခွေးရဲ့ မစင်တွေဟာ လူအတွက် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဖျားခြင်း၊ ဝမ်းအရည်သွားခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်း စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပြီး ဆိုးရွားရင် ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးပေါင်ကျခြင်း၊ ပိုးဆိပ်သင့်ခြင်းများအထိ ဖြစ်နိုင်ပါတယ်။

၂၀၁၉ ခုနှစ်ကဆို အမေရိကန်နိုင်ငံမှာ ခွေးကျွေးတဲ့ readymade ခွေးစာ (Dog treats) များမှ Salmonella ဝမ်းရောဂါပိုးကူးစက်ခဲ့တာ တွေ့ခဲ့ရပြီး ရောဂါပိုးပါတဲ့ ခွေးစာတွေကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။ ဒီလို မသန့်ရှင်းတဲ့ ‌အစာတွေကို ခွေးက စားပြီး ခွေးမှာ ရောဂါဖြစ်ရာက၊ လူဆီကို တစ်ဆင့်ကူးနိုင်ပါတယ်။ခွေးနဲ့ ခွေးအညစ်အကြေးတွေ ကိုင်ပြီးရင် လက်ဆေးရုံမက ခွေးစာတွေ ကိုင်ပြီးရင်လည်း လက်ဆေးရပါမယ်နော်။ လက်မဆေးနိုင်သေးရင်တောင် Alcohol based လက်သန့်ဆေးရည်တွေ သုံးပါ။

..

..

(၄) ခွေးရဲ့ဆီးကနေ ကူးစက်တဲ့ Leptospirosis ရောဂါ

‌Leptospira canicola ရောဂါပိုးရှိတဲ့ ခွေးရဲ့ဆီး‌နဲ့ ဆီး​ တွေ ပါဝင်တဲ့ ရေ၊ မြေကြီးတွေကို ကိုင်တွယ်မိရင်း ခွေးရဲ့ဆီးက‌တစ်ဆင့် လူဆီကူးတာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်ရင် အဖျားကြီးပြီး ကြွက်သားတွေနာတာ၊ အသားဝါတာ၊ ဗိုက်နာတာတွေ ဖြစ်နိုင်ပါတယ်။

..

..

(၅) ခွေးရဲ့ မွှား၊ သန်းများကြောင့် ဖြစ်သောရောဂါ (Ticks and tick-borne diseases)

ခွေးမှာ သန်း၊ မွှားတွေ ရှိနေရင် အတူနေသူတွေပါ ကိုက်ခံရတာ ရှိနိုင်ပါတယ်။ သန်း၊ မွှားတွေကနေ ရောဂါပိုးကူးတာမျိုး ပေါပေါများများ မတွေ့ရသေးပေမယ့် ဖြစ်နိုင်ခြေတော့ ရှိပါတယ်။

..

..

(၆) သန်ကောင်ရောဂါ

ခွေးချစ်သူတွေ ကြောက်ကြတဲ့ ခွေးနှလုံးသန်ကောင် (Dirofilaria immitis, heartworm) ဟာလည်း လူဆီ ကူးနိုင်ပါတယ်။ ပိုး‌လောင်းပါတဲ့ ခြင်ကနေ ခွေး၊ နောက်တစ်ဆင့် ခွေးကနေလူကို ကူးနိုင်ပါတယ်။ သန်ကောင်အထွေးတွေဟာ ခွေးတွေမှာ နှလုံးအထိရောက်ပြီး နှလုံးပျက်တာ ဖြစ်နိုင်ပေမယ့် လူမှာတော့ အကောင်ပေါက်ဘဝနဲ့ပဲ သေဆုံးသွားတာဖြစ်လို့ နှလုံးကိုထိတာ ရှားပါတယ်။ အရေပြားမှာ ခွဲထုတ်ဖို့လိုတဲ့ သန်ကောင်အလုံးတွေ ဖြစ်တာမျိုး ပိုတွေ့ရတတ်ပါတယ်။

ဒါကြောင့် ခွေးကို သန်ပုံမှန်ချပါ။ လူလည်း ပုံမှန်သန်ချပါ။

ခွေးရဲ့ အညစ်အကြေးတွေရှိတဲ့ မြေပြင်ကို ခြေဗလာနဲ့ လမ်းလျှောက်ရာကနေ သန်ချိတ်ကောင် ရောဂါတွေလည်း ကူးနိုင်ပါတယ်။

..

..

????ဘယ်သူတွေက ရောဂါတွေ ပိုကူးစက်ခံရနိုင်သလဲ

ခွေးလေးတွေဆီကနေ သာမန်ထက် ရောဂါပိုရ‌နိုင်သူတွေကတော့…

– ကလေးငယ်တွေ

– အသက် ၆၅ နှစ်အထက် လူကြီးတွေ

– ကိုယ်ဝန်ဆောင်မိခင်တွေ

– နာတာရှည် ဆီးချိုရောဂါ၊ တီဘီရောဂါ၊ ကိုယ်အင်္ဂါတစ်ခုခု အစားထိုးထားသူတွေ၊ ကင်ဆာ၊ AIDS ရောဂါရှင်တွေနဲ့ steroids နဲ့ အလားတူဆေးတွေ ရေရှည်သုံးနေရတဲ့သူတွေ စတဲ့ကိုယ်ခံအားနည်းသူတွေမှာ ပိုကူးစက်နိုင်ပါတယ်။

..

..

????သင့်ရဲ့ အိမ်မွေးခွေးလေးတွေဆီက ရောဂါတွေ မကူးစက်ရအောင် လိုက်နာသင့်တဲ့ နည်းလမ်းများ

အဓိက အရေးကြီးဆုံးကတော့ သန့်ရှင်းရေးကို ဂရုပြုကြဖို့ပါ။

မစင်နဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ခွေးက အညစ်အကြေးစွန့်ပြီးချိန် အကြာကြီး ပစ်မထားဘဲ ရှင်းလင်းပါ။ လက်ဗလာနဲ့ မကိုင်ပါနဲ့၊ ပလတ်စတစ်အိတ်ထဲထည့်ပြီး အလုံပိတ်ပြီး လွှင့်ပစ်ပါ။ ခွေးအညစ်အကြေးတွေကို မြေဩဇာအဖြစ် မသုံးရပါ။

လက်ဆေးပါ။ လက်ကို ခွေးနဲ့ ခွေးရဲ့အညစ်အကြေး တွေ ကိုင်ပြီးတိုင်း၊ ခွေးရဲ့အစာခွက်နဲ့ ဆော့စရာတွေ၊ အသုံးအဆောင်တွေ ကိုင်ပြီးတိုင်း ရေ၊ ဆပ်ပြာတို့နဲ့ သေချာဆေးပါ။

ခွေးကို သင့်ရဲ့မျက်နှာအား ထိတွေ့နမ်းရှုံ့စေခြင်း မလုပ်သင့်ပါ။ လုပ်ခဲ့မိရင်လည်း ပြန်လည်‌ဆေးကြောပါ။

ခွေးအတွက် ကျန်းမာရေး စစ်ဆေးမှုတွေ၊ ကာကွယ်ဆေးထိုးမှုတွေကို အမြဲ သတိထားပြီး ဆောင်ရွက်ပါ။ သင်လည်း ခွေးရူးကာကွယ်ဆေး ထိုးထားတာ ကောင်းပါတယ်။ သန်ချပါ။

ဆော့ကစားရင်းဖြစ်စေ ခွေးကို ကိုက်ခိုင်းတာမျိုး မခံပါနဲ့၊ အကျင့်မလုပ်ပါနဲ့။ သူများရဲ့ ခွေးတွေကို ကိုင်တွယ်တာ၊ ရန်ထောင်နေတဲ့ခွေးနားကို သွားတာမျိုး မလုပ်ပါနဲ့။ တကယ်လို့ ကိုက်ခံရ၊ သွားနဲ့ ခြစ်ခံရရင် ဒဏ်ရာကို ရေ၊ ဆပ်ပြာနဲ့ ချက်ချင်းသန့်ရှင်းပါ။ ပြီးရင် ကာကွယ်ဆေးအတွက် ဆေးခန်းပြပါ။

ခွေးနဲ့အတူ တစ်‌အိပ်ရာထဲ အိပ်စက်ခြင်းမလုပ်မီ ခွေးကို တိရစ္ဆာန်‌ဆေးကုဆရာဝန် သေချာပြတာမျိုး၊ ကာကွယ်ဆေးထိုးတာမျိုး လုပ်သင့်ပါတယ်။ သန်ချပါ။ လက်ဆေးပါ။ အိပ်ရာခင်းများကို မကြာခဏ လဲပါ။ ခွေးက ဝမ်းလျှော၊ နေမကောင်းနေစဉ်အချိန်တွေ အိပ်ရာထဲ ခေါ်မအိပ်သင့်ပါ။ ကလေးငယ်များက‌တော့ ​ ခွေးနဲ့ အတူမအိပ်တာ အကောင်း‌ဆုံး ဖြစ်ပါလိမ့်မယ်။

ခွေးပေါက်ကလေးများ စမွေးမယ်‌ဆိုရင် ကျန်းမာရေးစစ်ဆေးခြင်း၊ သန်ချခြင်းများ လုပ်ပါ။

တိရစ္ဆာန်လေးတွေရဲ့ အပြုအမူ၊ ကျန်းမာရေး လက္ခဏာတွေကို သတိပြုပြီး လိုအပ်ရင် ဆရာဝန်သေချာပြပေးတာမျိုး လုပ်ပါ။

.

အထက်ပါ အချက်များကို သိရှိလိုက်နာပြီး ချစ်ရတဲ့ အိမ်မွေးတိရိစ္ဆာန်များနဲ့ မေတ္တာတွေ၊ ‌ပျော်ရွှင်မှုတွေ ဝေမျှရင်း ကျန်းမာစွာ ယှဉ်တွဲနေထိုင်နိုင်ကြပါစေ…

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

ကိုးကား

Reference : ????

https://www.healthline.com/health/humans-catching-from-dogs

https://journals.asm.org/…/microbiolspec.iol5-0002-2015

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here