လူ့ဘဝဆိုတာ မသေချာခြင်းတွေကနေစတယ်။ ဘယ်နေ့က ကိုယ်ဝန်ရသွားသလဲ ဘယ်သူမှ မသိပါဘူး။ ဘယ်နေ့မွေးမလဲ ဘယ်သူမှ တပ်အပ်မှန်အောင် မပြောနိုင်ပါဘူး။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို “ တစ်ခါတည်းပါ” ဆိုရင်တော့ အဲဒီနေ့က ကိုယ်ဝန်ရတဲ့နေ့ပေါ့။
ထားပါလေ ဒါကရယ်စရာ ပြောတာပါ။ ကျွန်တော်တို့ သားဖွားပညာမှာ ကိုယ်ဝန်သက်တမ်းကို လနဲ့မပြောပါခင်ဗျ။ ရက်သတ္တပတ်နဲ့ပဲ ပြောပါတယ်။ အတိအကျ ပြောတာပါ။ ဥပမာ ဆယ့်သုံးပတ်နဲ့ နှစ်ရက်ရှိပြီ စသည်ဖြင့်ပေါ့။
ဟင် ခုနကပြောတော့ မသေချာခြင်းကစတယ်။ ဘယ်နေ့ဗိုက်ကြီးမှန်း ဘယ်သူမှ မသိနိုင်ဘူးပြောတယ်။ ခုကျတော့ ကိုယ်ဝန်သက်တမ်းကို ရက်သတ္တပတ် ၇ ရက်တစ်ပတ် ၇ ရက်တပတ်နဲ့ စုစုပေါင်း ဘယ်နှစ်ပတ်နဲ့ ဘယ်နှစ်ရက်ရှိပြီ အတိအကျပြောတယ်လည်း ပြောပြန်တယ်။ မျက်စိရှုပ်သွားလားဗျ။ ခဏနားပြီး ဆက်ဖတ်ပါနော်။
…
…
ကိုယ်ဝန်ရနေပြီလို့ သံသယဖြစ်ဖွယ် ပထမဆုံးပြတဲ့လက္ခဏာကတော့ ရာသီပေါ်ရမယ့်ရက်မှာ မပေါ်တော့တာပါပဲ။ ပျို့တာ၊ အန်တာ၊ အစားအသောက်ပျက်တာတွေက နောက်မှပြပါတယ်။ အဲဒီထက်ကြာလာရင်တော့ ခါးလေးတုတ်လာ၊ ဗိုက်ကလေးပေါ်လာတာပေါ့ဗျာ။ ဒါက အရင်ခေတ်ကပါ။ ခုခေတ်မှာတော့ ကိုယ်ဝန် ရှိ/ မရှိ ဆီးစစ်တဲ့ပစ္စည်းတွေ၊ အာထရာဆောင်း (USG) စက်တွေနဲ့ စမ်းသပ်လို့ ရလာပြီဖြစ်တဲ့အတွက် ကိုယ်ဝန်လနုနုမှာကို ကိုယ်ဝန်ရှိမှန်း သိလာနိုင်ပါပြီ။
အရင်လ ရာသီပေါ်ပြီးနောက်မှာ ကိုယ်ဝန်မရအောင် သေချာသော ကြိုတင်ကာကွယ်နည်းတစ်ခုခု မသုံးခဲ့ဘဲ လိင်ဆက်ဆံမှုရှိခဲ့တယ်။ ခုလ ရာသီလာရမယ့်ရက်မှာ မလာတော့ဘူး။ ဒါဆို ပထမဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါပဲဗျ။ သုံး၊ လေး၊ ငါးရက် ကျော်သွားရင်တောင် ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်တကယ်ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရှိကြောင်း ဆီးစစ်တံက ပြနေပါပြီ။
အဲဒါဆို ကိုယ်ဝန်ဘယ်နှစ်ပတ်ရှိပြီလဲ ဘယ်လိုတွက်မလဲ။ လိင်ဆက်ဆံခဲ့တဲ့ရက်တွေ၊ အကြိမ်ရေတွေက အများကြီးဆိုတော့ ဘယ်နေ့ကိုယူရမလဲ မသိနိုင်ပါဘူး။ အသေချာဆုံး တစ်ရက်တော့ ရှိပါတယ်။ အဲဒါကတော့ အရင်လ ရာသီပေါ်သောစက်ဝန်း၏ ပထမဆုံးရက်ပါတဲ့။ First day of the Last Menstural Period (LMP) လို့ခေါ်ပါတယ်။
အဲဒီနေ့ကနေ ခုဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ် ကိုယ်ဝန်ရှိမှန်းသိတဲ့ ဒီနေ့အထိ စုစုပေါင်း ဘယ်နှစ်ရက်ရှိပြီလဲ ရေကြည့်ပြီး ၇ နဲ့စားပါပေါ့။ ၄၀ ရက်ရှိပြီဆိုရင် ကိုယ်ဝန်က ငါးပတ်နဲ့ ငါးရက်ရှိပါပြီပေါ့။ အဲဒီအချိန်မှာဆိုရင် ကိုယ်ကိုယ်တိုင်ကလွဲလို့ ခင်ဗျား တစ်ယောက်ယောက်ကို မပြောပြရင် ဘယ်သူမှ ခင်ဗျားကိုယ်ဝန်ရှိမှန်း သိမယ်မဟုတ်ပါ။
အရွယ်ကောင်း အမျိုးသမီးလေးတွေ ရာသီပေါ်ရမယ့်ရက်ကျော်သွားပြီး မပေါ်လို့ (ရာသီထိမ်နေလို့ လို့ပြောကြပါတယ်) ဆိုပြီးလာပြရင်လည်း ကျွန်တော်တို့ အရင်ဆုံး စစ်လိုက်တာကတော့ ကိုယ်ဝန်ရှိ/ မရှိ ဆီးစစ်ပေးလိုက်တာပါပဲ။ မဟုတ်ဘူးဆိုမှ တခြားဖြစ်နိုင်ခြေတွေ စဉ်းစားပါတယ်။
အဲဒါဆိုရင် ကိုယ်ဝန်ဘယ်နှစ်ပတ်ရှိပြီလဲ တွက်တတ်ပါပြီနော။ နောက်တစ်ခုက ခန့်မှန်းမွေးဖွားရက် Expected Date of Delivery (EDD) ကိုတွက်တာ။ ဒါကလည်း LMP ကနေ တွက်လိုက်တာပါပဲ။ ပြီးခဲ့သော ရာသီစက်ဝန်း၏ ပထမဆုံးသွေးစပေါ်သောနေ့ကို အင်္ဂလိပ် ပြက္ခဒိန်လနဲ့ဆို ကိုးလနဲ့ ၇ ရက်၊ မြန်မာပြက္ခဒိန်လနဲ့ဆို ကိုးလနဲ့ ဆယ့်လေးရက် (စုစုပေါင်း ရက်ပေါင်း ၂၈၀) ပေါင်းပေးလိုက်တာပါ။ စုစုပေါင်း ကိုယ်ဝန်သက်တမ်း ရက်သတ္တပတ် လေးဆယ်ပြည့်တဲ့နေ့လို့ ဆိုလိုတာပါ။ အဲဒါကို ခန့်မှန်းမွေးဖွားရက်လို့ ဘာသာပြန်ထားပါတယ်။ အမြန်ပြောလိုက်တဲ့အခါ ရှေ့က ခန့်မှန်းဆိုတဲ့ စကားကကျန်ခဲ့ပြီး မွေးရမယ့်ရက်လို့ နားလည်သွားသူတွေများနေလို့ ရှင်းပြတာပါ။ အဲဒီရက်မှ ဗိုက်နာပြီး အတိအကျမွေးသောကိုယ်ဝန်သည် ၈ % ပဲရှိပါတယ်တဲ့ခင်ဗျ။
ခန့်မှန်းမွေးဖွားရက်ဆိုသည်မှာ ကိုယ်ဝန်သက်တမ်း ရက်သတ္တပတ် လေးဆယ်ပြည့်သောနေ့ကို ဆိုလိုပါသည်ဟု ပြောပြခဲ့ပြီးဖြစ်ပါသည်။ အမှန်မှာ ခန့်မှန်းမွေးဖွားရက်၏ ရှေ့သုံးပတ် ကိုယ်ဝန်သက် ၃၇ ပတ်နှင့် ခန့်မှန်းမွေးဖွားရက်၏ နောက်တပတ် ကိုယ်ဝန်သက် ၄၁ ပတ်ကြား မည်သည့်နေ့တွင် မွေးသည်ဖြစ်ပါစေ နေ့စေ့လစေ့မွေးသည်ဟု ခေါ်ပါသည်။
တကယ်တော့ ကိုယ်ဝန်တစ်ခုသည် စတည်လိုက်သည့်အချိန်မှစ၍ မည်သည့်အချိန်တွင်မဆို ထွက်ကျနိုင်ပါသည်။ ထွက်ကျချိန် ကိုယ်ဝန်သက်တမ်းအပေါ် မူတည်၍ အခေါ်အဝေါ် ပြောင်းသွားခြင်း ဖြစ်ပါသည်။ ကိုယ်ဝန်သက် ၂၄ ပတ်မတိုင်မီထွက်ကျလျှင် ပျက်ကျသည်ဟု ခေါ်ပါသည်။ မည်သို့မှ ကလေးမရှင်နိုင်ပါ။
၂၄ ပတ်ပြည့်ပြီး ၃၇ ပတ်မပြည့်မီ ထွက်ကျလျှင် လမစေ့ စောမွေးသည်ဟု ခေါ်ပါသည်။ သက်တမ်းရင့်လေ ကလေးရှင်နိုင်ခြေများလေ ဖြစ်ပါသည်။ မွေးကင်းစကလေး အထူးကုဆရာဝန်များ၏ အထူးကြပ်မတ်ကုသမှုတော့ လိုသပေါ့ဗျာ။
၃၇ ပတ်နှင့် ၄၁ ပတ်ကြားမွေးလျှင်တော့ နေ့စေ့လစေ့မွေးဟု ခေါ်ပါသည်။ ထို့ကြောင့် ခန့်မှန်းမွေးဖွားရက်ထက် တရက်နှစ်ရက် လွန်ကာမျှနှင့် ရက်လွန်ပြီဟု အရမ်းမစိုးရိမ်ရပါ။ တပတ်စောင့်၍ ရပါသေးသည်။ ၄၁ ပတ်ပြည့်ပြီးသည်အထိ ဗိုက်နာမလာလျှင်မှ ရက်လွန်သည်ဟုသတ်မှတ်ပြီး သဘာဝအတိုင်း မွေးဖွားရန် မှန်ကန်သောဝမ်းနာခြင်း စတင်လာသည်ကို မစောင့်တော့ဘဲ ဗိုက်နာအောင် ဆေးထည့်မွေးဖွားခြင်း သို့ ခွဲစိတ်မွေးဖွားခြင်း စသည်တို့ကို ပြုလုပ်ပေးပါသည်။
ဤသို့ ၄၁ ပတ်အထိ သဘာဝအတိုင်း ဗိုက်နာသည်ကို စောင့်ပေးရမည့် ကိုယ်ဝန်သည်များမှာ ၄၁ ပတ်အထိ အခြားမည်သည့်ပြဿနာမှ မရှိသူများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ရေမြွှာရည် စော၍ပေါက်ခြင်း၊ ယခင်ကိုယ်ဝန်များကို ခွဲစိတ်မွေးဖွားထားသော ကိုယ်ဝန်များ စသည်တို့ဆိုလျှင်တော့ ၄၁ ပတ်အထိ မစောင့်ပါဗျ။
၃၇ ပတ်မတိုင်မီမှာပင် မိခင်ကို antenatal steroids ထိုး၍ မွေးပေးပြီး ကလေးအထူးကုဆရာဝန်ထံသို့ အပ်လိုက်ရသော ကလေးများ၊ ကိုယ်ဝန်သည်များလည်း ရှိတတ်ပါသည်။
နောက်တစ်ချက် အရေးကြီးသည်မှာ ဤကဲ့သို့ ကိုယ်ဝန်သက်တမ်းကို LMP မှတွက်သောနည်း (Negale’s rule ဟုခေါ်သည် ထင်ပါသည်) သည် အမျိုးသမီးတိုင်းအတွက် အဆင်မပြေပါ။
ဤနည်းဖြင့် ကိုယ်ဝန်သက်တမ်းကို မှန်ကန်စွာ တွက်ချက်နိုင်ရန်အတွက် အမျိုးသမီးသည် . . .
၁။ မိမိ၏ LMP ကိုတိတိကျကျ မှတ်မိရပါမည်။
၂။ ရာသီစက်ဝန်းတိုင်းသည် ၂၈ ရက်ကြာတစ်ခါ ပုံမှန်ဖြစ်ရပါမည်။
၃။ ၂၆ ရက်ကြာတစ်ခါလာလိုက်၊ ၃၀ ရက်ကြာတစ်ခါလာလိုက်၊ ၃၅ ရက်ကြာတစ်ခါလာလိုက် စသည်ဖြင့် တစ်လနှင့်တစ်လ မတူညီသည် မဖြစ်ရပါ။
၄။ ရာသီမမှန်စေသော မဟော်မုန်းပါ သားဆက်ခြားဆေးများ (အရေးပေါ်သားဆက်ခြားဆေး၊ သုံးလခံတားဆေးထိုးဆေး၊ လက်မောင်းအရေပြားအောက် ထည့်သောဆေးတောင့်) ကို ဖြတ်ပြီးပြီးချင်း ချက်ချင်းကိုယ်ဝန်ရသူများ မဖြစ်ရပါ။
၅။ ယခင်မွေးထားသောကလေးကို နို့တိုက်နေစဉ် နောက်ရာသီပြန်မပေါ်မီ ကိုယ်ဝန်ရသွားသူများ မဖြစ်ရပါ။
အထက်ပါ အချက်များထဲမှ တစ်ခုခုနှင့်ငြိလျှင် ဤ Negale” s rule ဖြင့် Gestational age and EDD ကိုတွက်ရန် အဆင်မပြေနိုင်တော့ပါ။ မှားနိုင်သည်။ LMP မသိသဖြင့် လုံးဝတွက်မရ ဖြစ်နိုင်ပါသည်။
…
…
အဲဒါဆိုဘာလုပျကွမလဲ။
ကိုယ်ဝန်သက်တမ်း အတိအကျ ဘယ်လောက်ရှိပြီလဲ သိဖို့က အလွန်အရေးကြီးပါတယ်နော်။ ဘယ်အချိန်မွေးကြမလဲဆိုရင် သဘာဝအတိုင်း အလိုအလျောက် ဗိုက်နာတဲ့အချိန်။ ဘယ်လိုမွေးကြမလဲဆိုရင် သဘာဝမွေးလမ်းကြောင်းကပဲလို့ ကိုယ်ဝန်ဆောင်အားလုံးကို အဲဒီလိုယူဆထားလို့ မရပါဘူး။
အဲဒီလိုယူဆလို့ရတာ ၇၀ % လောက်ပဲ ရှိပါတယ်တဲ့ဗျ။ ကျန်တဲ့ ၃၀ % ကတော့ စောမွေးဖို့လိုအပ်တာ၊ စောဗိုက်နာအောင် ဆေးထည့်ပေးရတာ၊ စောပြီးခွဲမွေးပေးရတာတွေ ရှိတတ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်များအားလုံးကို ကိုယ်ဝန်သက်တမ်း ရက်သတ္တပတ် ဘယ်လောက်ရှိပြီလဲဆိုတာကို၊ ၃၇ ပတ်ဘယ်တော့ပြည့်မယ်ဆိုတာကို အနီးစပ်ဆုံး ဖြစ်အောင်ကြိုတင်ခန့်မှန်းထားဖို့ အလွန်အရေးကြီးပါတယ်ဗျ။
အဲဒါအတွက် အကောင်းဆုံးနည်းကတော့ ကိုယ်ဝန်ရှိတယ်လို့သိသိချင်း ၈ ပတ်နဲ့ ၁၃ ပတ်ကြားမှာ အာထရာဆောင်း (USG) ရိုက်ပြီး တွက်ချက်ခန့်မှန်းထားဖို့ပါဗျ။ Dating Scan လို့တောင် ခေါ်ကြပါတယ်။ ကလေးလေးက သေးသေးလေးဆိုတော့ အသက်ခန့်မှန်းရတာ ပိုတိကျပါတယ်တဲ့။ လိုသုံးရက် ပိုသုံးရက်ပါပဲတဲ့။
လရင့်လာမှ USG သွားရိုက်ရင်လည်း USG ဆရာက ကလေးအသက်ကိုတော့ ခန့်မှန်းပေးလိုက်မှာပါပဲ။ ဒါပေမယ့် ၅ လ၊ ၆ လ လောက်မှဆိုရင် လိုနှစ်ပတ်၊ ပိုနှစ်ပတ်လို့ပဲ ပြောနိုင်တော့မယ်။ ၇ လ၊ ၈ လလောက်ဆိုရင် လိုသုံးပတ်၊ ပိုသုံးပတ်လို့ပဲ ပြောနိုင်တော့မယ်။ တအားမတိကျနိုင်တော့ဘူး။
မွေးပြီးသား ကလေးငယ်လေးတွေလိုပေါဗျာ။ ၆ လ သားနဲ့ တစ်နှစ်သား ဘယ်သူအကြီးလဲ၊ အငယ်လဲ ခန့်မှန်းရတာ လွယ်ပါတယ်။ ၁၈ နှစ်သားနဲ့ ၁၉ နှစ်သားကိုတော့ ခန့်မှန်းရတာခက်သွားပြီလေ။
အဲဒါကြောင့် Negale’s rule နဲ့ ကိုယ်ဝန်သက်တမ်း တွက်ဖို့ အဆင်မပြေသူများအားလုံး Dating Scan ရိုက်ထားကြပါလို့ အကြံပြုလိုပါတယ်ခင်ဗျ။ မှန်ပါတယ်။ Dating Scan ကတော့ သားသားလေးလား၊ မီးမီးလေးလား မပြောပြနိုင်သေးပါဘူး။ ကြိုသိချင်ရင် လရင့်တော့ ထပ်ရိုက်လို့ရပါတယ်။ ခဏခဏရိုက်လို့ ကလေး အန္တရာယ်မရှိပါဗျ။
Dating Scan ကပြောတဲ့မွေးရက်နဲ့ လရင့်မှရိုက်တဲ့ Scan ကပြောတဲ့မွေးရက် မတူကွာဟနေရင် Dating Scan ကို အမှန်ယူရမှာ မို့ပါခင်ဗျ….။
(ဆက်လက်ဖော်ပြပါမည်)
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.