ဒါကိုအရွယ်ရောက်ပြီး အမျိုးသား အမျိုးသမီးတိုင်း သိထားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်ဝန်အစ ဥ နှစ်လုံးကပါ။
အမျိုးသားများမှာ ဥ နှစ်လုံးပါသလို အမျိုးသမီးများမှာလည်း ဥ နှစ်လုံးပါပါတယ်။ အမျိုးသားများရဲ့ ဥ နှစ်လုံးကတော့ တွဲလဲလေး အားလုံးမြင်သာထင်သာ ရှိသည့်အတွက် လူတိုင်းသိကြပါတယ်။ အမျိုးသမီးများရဲ့ ဥ နှစ်လုံးကတော့ ဝမ်းဗိုက်ခေါင်း အောက်အတွင်းပိုင်း တင်ပါးဆုံရိုးခွေအတွင်း သားအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာမို့ မိန်းမတွေ ဥ နှစ်လုံးပါတယ်ဆိုတာကို ခန္ဓာဗေဒ မသင်ဘူးရင် မသိကြပါဘူး။
…
…
အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစု အဖွဲ့အစည်းက ရှင်းပါတယ်။ ဥ နှစ်လုံး (ဝှေးစေ့၊ ဂွေးစိ၊ testes) နဲ့ ယောက်ျားလိင်တံ (ပဲမြစ်၊ penis) တို့ပဲ ဖြစ်ပါတယ်။
ဥ နှစ်လုံးရဲ့အလုပ်က အဖိုမျိုးစေ့ (သုက်ပိုး၊ spermatozoa) ကို ထုတ်ပေးဖို့ ဖြစ်ပါတယ်။ လူပျိုဖြစ်ပြီးချိန်မှစလို့ မသေမချင်း နေ့စဉ် အသစ်အသစ်သော အဖိုမျိုးစေ့များကို ထုတ်လုပ်ပေးနေပါတယ်။ အမျိုးသားများရဲ့ ဥ နှစ်လုံးဟာ စိမ့်စမ်းရေထွက်နဲ့ တူပါတယ်။ အသက်အရွယ်ကိုလိုက်ပြီး ရေထွက်ကြီးနဲ့ ရေထွက်လေးပဲ ကွာပါမယ်… ရေခမ်းသွားတယ်လို့တော့ မရှိပါ။
အဖိုမျိုးစေ့ သုက်ပိုးများရဲ့ ပုံစံကတော့ သစ်သားမီးခြစ်ဆံ အချောင်းလေးများနဲ့ တူပါတယ်။ ဦးခေါင်းပိုင်း အဝိုင်းထဲမှာ မျိုးစေ့ကိုသယ်ဆောင်ထားပြီး နောက်အမြှီးပိုင်းက ကူးခတ်ရွေ့လျားဖို့ တာဝန်ယူရပါတယ်။ တစ်ကောင်ချင်းစီသည် သာမန်မျက်စိဖြင့် မမြင်ရလောက်အောင် အလွန်သေးငယ်ပါတယ်။
ယောင်္ကျားလိင်တံ ပဲမြစ်ရဲ့တာဝန်က ဥ နှစ်လုံး နေ့စဉ်ထုတ်လုပ်ပေးတဲ့ အဖိုမျိုးစေ့များကို အမျိုးသမီးရဲ့ မွေးလမ်းကြောင်းထဲကို ထည့်ပေးရတဲ့အလုပ်ပါ။ တစ်ခါထည့်ပေးရင် အဖိုမျိုးစေ့ပေါင်း အနည်းဆုံး သန်းလေးဆယ်နဲ့အထက် ပါပါတယ်။ နေ့စဉ်လည်း ထည့်ပေးနိုင်စွမ်းသူ များပါတယ်။
“ ဖူးစာဆိုတာ ဦးရာလူပါ”
“ ယောင်္ကျားကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့မျှော်ရတာ”
“ သမီးကညာ အခါမလင့်စေနှင့်”
လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မပြည်ကအပ်တစ်စင်း ဆုံဖို့က လွယ်ဦးမယ်… လူ့ဘဝရဖို့က ခက်သတဲ့။ ဒါကြောင့်မို့လည်း အမျိုးသားများက အပ်မိုးကြီးရွာချရတာပေါ့… အသုံးအဖြုန်းကြီးတယ်လို့ မထင်စေလို။
ဘယ်လိုပဲ အပ်မိုးကြီး ရွာချရွာချ… ကိုယ်ဝန်ရဖို့အတွက်က အဖိုမျိုးစေ့ တစ်ကောင်ပဲလိုတာပါ။ ဆိုလိုတာက ယောက်ျားလေးအများစုသည် နေ့စဉ် ကလေးအဖေဖြစ်နိုင်စွမ်း ရှိပါသည်။
…
…
အမျိုးသမီးများရဲ့ မျိုးပွားအင်္ဂါစုကတော့ အနည်းငယ် ပိုမိုရှုပ်ထွေးပါတယ်။
ပုံမှာ အောက်ကနေ စကြည့်ရင် မွေးလမ်းကြောင်း (မိန်းမကိုယ်၊ ယောနိ၊ ပူစီ၊ love hole, vagina) ကို တွေ့ရပါမယ်။ သူ့တာဝန်က ပဲမြစ်လေး ထိုးထည့်ပေးလိုက်တဲ့ အဖိုမျိုးစေ့များကို လက်ခံရန်ဖြစ်ပါတယ်။ မွေးလမ်းကြောင်းရဲ့ထိပ်မှာတော့ ၎င်းထဲသို့ ထိုးဆင်းလာသော သားအိမ်ခေါင်း (cervix) ရှိပါတယ်။
သားအိမ်ခေါင်းအဝမှာ အပေါက်ကျဉ်းကျဉ်းလေးရှိပြီး သုံး-လေး စင်တီမီတာခန့် ရှည်လျားတဲ့ သားအိမ်လည်တံ (သားအိမ်ခေါင်း၊ cervical canal) နဲ့ အပေါ်ရှိသားအိမ်အတွင်းခန်း (uterine cavity) ကို ဆက်သွယ်ပေးထားပါတယ်။ တစ်ဖန် သားအိမ်အတွင်းခန်းရဲ့ အပေါ်ပိုင်း ဘေးဘက်ထောင့်တစ်ဖက်တစ်ချက်ဆီကနေ ပြွန်လေးတစ်ချောင်းစီ ထွက်နေတာကို တွေ့ရပါတယ်။ အမျိုးသမီးရဲ့သားကြောလို့ အတော်များများဘာသာပြန်ကြပါတယ်။ ကျွန်တော်ကတော့ သားပို့ပြွန် သို့မဟုတ် ချစ်သူလမ်းကြား (fallopion tube) လို့ ဘာသာပြန်လိုပါတယ်။
သားပို့ပြွန်တစ်ခုစီရဲ့ ထိပ်မှာတော့ အမျိုးသမီးတို့ရဲ့ ဥ တစ်လုံးစီ ရှိပါတယ်။ မမျိုးဥအိမ်၊ သားဥအိမ် (ovary) လို့ ခေါ်ကြပါတယ်။ အမျိုးသားများနဲ့ မတူတာက အမျိုးသမီးအဖြစ် မွေးဖွားလာကတည်းက သားဥအိမ်ထဲမှာ အမမျိုးစေ့၊ သားဥကင်းလေးတွေ (ovum) အရေအတွက်က အတိအကျပါလာပြီးသား ဖြစ်တာပါ။ အမျိုးသမီးများရဲ့ ဥ နှစ်လုံးဟာ ကန်ရေနဲ့တူပါတယ်… တစ်ချိန်ကျရင် ခမ်းခြောက်သွားမှာပါ၊ သားဥလေးတွေ ကုန်သွားမှာပါ။ ပုံမှန်က အသက်ငါးဆယ် ဝန်းကျင်ပေါ့… သွေးဆုံးတယ်လို့ ခေါ်ကြတယ်။ အဲဒီလို သားဥတွေ ကုန်သွားပြီးရင် အမျိုးသမီးများဟာ ကိုယ်ဝန်မဆောင်နိုင်တော့ပါဘူး။
အမျိုးသမီးများရဲ့ ရာသီစက်ဝန်း တစ်လလုံးအတွင်းမှာမှ တစ်ရက်တည်းမှာ သားဥအိမ်တစ်ခုခုကနေပြီး သားဥတစ်လုံးပဲ ကြွေပါတယ်။ ကြွေကျလာတဲ့သားဥလေးကို သားပို့ပြွန်ထိပ်က လက်ချောင်းပုံ ကတော့လေး (fimbrial end) ကနေ ဖမ်းယူထားပြီး သားပို့ပြွန်ရဲ့ထိပ် အကျယ်ဆုံးနေရာ (ampullary region) မှာ ထိန်းသိမ်းထားပါတယ်။
သားဥလေးဟာ လုံးဝန်းတဲ့ပုံစံရှိပြီး လုံးဝရွေ့လျားနိုင်ခြင်း မရှိပါဘူး။ သက်တမ်းကလဲ တစ်ရက်ပဲ ခံပါတယ်။ အဲဒီရက်သည် အမျိုးသမီး ကိုယ်ဝန်ရနိုင်သောရက် ဖြစ်ပါတယ်။
…
…
ခုဆိုရင် အမျိုးသမီးတစ်ယောက်မှာ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းအဝ၊ သားအိမ်လည်တံ၊ သားအိမ်အတွင်းခန်း၊ သားပို့ပြွန်တစ်လျှောက်ကနေ သားဥအိမ်အထိ တိုးလျှိုးပေါက်လမ်းကြီး ဖြစ်နေတယ်ဆိုတာကို မြင်ပြီထင်ပါတယ်။
ဒါပေမယ့် ပဲမြစ်ကလေး ထိုးထည့်ပေးလိုက်သော သန်းလေးဆယ်သော သုက်ပိုး၊ အဖိုမျိုးစေ့များသည် မွေးလမ်းကြောင်းထဲအထိပဲ ရောက်ပါတယ်။ သားပို့ပြွန်ရဲ့ထိပ် (ampullary region) မှာ စောင့်နေတဲ့ မမျိုးဥ (ovum) လေးဆီကို သားအိမ်ခေါင်းအဝကနေစပြီး သူ့ထက်ငါအရောက် အပြေးပြိုင်ကြရမှာ ဖြစ်ပါတယ်။
အသန်ဆုံး၊ အမြန်ဆုံး၊ အရင်ဆုံး ရောက်သွားတဲ့ သုက်ပိုးက သားပို့ပြွန်ထိပ်မှာ စောင့်နေတဲ့ သားဥလေးနဲ့ ပေါင်းဖက်ပြီး သန္ဓေခဲလေး ဖြစ်သွားပါတယ်။ သန္ဓေခဲလေးဟာ (၇) ရက်အတွင်း သားပို့ပြွန်တစ်လျှောက် သားအိမ်ဘက်ကို ပြန်လှိမ့်ဆင်းလာပြီး သားအိမ်နံရံမှာ လာတွယ်ရပါမယ်။
ဒါကြောင့် သားပို့ပြွန် (ခေါ်) ချစ်သူလမ်းကြား (ခေါ်) fallopion tube သည် သုက်ပိုးများ မမျိုးဥနှင့်တွေ့ရန် တက်သွားရာလမ်းဖြစ်သလို သန္ဓေအောင် အခဲလေး ဖြစ်လာပါကလည်း သားအိမ်ထဲတွင် ကိုယ်ဝန်ပြန်တွယ်ရန် ပြန်ဆင်းလာသော လမ်းကြောင်းလည်း ဖြစ်ပါတယ်။
ဗိုက်ခွဲပြီး ဒီလမ်းကြောင်းလေးနှစ်ခုကို ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းကို အမျိုးသမီးသားကြောဖြတ်ခြင်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အမှန်မှာ စောင့်နေသော မမျိုးဥ သားဥလေးဆီသို့ သုက်ပိုးများသွားရာ ချစ်သူလမ်းကြားလေးကို ပိတ်ဆို့လိုက်ခြင်းသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာဘာသာစကားရဲ့ အဓိပ္ပာယ်မှာ အကြောဖြတ်တယ်ဆိုတဲ့ စကားလုံးကို ကြောက်စရာပါဝင်တယ်လို့ ယူဆကြပါတယ်။ သွေးကြောဖြတ်ရင် ဘာဖြစ်တတ်တယ်၊ အရွတ်ကြော (tendin) ပြတ်ရင် ဘာဖြစ်တတ်တယ် စသည်ဖြင့်လည်း သိထားကြတာကိုးဗျ။
အမှန်မှာ သားကြောဖြတ်တယ်ဆိုတာ ကြောက်စရာ မဟုတ်ပါ….
(ဆက်လက် ဖေါ်ပြပါမည် ခင်ဗျ…..)
.
Dr ဝေဖြိုး
အထူးကုဆရာဝန်တစ်ဦး
လွတ်မြောက်နယ်မြေတစ်နေရာ
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.