ညက တစ်ညလုံး မအိပ်လိုက်ရတဲ့ ဆီးကျောက် အကြောင်းလေး ပြောပြချင်လို့။ ဆရာ Surgeon (ခွဲစိတ်ဆရာဝန်) တို့ ကျွန်တော်မှားနေရင်လည်း ပြင်ပေးကြပါဦးနော။

ဆီးလမ်းကြောင်းက ကျောက်ကပ်နှစ်ခုက စတယ်ဗျ။ သူတို့နှစ်ခု ဘယ်မှာနေလဲတော့ သိကြတယ်ဟုတ်။ အောက်ဆုံးနံရိုးနဲ့ ဗိုက်နဲ့အဆက် ခါး‌ဘေးတစ်ဖက်တစ်ချက်မှာ နေကြတယ်။

ကျောက်ကပ်တွေထဲကို ဝင်လာပြီး သွေးတွေလာပို့တဲ့ သွေးကြောတစ်ခုစီရှိတယ်။ Renal artery လို့ခေါ်တယ်။ ဒီသွေးကြောတွေမှတစ်ဆင့် ရောက်လာသောသွေးတွေကို ကျောက်ကပ်များက အညစ်အကြေး၊ အဆိပ်အတောက်ဆီးနဲ့ သန့်စင်ပြီးသွေးအဖြစ် ခွဲထုတ်ပေးတယ်။

ဆီးတွေက ကျောက်ကပ်က ထွက်လာတဲ့ ဆီးပြွန် Ureter ကနေ အောက်ကို စက္ကန့်နဲ့အမျှ တစ်စက်စက်ကျနေတယ်။ သန့်စင်ပြီးသွေးတွေကတော့ ကျောက်ကပ်သွေးပြန်ကြော Renal vein ကနေ ပြန်ထွက်သွားတယ်။

ဆိုတော့ ကျောက်ကပ်ထဲကို အဝင်က Renal artery တစ်ချောင်းတည်း သွေးနဲ့ဆီးအရော၊ ပြန်ထွက်လာတာက သွေးသပ်သပ် Renal vein နဲ့ ဆီးသပ်သပ် Ureter နှစ်ခုပေါ့။ ဒီဖြစ်စဉ်ကြီးက စက္ကန့်နဲ့အမျှ ဖြစ်နေတာဆိုတော့ ကျောက်ကပ်က ထွက်လာတဲ့ Ureter ထဲမှာ ကျောက်စက်ရေ ဆီးတွေက အမြဲတစ်စက်စက်ကျနေတယ်။

အဲဒီတော့ ကျောက်ကပ်က ထွက်လာတဲ့ Ureter က ဆီးခုံရိုးအထက် ချက်အောက်နားမှာရှိတဲ့ ဆီးသိုလှောင်အိတ်၊ ဆီးအိမ် Urinary bladder နဲ့ဆက်ထားရတယ်။ တစ်စက်စက်ကျလာတဲ့ဆီးတွေကို သူ့ထဲမှာသိုလှောင်ထားရတယ်။ ပြည့်ပြီဆိုမှ ယောင်္ကျားလေးဆိုရင် ရွှေပြွန်ချောင်းက ရေသွန်လောင်းတယ်ပေါ့။ မိန်းကလေးဆိုရင် ရွှေခွက်က ရေထွက်တော်မူတယ်ပေါ့။

ဆီးအိမ်ရဲ့သဘောသဘာဝက အတော်ဆန်းကြယ်သဗျ။ သူ့ထဲကို ဆီး ၂၀၀ စီစီ ရေသန့်ဘူး ငါးပုံတစ်ပုံ ပမာဏလောက်ရောက်လာရင် စအချက်ပြသဗျ။ အခြေအနေမပေးသေးလို့ ရွှေပြွန်ချောင်းက ရေမသွန်လောင်းနိုင်သေးရင် ခဏအောင့်ထား။ ခဏနေ ပြန်ပျောက်သွားရော။ ဆီး ၅၀၀ စီစီ ရေသန့်ဘူးတစ်ဝက်လောက် စုမိပြီဆိုရင်တော့ အတော်နေမထိထိုင်မသာ ဖြစ်ပြီပေါ့။ ရေသန့်တစ်ဘူးစာ ၁၀၀၀ စီစီလောက်ရှိ ပေါက်မရရင်တော့ ထွန့်ထွန့်ကိုလူးလှိမ့်နေရပြီ။

ညက ၃၅ နှစ်အရွယ် ယောက်ျားက အဲဒီလိုဖြစ်တာ။ ဆီးသိုလှောင်အိတ်၊ ဆီးအိမ်နဲ့ ရွှေပြွန်ချောင်းရဲ့အဆက်နေရာကနေပြီး ပိတ်တာ။ လုံးဝ ရေသွန်လောင်းလို့မရတော့တာ။

များသောအားဖြင့် ပိတ်တတ်တာကတော့ ဆီးကျောက်ပေါ့ဗျာ။ အခြားအကြောင်းအရာတွေ urethral stricture ဘာညာတွေတော့ ကျွန်တော်အသေးစိတ် မသိတော့ပါဘူး။

လူနာ‌ယောက်ျားက ဆီးမပေါက်နိုင်၊ ဆီးအိမ်ကြီးတင်းကား လူးလှိမ့်လို့။ အမလေး၊ အဘလေးတလို့။ ရွှေပြွန်ချောင်းကနေ ဆီးပိုက်ထည့်ဖို့ ကြိုးစားကြည့်တယ်။ ဘယ်လိုမှမရဘူး။

အဲဒါနဲ့ ဆီးစပ်အထက်နားကနေ ထုံဆေးလေးနဲ့ခွဲပြီး ဆီးအိမ်ထဲကို သေးပေါက်ဖို့ လမ်းကြောင်းလွှဲ ဆီးပိုက်လေးထည့်ရတာပေါ့။ SPC Suprapubic catheterization လို့ခေါ်တယ်။ ဆီးတွေကလည်း လမ်းလွှဲကနေ တဖြောဖြောထွက်ကျပြီး ခုနလူးလှိမ့်နေတဲ့နာကျင်မှုက ယူပစ်လိုက်သလို ပျောက်သွားရောဗျာ။

ကျွန်တော်တို့ကလည်း ရှေ့ဆက်လုပ်ရမှာတွေ ရှင်းပြ။ ခွဲစိတ်အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှု ခံယူရမယ်ပေါ့နော။ အဲဒီမှာ လူနာနဲ့လူနာရှင်က လောဘတွေ တက်လာရော။ ဒီမှာပဲမရဘူးလား ဆရာတဲ့။

ကျွန်တော်မလုပ်တတ်ပါဘူး ဆိုတဲ့အကြောင်း အာပေါက်အောင် ရှင်းပြလိုက်ရတာလေ။ ဘယ့်နှယ့် ကိုယ်ညံ့ကြောင်း လူသိရှင်ကြား ကြေညာရဲတာ ဆရာဝန်တွေပါလား။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ်ဆိုတဲ့ ဗိုက်ကလေးစကား ကြားယောင်မိ။

Transvesical Lithotomy (အဲသလိုခေါ်သလား) လောက်သင်ပေးမယ့် Surgeon (ခွဲစိတ်ဆရာဝန်) မမလေးများရှိရင် ကောင်းမှာပဲလို့လည်း တမ်းတမိပါတယ်။ Lithotripsy တွေလောက်အထိတော့ မမှန်းတော့ပါဘူး။

စိတ်ကူးလေးပါပဲ 😁😁😁…….။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here