ဖုန်းချလိုက်တဲ့အခါ အသံလှိုင်းလေးက တိတ်ဆိတ်သွားပေမယ့် နားထဲမှာတော့ စကားသံတွေက ပဲ့တင်ထပ်နေတုန်း။

ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ၊ ကြေကွဲနာကျင်မှုတွေရဲ့ အသံတွေ။

တစ်ခါတလေ အသံက တိုးညှင်းလွန်းလို့ ‌ကောင်းကောင်းတောင် ကြားဖို့ခက်တဲ့ အသံတွေ။

ဒီလိုအသံတွေထဲမှာပဲ နားထောင်ပေးမယ့်သူကို လိုအပ်နေတဲ့ ခံစားချက်တွေ၊ အကူအညီမဲ့နေတဲ့ ဝေဒနာတွေ၊ မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ထားတဲ့ လူသားတစ်ယောက်ရဲ့ ရုန်းကန်နေရတဲ့အသံတွေကို ရင်ထဲကြားနေရပါတယ်။

ဒီလိုအသံတွေကို ကြားရတဲ့အခါတိုင်း ကျွန်မရင်မှာ အမြဲနာကျင်ရပါတယ်။ လူသားတစ်ယောက်ရဲ့ ဝေဒနာတွေကို အတိုင်းသားမြင်လိုက်ရတာကိုး။

သူတို့ရဲ့ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေက တစ်ခါတစ်ရံ ကျွန်မရင်ထဲကိုပါ စိမ့်ဝင်လာတတ်ပါ‌တယ်။

ဒါပေမဲ့ ကျွန်မကပါ လိုက်ငိုလို့မဖြစ်ဘူးမို့လား။

ကျွန်မကိုယ်တိုင်က သူတို့အတွက် အားကိုးရာတစ်ခုဖြစ်ရပါမယ်။ သူတို့ရဲ့ ဝေဒနာတွေကို နားထောင်ပေးပြီး အားပေးစကားလေးတွေနဲ့ နှစ်သိမ့်ပေးရပါမယ်။ ပူပန်မှုတွေကို ဖြေလျော့စေရပါမယ်။

ဖုန်းချပြီးသွားတိုင်း ကျွန်မ တစ်ယောက်တည်း တိတ်ဆိတ်စွာ ကျန်ခဲ့လေ့ရှိပေမယ့် ရင်ထဲမှာတော့ ခုနကအသံတွေ ပဲ့တင်ထပ်တုန်းပေါ့။

သူတို့အတွက် ဘာမှမလုပ်ပေးနိုင်ပါလားလို့ အားမလိုအားမရ ဖြစ်တဲ့အခါတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် နှလုံးသားနဲ့ ကျွန်မ ဂရုတစိုက်နားထောင်ပေးခဲ့တယ်။ စာနာပေးခဲ့တယ်။

ဒါကပဲ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ သေးသေးလေးတစ်ခု ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပြီး ကျွန်မ ကျေနပ်ပါတယ်။

ဖုန်းပြောပြီးတဲ့နောက် သူတို့ရဲ့ ကျေးဇူးတင်စကားလေးတွေ၊ အားရှိသွားတဲ့ စကားလေးတွေကို ကြားရရင်တော့ ကျွန်မအတွက် အပိုဆုပေါ့ရှင်။

ဟုတ်ပါတယ်။

ဒါဟာ တယ်လီကျန်းမာရဲ့ Zero Suicide Hotline မှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်နေစဉ်ကာလတွေမှာ ဆက်သွယ်လာသူတွေရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ပြီးတိုင်း ကျွန်မခံစားရတဲ့ ခံစားချက်အချို့ပါပဲ။

လူတွေဟာ သူတို့ရဲ့ ဝေဒနာတွေကို နားထောင်ပေးမယ့်သူတစ်ယောက်ကို လိုအပ်နေကြပါတယ်။

ဘဝရဲ့အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်ဖို့ဆိုတာ ကြမ်းတမ်းရှည်လျားတဲ့ ခရီးလိုပါပဲ။ အထူးသဖြင့် ကျွန်မတို့နိုင်ငံ၊ လက်ရှိ ကျွန်မတို့ရဲ့ အခြေအနေတွေဟာ ဒါကို ပိုလို့လိုအပ်နေပါတယ်။

တစ်စုံတယောက်ကို ရင်ဖွင့်လိုက်ခြင်းဟာ ဒါတွေကို ကျော်ဖြတ်ဖို့အတွက် ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။

ရင်ဖွင့်ဖို့ကို သတ္တိမွေးပြီး ကျွန်မတို့ဆီ ရောက်လာပေးလို့လည်း ကျေးဇူးတင်တယ်။

စိတ်ဓာတ်ကျနေတဲ့အချိန်..
အထီးကျန်ဆန်နေတဲ့အချိန်…
ဆုံးရှုံးမှုတွေကြောင့် ဖြေမဆည်နိုင်တဲ့အချိန်..
ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရတဲ့အချိန်..
မိမိကိုယ်ကို အန္တရာယ်ပြုဖို့ စဉ်းစားနေတဲ့အချိန်..
ဘဝမှာ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားနေရတဲ့အချိန်..

အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်မတို့ တယ်လီကျန်းမာရဲ့ Zero Suicide Hotlineဖြစ်တဲ့ https://t.me/zeroscbot ကို ဆက်သွယ်ဖို့ တုံ့ဆိုင်းမနေပါနဲ့နော်။

ရင်ထဲမှာရှိနေတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ဖွင့်ချလိုက်ပါ။

စိတ်ဖိစီးမှုကို လျော့ကျစေတယ်
အထီးကျန်မှုကို သက်သာစေတယ်
ပြဿနာတွေကို အထိုက်အလျောက်ဖြေရှင်းနိုင်စေတယ်
မိမိကိုယ်ကို ပိုပြီး နားလည်လာနိုင်မယ် စသဖြင့် စိတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသေးတယ်။

ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရတိုင်း တစ်ယောက်တည်း ရုန်းကန်နေစရာ မလိုပါဘူး။

ခံစားချက်ရှိတဲ့ လူသားတွေပဲ ဖြစ်တဲ့အတွက် အကူအညီကို လိုအပ်တဲ့အချိန်၊ ရယူသင့်တဲ့အချိန်ဆိုတာလည်း ရှိပါတယ်။

အထူးသဖြင့် စိတ်ကျန်းမာရေးဟာ ပိုလို့နူးညံ့သိမ်မွေ့တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုအပ်လှပါတယ်ရှင်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here