” ဗီတာမင်အေ ချို့တဲ့ခြင်း “

◽Vitamin A ဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများအတွက် အလွန်အရေးကြီးတဲ့ အဆီတွင်ပျော်ဝင်နိုင်သောဗီတာမင်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာသောအမြင်အာရုံ၊ ကောင်းမွန်သော ကိုယ်ခံစွမ်းအား၊ မျိုးပွါးခြင်းနှင့် နုပျိုကျန်းမာသော အသားအရေတို့အတွက် Vitamin A ဟာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။

◽အစားအစာများမှာ တွေ့ရတဲ့ Vitamin A အုပ်စု ၂ မျိုး ရှိပါတယ်။ Retinol လို့ခေါ်တဲ့ preformed Vitamin A ကို အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပါတယ်။ နောက်ထပ် Provitamin A ကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို စားသုံးပြီးနောက်မှ ခန္ဓာကိုယ်က ကယ်ရိုတီးနွိုက် (carotenoids) ကနေ Vitamin A အဖြစ်သို့ ပြောင်းလဲပေးတာပဲ ဖြစ်ပါတယ်။

◽ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Vitamin A ချို့တဲ့ခြင်းဟာ အလွန်ရှားပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ လူအများစုဟာ Vitamin A အလုံအလောက်မရကြပါဘူး။

◽ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေမှာဆိုရင် Vitamin A လိုအပ်ချက်များတာကြောင့် Vitamin A ချို့တဲ့ဖို့ ပိုများပါတယ်။ Cystic fibrosis နဲ့ ကာလရှည်ကြာ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရသူတွေမှာလည်း Vitamin A ချို့တဲ့နိုင်ပါတယ်။

◽Vitamin A ချို့တဲ့တဲ့ လက္ခဏာ (၈) မျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်

၁။ အသားအရေခြောက်ခြင်း

Vitamin A ဟာ အရေပြားဆဲလ်သစ်တွေဖြစ်ပေါ် ခြင်းနဲ့ ပြုပြင်ခြင်းမှာ အရေးပါတဲ့အပြင် အရေပြားရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။ Vitamin A ချို့တဲ့ရင်တော့ နှင်းခူ (Eczema)နဲ့ အခြားသော အရေပြားရောဂါတွေ ဖြစ်နိုင်ပါတယ်။ အသားအရေခြောက်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် အချိန်ကြာတဲ့ထိ မသက်သာဘူးဆိုရင်တော့ Vitamin A ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ မျက်စိခြောက်ခြင်း

မျက်စိပြဿနာအများစုဟာ Vitamin A ချို့တဲ့တာကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် Vitamin A လုံလောက်စွာမရခြင်းဟာ မျက်စိကန်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ မျက်ရည်မထုတ်နိုင်တာကြောင့် မျက်စိခြောက်ရခြင်းဟာ Vitamin A ချို့တဲ့ခြင်းရဲ့ ပထမဆုံးလက္ခဏာပဲဖြစ်ပါတယ်။ Vitamin A ကြွယ်ဝတဲ့အစားအစာတွေ စားသုံးလိုက်မယ်ဆိုရင်တော့ သက်သာသွားနိုင်ပါတယ်။

၃။ ညဘက်မမြင်ရခြင်း

Vitamin A အလွန်ချို့တဲ့နေရင် ညဘက်တွေမှာ မမြင်ရတော့ပါဘူး။ လေ့လာချက်တွေအရ ဒီလိုညဘက်မမြင်ရတာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ စမ်းသပ်မှုတွေလုပ်တဲ့အခါမှာလည်း အမျိုးသမီးတွေကို (၆)ပတ်ကြာ Vitamin A ဖြည့်စွက်စာနဲ့ ဖြည့်စွက်ဆေးတွေတိုက်တဲ့အခါ အမှောင်ထဲမှာမြင်နိုင်စွမ်း ၅၀% ပိုမိုတိုးလာတာကို တွေ့ရပါတယ်။

၄။ မျိုးပွါးနိုင်နှုန်းလျော့ကျခြင်းနှင့် ကိုယ်ဝန်ရရန် ခက်ခဲခြင်း

Vitamin A ဟာ မျိုးပွါးနိုင်ဖို့အတွက် အမျိုးသားရော အမျိုးသမီးပါ လိုအပ်သလို ကလေးကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။

အကယ်လို့သင်ဟာ ကိုယ်ဝန်ရဖို့ခက်ခဲနေတယ်ဆိုရင် Vitamin A ချို့တဲ့နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Vitamin A ချို့တဲ့တဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ခက်ခဲသလို မွေးလာတဲ့ကလေးမှာလည်း မွေးရာပါချို့ယွင်းမှုတွေ ပါလာနိုင်ပါတယ်။

မျိုးမအောင်တဲ့အမျိုးသားတွေမှာလည်း သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ oxidative stress တွေကို ချေဖျက်ဖို့ anti-oxidant အနွယ်ဝင်ဖြစ်တဲ့ Vitamin A ကို လိုအပ်ပါတယ်။

Vitamin A ချို့တဲ့ခြင်းက ကိုယ်ဝန်ပျက်ကျခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ဖူးတဲ့အမျိုးသမီးတွေကို စစ်ဆေးကြည့်တဲ့အခါမှာလည်း Vitamin A ချို့တဲ့နေတာကို တွေ့ရတတ်ပါတယ်။

၅။ ကြီးထွားမှုနှေးခြင်း

Vitamin A လုံလုံလောက်လောက်မရရှိတဲ့ ကလေးတွေဟာ ကြီးထွားမှုနှေးတာ၊ ရပ်တန့်တာတွေ ကြုံရတတ်ပါတယ်။ Vitamin A ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း အရေးပါတာ ဖြစ်ပါတယ်။

၆။ လည်ပင်းနှင့်ရင်ဘတ်ရောဂါပိုးကူးစက်ခြင်း

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းဟာလည်း Vitamin A ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးတဲ့လူတွေမှာ Vitamin A ဖြည့်စွက်ဆေးတွေသောက်သုံးတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ အနာကျက်နှေးခြင်း

Vitamin A ဟာ collagen ထုတ်ပေးခြင်းကို အားပေးတာကြောင့် ဒဏ်ရာရပြီးနောက် အနာမကျက်တာ၊ အနာကျက်နှေးတာတွေဟာလည်း Vitamin A ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

၈။ ဝက်ခြံများထွက်ခြင်း

Vitamin A က အသားအရေကောင်းမွန်စေပြီး ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေတာကြောင့် Vitamin A ချို့တဲ့ရင် ဝက်ခြံထွက်တာနဲ့ အခြားသောအရေပြားပြဿနာတွေ ဖြစ်နိုင်ပါတယ်။ Vitamin A (retinol) လိမ်းဆေး၊ သောက်ဆေးတွေဟာ ဝက်ခြံနဲ့ အရေပြားပြဿနာတွေကို သက်သာစေနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။

▫️Vitamin A များလွန်းရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုက်ပါတယ်။ ပိုလျှံနေတဲ့ Vitamin A တွေကို အသည်းမှာသိုလှောင်ထားရပြီး အချိန်ကြာလာတဲ့အခါ အဆိပ်အတောက်ဖြစ်လာပြီး ရောဂါတွေဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း ကလေးမှာ မွေးရာပါချို့ယွင်းမှုတွေမပါလာအောင် ကာကွယ်ဖို့ Vitamin A အားဆေးတွေ အလွန်အကျွံမသောက်သုံးသင့်ပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လုံလောက်တဲ့ပမာဏကို သောက်သုံးသင့်ပါတယ်။ ပုံမှန်အရွယ်ရောက်ပြီးသူတွေမှာတော့ (၀.၇-၀.၉) မီလီဂရမ်ဟာ လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဒီပမာဏဟာ ပုံမှန်နေ့စဥ်စားသောက်နေတဲ့ အသားငါး ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ အနည်းနဲ့အများ ပါဝင်ပြီးသားပါ။

Reference: ????

https://www.healthline.com/…/vitamin-a-deficiency…

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.