ဒီတစ်ပတ်မှာတော့ အာဟာရအပြင် အလှအပရေးရာနဲ့ပါဆိုင်တဲ့ ကော်လာဂျင် (collagen) အကြောင်းလေးကို တင်ဆက်ပေးသွားပါမယ်နော်…

ဦးဆုံးအနေနဲ့ မိတ်ဆက်ပေးရရင် Collagen ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ခန္ဓာကိုယ်ထဲ အများဆုံးရှိတဲ့ ပရိုတိန်းတွေထဲကမှ တစ်ခုပေါ့။ ကော်လာဂျင် အမျိုးအစားပေါင်း (၂၈) မျိုးလောက်ရှိပါသတဲ့။ အဲဒီ့ထဲက အများဆုံးကတော့ Type I collagen ပေါ့။ တစ်ကိုယ်လုံးမှာရှိတဲ့ collagen တွေရဲ့ ၉၀% ပါ။

ကော်လာဂျင်ဟာ တစ်ရှူးတွေရဲ့ တည်ဆောက်ပုံဆိုင်ရာ အထောက်အပံ့ကို ပြုလုပ်ပေးတာဖြစ်လို့ တွယ်ဆက်တစ်သျှူးတွေ၊ အရေပြားနဲ့ အရွတ်တွေ၊ အရိုးနဲ့ အရိုးနုတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

လွယ်လွယ်ပြောရရင် အဆောက်အဦးတွေ တည်ဆောက်တဲ့အခါ ဘိလပ်မြေလိုမျိုး၊ ဆေးသုတ် ဆေးမှုတ်တဲ့အခါ ပတ်တီးဖို့သလိုမျိုး ခန္ဓာကိုယ်က အစိတ်အပိုင်းတွေကို တင်းတင်းရင်းရင်း၊ တောင့်တောင့်တင်းတင်းနဲ့ လှပနေစေဖို့ ကော်လဂျင်က လုပ်ဆောင်ပေးနေပါတယ်။

ကော်လဂျင်ထုတ်လုပ်မှုဟာ အသက်အရွယ်ရလာတာနဲ့အမျှ နည်းပါးလာတာမို့လို့ အရေပြားလျော့တွဲတာမျိုးနဲ့ အရေးအကြောင်းများတွေ ပေါ်လာတာလိုမျိုး အိုမင်းရင့်ရော်တဲ့ပုံစံကို ဖြစ်ပေါ်စေတာပါ။

..

..

Collagen ကို ဘယ်ကရ …….?

သင့်ခန္ဓာကိုယ်က ကော်လာဂျင်ကို သဘာဝအတိုင်း ထုတ်လုပ်နိုင်ပါတယ်။

အစားအစာကနေ ဆိုရင်တော့ အမဲရိုးစွတ်ပြုတ်ထဲက jelly လို အိတုန်အတုံးလေးတွေ၊ ကြက်အရေခွံနဲ့ ငါးအရေခွံတို့လိုဟာမျိုးကနေ အများဆုံး ရနိုင်ပါတယ်။ အခြားပရိုတင်းတွေ စားရင်လည်း ခန္ဓာကိုယ်ထဲမှာ ကော်လဂျင်အဖြစ် ပြန်ပြောင်းပြီး တည်ဆောက်နိုင်ပါတယ်။

.

စျေးကွက်ထဲမှာတော့ ကော်လာဂျင်ကို ဖြည့်စွက်စာအနေနဲ့ အမှုန့်၊ ဆေးတောင့်နဲ့ အရည်ပုံစံတွေနဲ့ အမျိုးမျိုး ရောင်းကြပါတယ်။

ဒါ့အပြင် အချို့မျက်နှာလိမ်းခရင်မ်တွေနဲ့ serums လိုမျိုး ထုတ်ကုန်တွေမှာလည်း ကော်လဂျင်ကို အသုံးပြုကြပါတယ်။

..

..

အထက်မှာ ပြောခဲ့သလို အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင် ဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေဖြစ်လာလို့ အရေပြားမှာ အရေးအကြောင်းတွေ ဖြစ်လာတာ၊ အသားအရေ ခြောက်သွေ့လာတာလိုမျိုး ဇရာရုပ်ကို ပေါ်လာစေသလို၊ အရိုးတွေမှာဆိုရင်လည်း ကော်လာဂျင်လျော့နည်းသွားတဲ့အခါ အရိုးရဲ့ကြံ့ခိုင်မှုကို လျော့နည်းစေပါတယ်။

ဇရာ ဆိုတာ ရှောင်လွှဲလို့မရပေမယ့်လည်း၊ အစားအသောက် လူနေမှုပုံစံနဲ့ ကော်လဂျင်ဆုံးရှုံးမှုနည်းအောင်တော့ ထိန်းလို့ရတာတွေရှိပါတယ်။

ဥပမာ – ဆေးလိပ်သောက်တာဟာ ကော်လာဂျင်ကို နည်းစေတာမို့၊ ဆေးလိပ်ဖြတ်လိုက်တာမျိုး လုပ်နိုင်ပါတယ်။

အရက် အလွန်အကျွံသောက်ရင်လည်း ကော်လာဂျင်ထုတ်လုပ်မှုကို နည်းသွားစေတာမို့ အရေပြားအိုမင်းရင့်ရော်မှုကို မြန်စေပါတယ်။ ယမကာကို ရှောင်ကြပါစို့။

ဒါ့အပြင် သကြားအများကြီးစားတာတို့လို Glycation ကရတဲ့ ဒြပ်ပေါင်းတွေကြောင့်လည်း မြန်မြန်ရုပ်ရင့်နိုင်ပါတယ်။ (advanced glycation end products) AGEs ဆိုတာ အရေပြားမှာ စုပုံနေတဲ့ အဆိပ်တွေပါ။ ဒါ့ကြောင့် သကြားကိုလည်း လျော့စားကြပါစို့။ (သကြားလျော့စားတော့ ဆီးချိုလည်း မဖြစ်တော့ဘူးပေါ့နော်…)

နောက်ထပ်အနေနဲ့ နေရောင်ခြည်ကို လွန်ကဲစွာ ထိတွေ့ခြင်းဟာလည်း ကော်လာဂျင် ထုတ်လုပ်မှုကို ကျဆင်းစေပါသတဲ့။ Suncream သုံးကြတာပေါ့နော်…

..

..

အစားအစာတွေထဲမှာတော့ ကော်လဂျင်များတာကို ရွေးချယ်ပြီး စားပေးနိုင်ပါတယ်။

ကြက်အရေခွံ၊ ဝက်လက်ဆစ်လိုမျိုး တိရစ္ဆာန်တွေရဲ့ အရိုးအရွတ်တွေ၊ အရွတ်များတဲ့ ငါးအရေခွံနဲ့ ရေခူလိုမျိုး ပင်လယ်စာအချို့၊ အရိုးဟင်းရည်၊ အမဲရိုးစွတ်ပြုတ်ထဲက jelly လို အိတုန်အတုံးတွေနဲ့ အရိုးအရွတ်တွေကို စားနိုင်ပါတယ်။

ပရိုတင်းလုံလောက်စွာ စားရင်လည်း ကော်လာဂျင်ကို သဘာဝအတိုင်း ထုတ်လုပ်ပေးတာကြောင့် ကြက်၊ ငါး၊ ပဲ နဲ့ ဥအမျိုးမျိုးလို အစားအစာတွေကတစ်ဆင့် ပရိုတင်းပမာဏကို လုံလောက်စွာစားပေးရင်လည်း ကော်လာဂျင်ထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်ပါတယ်။

ကော်လဂျင်ကို ပံပိုးပေးတဲ့ အဓိကဇာတ်ပို့ကိုလည်း မေ့ထားလို့မရပါဘူး။ သူကတော့ ဗီတာမင် C ပါ…

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို များများစားသုံးခြင်းဟာ ကျန်းမာစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဥပမာအားဖြင့် လိမ္မော်သီး၊ ငရုတ်ပွ၊ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေ၊ ဘယ်ရီသီး၊ အခြားသစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားနိုင်ပါတယ်။

..

..

Collagen ဖြည့်စွက်စာတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလား ?

Collagen သီးသန့်ပါတာဆို သိပ်ကိစ္စမရှိပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေသူတွေမှာတော့ မသောက်တာ ပိုကောင်းပါတယ်။ တချို့ ဖြည့်စွက်စာတွေမှာ ဗီတာမင်တွေ လွန်ကဲစွာ ပါနေတာမျိုး၊ အခြား ဒြပ်ပေါင်းတွေ အများကြီးပါနေတာမျိုး ဆိုရင်တော့ အလွန်အကျွံသုံးမိရင် overdose ဖြစ်ပြီး အသည်းထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

ရောဂါအခံတစ်ခုခု ရှိနေရင်တော့ ပြနေကျ ဆရာ၀န်နဲ့ တိုင်ပင်ပြီးမှ သောက်တာ စိတ်ချရပါတယ်။

*** ကော်လဂျင်၀ယ်သောက်လည်း အသားအရည်ကြည်လင်လာတဲ့ အာနိသင်ဟာ ရေရှည်အတွက် ထိရောက်မှု သိသိသာသာမရှိဘူးလို့ သုတေသနများက ဆိုပါတယ်။ လှချင်တဲ့သူတွေကို ပစ်မှတ်ထားပြီး စျေးကွက်ထဲမှာ စီးပွားရှာကြတာတွေလည်းရှိလို့ ဒါသောက်မှ သုံးမှ လှမယ်ဆိုတာ မဟုတ်နေပါဘူး။ အားလုံးမှာ အလှတရားကိုယ်စီနဲ့ပါ… ***

..

..

ဒီတော့ ငွေကုန်ကြေးကျ သက်သာပြီး လှပသန်မာနေအောင် ဘယ်လိုလုပ်ရမယ်…….?

တကယ်တော့ လတ်ဆတ်တဲ့အစားအစာတွေ အစုံစားမယ်၊ သစ်သီး၀လံတွေ မျှတအောင်စားမယ်၊ ပရိုတင်းလုံလောက်စွာ စားမယ်၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ ဗီတာမင် C နဲ့ ဇင့် ကြွယ်၀တဲ့ အစားအစာတွေ စားမယ်….

နောက်ပြီး….

တာရှည်ခံ ready made တွေ ရှောင်မယ်​၊ အသားချောင်း၊ ၀က်အူချောင်း၊ တာရှည်ခံ အစားအစာတွေ မစားတော့ဘူး၊ ဆီကြော်တွေ ရှောင်နိုင်သလောက်ရှောင်မယ်၊ ဟော့ဒေါ့နဲ့ ဘေကွန်တို့လို ပြုပြင်ထားတဲ့ အသားတွေ၊ အာလူးချောင်းကြော်တွေ၊ ကင်ထားတဲ့ အသားကင်တွေ ရှောင်မယ် ဆင်ခြင်မယ်ဆို….ကော်လဂျင်ဘယ်အားဆေးမှ ကူဖို့ မလိုပါဘူး။ အသားအရည် ၀င်းစိုပြီး အရေးအကြောင်းနည်းနေမှာပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး နေရောင်ခြည်ရတဲ့အခါ အရိုးအဆစ်တွေလည်း သန်မာလာမှာပါ။

ဒါပေမယ့်….

မြန်မာလူမျိုးတွေဟာ အသားစားတာနည်းလို့ (ပရိုတင်း အစားနည်းတာမျိုးဖြစ်နိုင်လို့) တစ်နေ့တာလိုအပ်ချက်အပေါ် စနစ်တကျ တွက်ချက်ပြီးစားတာက ပိုသင့်တော်ပါလိမ့်မယ်။

အသက်အရွယ်နဲ့ဆိုင်တဲ့ ကော်လာဂျင် ဆုံးရှုံးမှုကို ရှောင်လွှဲလို့မရပေမယ့် ကျန်းမာတဲ့လူနေမှုပုံစံက ကော်လာဂျင်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပြီး အိုမင်းရင့်ရော်မှု လက္ခဏာတွေကို နှောင့်နှေးစေပါတယ်။

အခုလို စျေးဖိုးရှားတဲ့ကာလမှာ သင့်တင့်စွာ ချင့်ချိန်စားသောက်ရင်လည်း သဘာ၀အတိုင်း glow ပြီး လှပနိုင်ပါတယ်နော်…။

.

အာဟာရဆရာ၀န်တစ်ဦး

Ref; ???? https:// www. healthline. com /nutrition/collagen#collagen-loss

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here