ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein )

???? ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ?

ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။

အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့) မလုံတော့ရင် သွေးတွေ အောက်ပြန်စီးကျပြီး ၊ ခြေထောက်မှာ သွေးတွေအိုင်လာကာ ခြေထောက်သွေးကြောထုံးရောဂါ ၊ တစ်နည်းအားဖြင့် သွေးကြောဖောင်းရောဂါ/ ခြေထောက်သွေးကျရောဂါ ဖြစ်နိုင်ပါတယ်။

 ???? ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်ဖို့ ရာခိုင်နှုန်းများလာတတ်ပါတယ်။ ဒါပေမယ့် အသက် (၁၈)နှစ်အရွယ်ကတည်းကလည်း စတင်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်…

  • ဝသောသူများ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • မိသားစုမှာ ထိုရောဂါ ရှိဖူးသူများ
  • ဆေးလိပ်သောက်သူများ
  • ဝမ်းချုပ်တတ်သူများ
  • အလုပ်မှာ အချိန်ကြာကြာမတ်တပ်ရပ်၍ အလုပ်လုပ်ရသူများ( ဥပမာ-ကျောင်းဆရာ/မ၊ ဆရာ၀န်၊ သူနာပြု၊ စတိုးဆိုင်ဝန်ထမ်းများ )မှာ ဖြစ်လေ့ရှိပါတယ်။

???? ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့...

• ဦးစွာ ခြေထောက်မှာ အပြာရောင်သန်းတဲ့ သွေးကြောထုံးလေးတွေကို ပင့်ကူမျှင်ကဲ့သို့ စပြီးတွေ့ရ တတ်ပါတယ်
• မတ်တပ်ရပ်တဲ့အခါမှာ ပိုပြီးထင်ရှားတတ်ပါတယ်
• ပထမပိုင်းမှာ ခြေထောက် လေးသလိုသာခံစားရပြီး တစ်ခါတရံ ပူတတ်ပါတယ်။ နာကျဉ်ခြင်းမရှိပါ။
• နောင် သွေးကြောထုံး ကြီးလာတာနဲ့အမျှ နာလာပြီး ယားယံလာနိုင်ပါတယ်။

ယားလို့ ကုတ်တဲ့အခါ အနာဖြစ်သွားပြီး ထ်ိုအနာများဟာ ပျောက်ရန် အလွန်ခက်တတ်ပါတယ်။

(venous ulcer is a stubborn ulcer.) ခြေမျက်စိနားမှာ အဖြစ်များပါတယ်။

???? သွေးကြောထုံး အဖြစ်များတဲ့နေရာတွေကတော့

ခြေကျင်း၀တ်မှ ဒူးခေါက်ကွေး (သို့) ပေါင်ရင်းအထိ ဖြစ်နိုင်ပါတယ်။ အတွင်းဖက်ပိုင်း ခြေသလုံး တစ်လျှောက်မှာ ပိုအဖြစ်များပါတယ်။

???? ကုသမှုအနေနဲ့...

(၁) မိမိကိုယ်တိုင်ဂရုစိုက်လုပ်နိုင်သော ကုသမှုမှု

• မတ်တပ်မလှုပ်မယှက် အကြာကြီးရပ်ခြင်းကို တတ်နိုင်သလောက် ရှောင်ပြီး ခြေထောက်ကို မကြာခဏ အကွေးအဆန့်လုပ်ပေးခြင်း

• ခြေထောက်ကို ခန္ဓာကိုယ်အထက် မြှောက်ထားခြင်း (သို့) ခုံတစ်ခုခုပေါ်တင်ထားခြင်း

• မတ်တပ်အကြာကြီးရပ်ရမည်ဆိုပါက Stockings များကြိုတင်ဝတ်ဆင်ခြင်း စတာတွေကို လုပ်ဆောင်ပေးရပါမယ်။

• ဒါ့အပြင် ယားယံတဲ့အခါ ကုပ်တာကို ရှောင်ကျဉ်ဖို့လည်း အရေးကြီးပါတယ်။

(၂) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း

သွေးကြောထုံးတယ်/ ခြေထောက်သွေးကျတယ်လို့ ယူဆမိရင် ဆရာ၀န်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သိပ်မဆိုးသေးရင် အထက်ဖော်ပြပါ ကိုယ်တိုင်လိုက်နာရန်များဆောင်ရွက်ပြီး သောက်ဆေးနဲ့ ပိုမဆိုးအောင် ထိန်းထားနိုင်ပါတယ်။
လိုအပ်မှသာ ဆရာ၀န်က ခွဲစိတ်ကုသဖို့ အကြံပေးမှာဖြစ်ပါတယ်။

???? ခွဲစိတ်ကုသမှုအကြောင်း သိကောင်းစရာ

ခွဲစိတ်ရမယ်ဆိုရင်တော့ အဓိကအကြောင်းရင်းဖြစ်တဲ့ အဆို့ရှင်မကောင်းတဲ့သွေးပြန်ကြောတစ်ခုလုံး ကို ဖယ်ရှားမှသာ ပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ပျောက်ကင်းသွားတယ်ဆိုပေမယ့် ကျန်ရှိနေတဲ့ သွေးပြန်ကြောတွေရဲ့ အဆို့ရှင်မကောင်းရင်လည်း ပြန်ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် အပေါ်မှာပြောထားတဲ့ လိုက်နာရှောင်ကျဉ်ရမည့်အချက်တွေကို ခွဲပြီးရင်လည်း ဆက်လက်လိုက်နာဆောင်ရွက်နေရမှာပါ။

***နောက်ဆက်တွဲလက္ခဏာဖြစ်တဲ့ အနာ ဖြစ်မှခွဲမယ်ဆိုရင်တော့ အနာကျက်ဖို့ကို အတော်လုပ်ယူပြီးမှ သွေးပြန်ကြောကိစ္စကိုကုသရမှမို့ မလိုအပ်ပဲ နာတာရှည်စေမှာ ဖြစ်ပါတယ်***

ဒါကြောင့် ခြေထောက်မှာ သွေးကြောထုံးလေးတွေ စသတိထားမိပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပိုဆိုးမလာအောင် စောစီးစွာ ကုသသင့်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာမိသားစု

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.