“ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ (Vitiligo)”

ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့ အရေပြားရောဂါတစ်ခုပါ။ အမြင်အားဖြင့် ခန္ဓာကိုယ် အရေပြားပေါ်မှာ အဖြူအကွက်တွေ ဖြစ်ပေါ်လာတယ်ထင်ရပေမယ့် အမှန်က ဒီအကွက်လိုက် အကွက်လိုက် ဖြူနေတဲ့ အဆိုပါ ခရုသင်းကွက်နေရာလေးတွေဟာ ပုံမှန်ရှိရမယ့် အသားအရောင် ရောင်ခြယ် ဆုံးရှုံးနေတဲ့ နေရာလေးတွေသာဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာမှာ ဒီလိုအရေပြားအခြေအနေရှိကြပါတယ်။ အသားအရောင်မရွေး၊ ကျား/မ မ‌ရွေး၊ လူမျိုးမရွေး ဖြစ်နိုင်ပါတယ်။ အသက်နှစ်ဆယ်ပတ်လည် မတိုင်ခင်လောက်မှာ စတင်တတ်ကြပြီး ခရုသင်းကွက်လေးတွေ အလျင်းပျောက်ကင်းသွားတယ်ဆိုတာ အင်မတန်ရှားပါတယ်။ ဘဝတစ်သက်တာ ရေရှည်ဆက်ရှိနေတတ်တယ်။

❓ခရုသင်း ဘာလို့ဖြစ်တာလဲ?

????ကျွန်တော်တို့ ပုံမှန်အသားအရောင်၊ ဆံပင်အရောင် ရစေဖို့ လိုအပ်တဲ့ Melanin ဆိုတဲ့ ရောင်ခြယ်တစ်မျိုးကို ထုတ်လုပ်ပေးရတဲ့ Melanocyte ဆိုတဲ့ ရောင်ခြယ်ဆဲလ်လေးတွေ ဆုံးရှုံးသွားလို့ဖြစ်ရတာပါ။ ဒီရောင်ခြယ်ဆဲလ်လေးတွေ သေဆုံးရတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ခုခံအားစနစ်က ကိုယ်ပိုင် ရောင်ခြယ်ဆဲလ်လေးတွေကို မှားယွင်းစွာ ပြန်လည်တိုက်ခိုက်ပျက်စီးစေတဲ့အတွက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ မျိုးရိုးလိုက်လေ့ရှိတဲ့ Autoimmune ရောဂါတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ တချို့ ခရုသင်းအမျိုးအစားတွေကတော့ အာရုံကြောစနစ် ကမောက်ကမဖြစ်မှုနဲ့ ပတ်သက်နိုင်သေးတယ် လို့ဆိုပါတယ်။

❗ခရုသင်းဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်ပိုး၊ မှိုပိုးတွေကြောင့် ဖြစ်ရတာမဟုတ်သလို ကူးစက်တတ်တဲ့၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ဖြစ်ရတဲ့ အရေပြားရောဂါ (လုံးဝ) မဟုတ်ပါ။❗

❓ဘယ်လိုလူတွေမှာ ခရုသင်းအဖြစ်များသလဲ?

????ဒါဟာ Autoimmune ရောဂါတစ်မျိုးဖြစ်လို့ မျိုးရိုးလိုက်ပြီး မိမိရဲ့ သွေးသားအရင်းတွေမှာ ခရုသင်းရှိရင် မိမိမှာလည်းရှိနိုင်ပါတယ်။ ဒါ့အပြင် အခြားသော Autoimmune ရောဂါတွေ ရှိနေရင်လည်း ခရုသင်း ဖြစ်နိုင်ပါတယ်။ (ဥပမာ။ Hashimoto’s Thyroiditis, Alopecia Areata စသည်)

❓ခရုသင်းဟာ ကြောက်စရာလား?

????ခရုသင်းဟာ မကူးစက်၊ အန္တရာယ်မရှိတဲ့ အရေပြားအခြေအနေတစ်ခုပါ။ မကုသဘဲထားလည်း နောက်ဆက်တွဲဆိုးကျိုးတွေ အထူးအထွေ မရှိလှပါဘူး။ သို့ပေမယ့် ခန္ဓာကိုယ်ပေါ်က အဖြူအကွက်လိုက် အကွက်လိုက် ခရုသင်းတွေဟာ တစ်ဘဝစာလုံးရှိနေတတ်တာဖြစ်လို့ ဒီအရေပြားအခြေအနေနဲ့ နေကြရသူတွေမှာ ယုံကြည်မှုအားနည်းလာတာ၊ စိတ်အားငယ်တာ၊ နောက်ဆုံး စိတ်ကျတာတွေ အထိဖြစ်နိုင်တတ်သေးလို့ ဒါဟာ ဘဝတစ်ဆစ်ချိုး ကြီးမားတဲ့ အပြောင်းအလဲ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ကူးစက်ရောဂါတစ်ခုလို မှားယွင်းသိရှိထားကြပြီး မဖြစ်သင့်တဲ့ ခွဲခြားဆက်ဆံမှုတွေလည်း ခံရတတ်ပါသေးတယ်။

❓သိကောင်းစရာ ခရုသင်း လက္ခဏာတွေက ဘာတွေလဲ?

  • ပင်ကိုအသားအရောင် ဆုံးရှုံးတဲ့နေရာလေးတွေမှာ ပိုဖြူဖျော့တဲ့ (သို့) လုံးဝအဖြူရောင် အကွက်လိုက် အသားအရောင် ဆုံးရှုံးမှု ဖြစ်ပေါ်တတ်ပါတယ်။ ပင်ကိုအသားအရောင် ညိုရင့်တဲ့သူတွေမှာ ခရုသင်း အဖြူကွက်တွေက ပိုသိသာစေပါတယ်။
  • အသားရောင်ခြယ် ဆုံးရှုံးမှုအပေါ်မူတည်ပြီး ခရုသင်းကွက်တွေဟာ တချို့မှာ အနည်းငယ်ပဲ ဖြစ်ပေါ်တတ်ပေမယ့် တချို့မှာ အများအပြား ဖြစ်ပေါ်တတ်ပါတယ်။ ရှားပါးတဲ့အခြေအနေမျိုးမှာတော့ ပုံမှန်အသားအရောင်နေရာလပ်မကျန်အောင်ကို တစ်ကိုယ်လုံးနီးပါးဖြစ်ပေါ်တတ်ပါတယ်။
  • ခရုသင်းအမျိုးအစားပေါ် မူတည်ပြီး တချို့ ခရုသင်းတွေက ခန္ဓာကိုယ်တစ်ဘက်ခြမ်းနဲ့ နေရာတစ်နေရာစာလောက်ပဲ ကွက်ပြီးဖြစ်သလို တချို့မှာတော့ ခန္ဓာကိုယ်နှစ်ဘက်လုံးနဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်တတ်ပါတယ်။
  • ဆံပင်မှာလည်း အဖြူအကွက်ကလေးတွေ ဖြစ်တတ်ပါတယ်။
  • ပါးစပ်အတွင်းသား နဲ့ မျက်စိမှာတောင် ရောင်ခြယ်ဆုံးရှုံးနိုင်ပြီး အဖြူကွက်လေးတွေ တွေ့ရနိုင်ပါသေးတယ်။
  • လူနည်းစုမှာတော့ ခရုသင်းကွက်နေရာတွေမှာ ယားယံ / နာကျင်တာရှိနိုင်ပေမယ့် ပုံမှန်အားဖြင့် ယားယံ / နာကျင်တာမျိုး မရှိပါ။
  • ခရုသင်းဟာ အသားအရောင်ဆုံးရှုံးတဲ့ အဖြူကွက်တွေဖြစ်တာကလွဲပြီး ထူးထူးခြားခြား လက္ခဏာမရှိလှဘဲ ခရုသင်းရှိသူတွေဟာ ပုံမှန်သွားလာလှုပ်ရှားကျန်းမာကြသူတွေဖြစ်ပါတယ်။

❓ခရုသင်းကိုဘယ်လိုကုသနိုင်ပါသလဲ?

  • ခရုသင်းကွက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်အနှံ့အပြားမှာ နေရာယူလာတတ်ပါတယ်။ ခရုသင်းကွက်တွေ အလျင်းပျောက်ကင်းသွားတယ်ဆိုတာ အင်မတန်ရှားပါးလှပြီး ဘဝတစ်သက်တာ ယှဥ်တွဲနေထိုင်သွားရနိုင်တဲ့ အရေပြားအခြေအနေတစ်ခုဖြစ်သလို ဘဝရဲ့ စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါတယ်။ တချို့လူတွေက ခရုသင်းကို ကုသမှုမပြုလုပ်ဖို့ ရွေးချယ်ကြပါတယ်။ ကုသမှုခံယူမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ကာ မိမိရဲ့ ခရုသင်းအမျိုးအစားပေါ်မူတည်ပြီး ကိုယ်နဲ့ကိုက်ညီမှုရှိမယ့် ကုသမှုနည်းလမ်းကို ရွေးချယ်ကုသနိုင်ပါတယ်။ ကုသမှုတွေအများအပြားရှိပေမယ့် အဓိက ရည်ရွယ်ချက် ကတော့ ဆုံးရှုံးသွားတဲ့ အသားအရောင်ကိုပြန်လည်ရရှိဖို့ပဲဖြစ်ပါတယ်။
  • အလှအပရေးရာပစ္စည်းတွေအသုံးပြုပြီး ခရုသင်းကွက်နေရာတွေကို ဖုံးအုပ်အရောင်တင်တာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ (ဥပမာ မိတ်ကပ်၊ Self-tanner၊ အန္တရာယ်မရှိတဲ့ အရေပြားဆိုးဆေးများ စသည်)။
  • လိမ်းဆေး၊ သောက်ဆေးတွေ။
  • အလင်းကုထုံးတွေ (Laser လေဆာ၊ Light Box၊ PUVA Light Therapyစသည်)။
  • အထက်ကနည်းလမ်းတွေနဲ့ ကုသမှုခံယူပေမယ့် သက်သာပျောက်ကင်းမှု မရှိခဲ့ရင် ပုံမှန်အသားအရောင် အရေပြားနေရာကိုယူပြီး အသားအရောင်ဆုံးရှုံးနေတဲ့ ခရုသင်းကွက်နေရာကို အရေပြား အစားထိုးခွဲစိတ်တာမျိုးလည်း ရှိပါတယ်။
  • တစ်ကိုယ်လုံးနီးပါး နေရာလပ်မကျန်အောင် ဖြစ်လေ့ရှိတဲ့ရှားပါးတဲ့အခြေအနေမျိုးမှာဆိုရင် ခရုသင်းကွက်နေရာတွေကို မကုသဘဲ လက်ကျန်ရှိနေတဲ့ ပုံမှန်အသားအရောင်နေရာက ရောင်ခြယ်တွေကိုပဲ ဖယ်ရှားပစ်လိုက်ရတဲ့ ကုသမှုတွေလည်းရှိပါသေးတယ်။

❓ခရုသင်းရှိသူတို့ ဆောင်ရန်/ ရှောင်ရန်တွေက ဘာတွေလဲ?

✅နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပါ။ နေရောင်ခံလိမ်းဆေးခရင်မ် Sun cream တွေအသုံးပြုပါ။ အသားအရေကို နေမလောင်အောင် ဂရုပြုပါ။ နေပူထဲထွက်လတဲ့အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်စသည်တို့ကို ဝတ်ဆင်ပါ။

✅ဒါဟာ အရေပြားအခြေအနေတစ်ခုသာ ဖြစ်တဲ့အတွက် အားငယ် စိတ်ဓာတ်ကျမနေဘဲ ဘဝရဲ့ စိန်ခေါ်မှု တစ်ရပ်လို့ မြင်နိုင်အောင် / လက်ခံနိုင်အောင် ကြိုးစားကြရပါမယ်။

✅အရေပြားပေါ်က အဖြူကွက်လေးတွေ၊ ဆံပင်ပေါ်က အဖြူကွက်လေးတွေဟာ ကိုယ်ရဲ့ အများနဲ့မတူတဲ့ ထူးခြားတဲ့ ပင်ကိုအမှတ်အသားတစ်ခုလို့ လက်ခံမှတ်ယူပြီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းပါ။

✅ကိုယ့်လို ခရုသင်းရှိသူတွေနဲ့ ဆက်သွယ်ပါ။ မိတ်ဆွေဖွဲ့ပါ။ အတွေ့အကြုံတွေ ဝေမျှပါ။ အချင်းချင်း ဖေးမကူညီပညာပေးကြပါ။ မိတ်ဆွေတိုးသလို မိမိအရေပြားအခြေအနေနဲ့ပတ်သက်ပြီး ပိုမို သိရှိနားလည် လာစေပါမယ်။

❎ခရုသင်းကွက်နေရာတွေကို တက်တူးထိုးပြီး ဖုံးအုပ်တာမျိုး မပြုလုပ်သင့်ပါ။ ဒီလိုဖုံးအုပ်လိုက်ပေမယ့် မကြာခင်ပဲ ခရုသင်းကွက်အသစ်တွေကပြန်ဖြစ်နေဦးမှာဖြစ်ပါတယ်။

❎အစားအသောက်နဲ့ သက်ဆိုင်မှုမရှိလို့ အစားရှောင်စရာမလိုပါ။

❎အရပ်ဆေးနည်းတွေ၊ ဆေးမြီးတိုတွေသုံးစွဲခြင်းဟာ ထူးခြားတဲ့အကျိုးရလာဒ်ကို မဖြစ်ပေါ်စေတဲ့အတွက် ရှောင်ကြဉ်ပါ။

အနှစ်ချုပ်ရရင် ခရုသင်း/သမင်ဖြူဟာ မကူးစက်တတ်တတ်တဲ့ အရေပြားအခြေအနေတစ်ခုသာဖြစ်ပါတယ်။ တစ်ဦးစီရဲ့ သဘောဆန္ဒအရ ကုသမှုခံယူ/မခံယူဖို့ ရွေးချယ်မှုပြုနိုင်ပါတယ်။ ခရုသင်းကွက်လေးတွေဟာ မိမိကို အများနဲ့မတူစေတဲ့ ပင်ကိုအမှတ်အသားတစ်ခုလို၊ ဘဝရဲ့ အပိုဆောင်းစိန်ခေါ်မှုတစ်ရပ်လို လက်ခံ မှတ်ယူပြီး ဘဝကို ပျော်ရွှင်ပေါ့ပါးစွာဖြတ်သန်းပါ။

References ????
????AAD : American Academy of Dermatology Association : Vitiligo

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.