ဘိုးဘိုးဘွားဘွား ဖေဖေမေမေ ဦးဦးဒေါ်ဒေါ်တို့ရေ…

အခုဆိုရင် ဆောင်းရာသီရောက်လာပြီဖြစ်တဲ့အလျောက် ကလေးလေးတွေ မကြာမကြာနှာစေးချောင်းဆိုးတတ်ကြလို့ စိတ်ပူနေကြရပြီ ထင်ပါတယ်နော်။

မကြာသေးခင်ကမှ ဂမ်ဘီယာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကလေးလေးတွေရဲ့ သတင်းဆိုးကိုလည်း ကြားထားကြမှာပါ။ ဒီတော့ ချောင်းဆိုးပျောက်ဆေးတွေကို တိုက်ရမလား မတိုက်ဘဲ နေရမှာလား စဥ်းစားပူပန်နေကြရမှာမို့ ချောင်းဆိုးပျောက်ဆေးတွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်။

ချောင်းဆိုးပျောက်ဆေးအကြောင်းမပြောခင် ကလေးလေးတွေ မကြာမကြာဖြစ်တတ်တဲ့ အအေးမိ နှာစေးချောင်းဆိုး ပြဿနာလေးတွေအကြောင်း အရင်ပြောပါရစေ။

(၅)နှစ်အောက်ကလေးအများစုဟာ တစ်နှစ်မှာ နှာစေးချောင်းဆိုး ၆-၈ကြိမ်ခန့် ဖြစ်တတ်ကြပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ အများစုက အသက်ရှူလမ်းကြောင်းမှာ virusပိုးဝင်လို့ ဖြစ်ကြရပြီး သိပ်လည်း မပြင်းထန်တတ်ပါဘူး။ ဒါကြောင့်လည်း bacteria ပိုးတွေကိုသတ်တဲ့ ပိုးသတ်ဆေးတွေ ပေးဖို့မလိုပါဘူး။

အဖျားကျအောင်၊ ချောင်းဆိုးနှာစေးသက်သာအောင် ပြုစုကုသပေးဖို့နဲ့ နမိုးနီးယား (ခေါ်) အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေကို စောင့်ကြည့်ပေးဖို့ပဲ လိုတာပါ။ ကလေးတွေမှာဖြစ်တတ်တဲ့ နမိုးနီးယား (ခေါ်) အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေကို တယ်လီကျန်းမာ page မှာ ဖော်ပြဖူးတာ မှတ်မိကြမှာပါ။ ( အခုပိုစ့်ရဲ့ ကွန်မန့်မှာလည်း ပြန်လည်ဖော်ပြပေးထားပါတယ် )

ကဲ ဒါဖြင့်ရင် ချောင်းဆိုးပျောက်ဆေးက တိုက်ရမှာလား ?

American Academy of Pediatrics အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းတွေ‌အတော်များများက ထုတ်ပြန်ထားကြတာကတော့ အသက်(၄)နှစ်အောက် ကလေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ချောင်းဆိုးပျောက်ဆေးမတိုက်သင့်ပါဘူးတဲ့။

ဘာဖြစ်လို့လဲဆိုတော့ ချောင်းဆိုးပျောက်ဆေးရည်အများစုဟာ ချောင်းဆိုးပျောက်ဆေးတစ်မျိုးတည်းပါဝင်တာ မဟုတ်ဘဲ နှာစေးသက်သာစေတဲ့ cetrizine လိုဆေးတွေ ၊ အဖျားကျစေတဲ့ paracetamol လိုဆေးတွေ ပါဝင်တတ်ပါတယ်။ ဒါကိုမသိဘဲ နောက်ထပ် အဖျားကျဆေးတွေ ၊ နှာစေးသက်သာစေတဲ့ဆေးတွေကို ထပ်တိုက်မိတဲ့အခါ ဆေးတွေရဲ့စုစုပေါင်းပမာဏဟာ တိုက်သင့်တဲ့ပမာဏထက် ကျော်လွန်သွားတတ်ပါတယ်။

ဒါ့အပြင် ချောင်းဆိုးပျောက်ဆေးထဲမှာပါဝင်တဲ့ အချို့သော ဓာတုဆေးဝါးများဟာ သတ်မှတ်ထားတဲ့ပမာဏထက် ကျော်လွန်သွားရင် ကလေးငယ်တွေအတွက် ဆိုးကျိုးကိုဖြစ်စေပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်က ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ မဟုတ်တဲ့ ချောင်းဆိုးပျောက်ဆေးတွေကိုလည်း ကလေးတွေကို မတိုက်သင့်ပါဘူး။ ဒါ့ကြောင့် အသက်(၄)နှစ်အောက်ကလေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ ချောင်းဆိုးပျောက်ဆေး တိုက်သင့်ပါတယ်။

ဒါဆို ကလေးလေးတွေ ချောင်းဆိုးရင် ဘာလုပ်ပေးလို့ရလဲ ?

ချောင်းဆိုးနေပေမယ့် ကလေးကလန်းမယ်၊ မမောဘူး၊ ပုံမှန်အတိုင်း စားသောက်နိုင်မယ်ဆိုရင် သိပ်စိတ်ပူဖို့မလိုပါဘူး။ အသက် တစ်နှစ်အထက်ကလေးတွေကို ပျားရည် လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်းကို ရေခပ်နွေးနွေးနဲ့ သံပုရာရည်ထဲမှာ ရောပြီးတိုက်လို့ရပါတယ်။ လည်ချောင်းနာတာသက်သာအောင် ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးလို့ရပါတယ်။ နှာစေး နှာပိတ်ဖြစ်ခဲ့ရင် Salineကို နှာခေါင်းထဲအစက်ချ‌ပေးလို့ရပါတယ်။ အဖျားရှိခဲ့ရင် အဖျားကျအောင် ရေပတ်တိုက်ပေးခြင်း ၊ Paracetamol‌ တိုက်ခြင်းတို့လုပ်ပေးလို့ရပါတယ်။

Paracetamol ကို စနစ်တကျ ပမာဏမှန်အောင် တိုက်ကျွေးနည်းလေးလည်း တယ်လီကျန်းမာ Page မှာတင်ပေးခဲ့ဖူးပါတယ်။ ( အခုပိုစ့်ရဲ့ ကွန်မန့်မှာလည်း ပြန်လည်ဖော်ပြပေးထားပါတယ် )

ကလေးကအိပ်မရလောက်အောင် ချောင်းဆိုးတာ ၊ အစားကောင်းကောင်းမဝင်တာ၊ အသက်ရှူမြန်တာ၊ ရင်ဘတ်ချိုင့်ဝင်အောင် အသက်ရှူရတာ၊ အသက်ရှူရင် တစ်ဆို့သံ (သို့မဟုတ်) ရွှီရွှီသံကြားရတာ၊ (၂)ပတ်ကျော်ကြာ ချောင်းဆိုးနေတာမျိုးတွေ ရှိလာရင်တော့ ဆေးရုံ/ဆေးခန်းပြဖို့ လိုအပ်လာပါပြီ။

အားလုံးအတွက်…ကလေးလေးတွေအတွက် လိုအပ်လာရင် တယ်လီကျန်းမာကကူညီဖို့အသင့်ရှိတယ်ဆိုတာလေးလည်း မမေ့နဲ့နော်

တစ်ခုခု မေးမြန်းချင်တာပဲဖြစ်ဖြစ်…

ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ချင်တာပဲဖြစ်ဖြစ်…

messenger ကိုသာ ဆက်သွယ်လိုက်ပါနော်

https://m.me/telehealthmm

( အခမဲ့ ဆိုတော့ အားလုံးအဆင်ပြေတာပေါ့ )

” ကလေးများ ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေကြောင်း ” ဆန္ဒပြုလျက်…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here