မိန်းမကိုယ် ယားယံတာ၊ အဖြူဆင်းတာနဲ့ နောက်ဆက်တွဲ ဖြစ်လာရတဲ့ စိတ်ဒုက္ခ

အရင်က ကျွန်မ OG ward မှာ ပြင်ပလူနာထိုင်ရင် တစ်ရက်ကို မိန်းမကိုယ်အဖြူဆင်းလို့ လာပြကြတာက လူနာ (၁၀) ယောက်မှာ အနည်းဆုံး (၃) ယောက်လောက် ပါတတ်ပါတယ်။

အခု တယ်လီကျန်းမာမှာ လူနာကြည့်လည်း လူနာ (၈) ယောက်ကြည့် အနည်းဆုံး တစ်ယောက်နှစ်ယောက်က ဒီပြဿနာအတွက်ပဲ အမြဲလာပြတတ်ပါတယ်။

ပြောရရင် အပျိုတွေရော အိမ်ထောင်သည် အမျိုးသမီးတွေမှာပါ မိန်းမကိုယ်အဖြူဆင်းခြင်းနဲ့ ယားယံခြင်းက အင်မတန်အဖြစ်များတဲ့ ရောဂါတစ်ခုပါ…

ဒီနေရာမှာ မိန်းမကိုယ်က အဖြူဆင်းတာ/အရည်ကြည်ဆင်းတာဟာ သဘာဝပဲဖြစ်ပြီး ဘာမှလုပ်ဖို့မလိုပါဘူး…

အနံ့နံခြင်း ယားယံခြင်းနှင့် တွဲဖြစ်မှသာ ရောဂါတစ်ခုခုရှိနေနိုင်လို့ နားလည်တတ်ကျွမ်းသော ကျန်းမာရေးပညာရှင်များ၊ ဆရာဝန်များနှင့် ပြသဖို့ လိုအပ်ပါတယ်။

ပြဿနာက မိန်းမကိုယ် အဖြူဆင်း ယားယံတတ်တဲ့ အမျိုးသမီးတွေက ဆေးခန်းပြ ဆေးထည့် ဆေးသောက်ရင် သက်သာသွားလိုက်… ဆေးရပ် ပြန်ဖြစ်နဲ့… စိတ်ထဲ တခြားရောဂါများ ဖြစ်နေပြီလား… ဒီဆရာဝန်နဲ့ မသက်သာ တခြားဆရာဝန်ပြောင်းပြ… မသက်သာ… သွေးစစ် ဆီးစစ် ဘာရောဂါမှ သေချာမတွေ့… လူနာက စိတ်ဓာတ်ကျလာတဲ့ထိကို မိန်းမကိုယ် အဖြူဆင်း ယားယံခြင်းက စိတ်ဒုက္ခပေးတဲ့ အမျိုးသမီးရောဂါဆို မမှားပါဘူး။

ဒီ့အတွက် တယ်လီကျန်းမာမှာ မိန်းမကိုယ် ယားယံခြင်းအကြောင်းကို အသေးစိတ်တင်ပေးဖူးပါတယ်

(http://www.telekyanmar.org/vaginal-thrush-january-2022/)

စကား ပြန်ဆက်ရရင်…

အမျိုးသမီး အဖြူဆင်း ယားယံခြင်း စတင်ခံစားရပြီဆိုရင် သင့်တော်တဲ့ကုသမှု သေချာခံယူပြီး နောက်ထပ်မဖြစ်အောင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ရပါမယ်။

အခုပိုစ့်ကတော့ မိန်းမကိုယ်ယားယံခြင်း အဖြူဆင်းခြင်းအတွက် အမျိုးသမီးများ အမှားအများဆုံးလုပ်မိတတ်တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို ထပ်ပြီး highlight လုပ် ပြောပြပေးသွားမှာပါရှင်…

????(၁) မိန်းမကိုယ်ထဲ ဆေးလုံးထည့်ခြင်း

ဆရာဝန်က မိန်းမကိုယ်ထဲ ဆေးထည့်ဖို့ပေးရင် မအိပ်ခင် နောက်ဖေးသွားလုပ်ပြီး အရင်ဆုံး Privacy ရှိတဲ့အခန်းမှာ သက်တောင့်သက်သာ အနေအထားနဲ့ ဆေးလုံးကို ထည့်ပေးရပါမယ်။ ထည့်ရင်လည်း ဆေးကဒ်မှာပါတဲ့ Applicator သုံးလို့ရသလို၊ လက်ကို စင်ကြယ်အောင်ဆေးပြီး မိမိလက်နဲ့လည်း မိန်းမကိုယ်ထဲဝင်အောင် ထည့်ပေးလို့လည်း ရပါတယ်။ ထည့်ပြီးသွားရင် လိင်မဆက်ဆံရပါ။

နောက်တစ်ခုက ဆေးလုံး အရည်ပျော်လာတာဖြစ်လို့ အချွဲလိုထွက်တာ မနက် နောက်ဖေးသွား တွေ့ရတတ်ပါတယ်။

ဒီအချိန် ကြောက်စရာမလိုဘဲ ရက်ပြည့်အောင် ဆေးထည့်ပေးရပါမယ်။

????(၂) မိန်းမကိုယ် အလွန်အကြူး သန့်ရှင်းရေးလုပ်ခြင်း

အဖြူဆင်းတာ မသန့်လို့ လို့ယူဆပြီး pH Care လိုမျိုး ဆပ်ပြာတွေနဲ့ မိန်းမကိုယ်အထဲထိ နှိုက်ဆေးတာ၊ ရေနွေးတွေ ဆားရည်တွေနဲ့

မိန်းမကိုယ်အတွင်းထိ ဆေးချတာ လုံးဝ (လုံးဝ) မလုပ်ရပါဘူးနော်….❌❌❌

လိင်ဆက်ဆံပြီးတောင် မိန်းမကိုယ်အတွင်းထိ နှိုက်ဆေးတာမျိုး မလုပ်ရပါဘူးနော်။ မိန်းမကိုယ်မှာ သဘာဝက ပေးထားတဲ့ Normal Flora လို့ခေါ်တဲ့ ကောင်းမွန်တဲ့ ပိုးမွှားတွေရှိတာကြောင့် မိန်းမကိုယ်အထဲထိ နှိုက်ဆေးတာဟာ Normal Flora ​ကိုသေစေပြီး ရောဂါပိုဆိုးစေပါတယ်။

ပုံမှန် နေ့စဉ်ရေချိုးရင်း အပေါ်ယံသန့်ရှင်းရေးလုပ်… လုံလောက်ပါတယ်ရှင်။

မိန်းမကိုယ်နေရာကို မလိုလားအပ်သော ရေမွှေးစွတ်တာ၊ အမွှေးနံ့ ပူရှိန်းပါတဲ့ PAD သုံးတာလည်း မလုပ်ရပါဘူးနော်။

????(၃) မိန်းမကိုယ်နေရာကို ပူနွေးစိုစွတ်တဲ့ အခြေအနေ မဖြစ်အောင် နေရပါမယ်

ပူနွေးစိုစွတ်တဲ့နေရာဆို Bacteria တွေ၊ မှိုတွေ ဖြစ်ဖို့ နေရာပေးသလို ဖြစ်စေလို့ပါ။ ဒါကြောင့် Underwear တွေ ဘောင်းဘီ စကပ်ကျပ်ကျပ်တွေ အချိန်တာရှည်ဝတ်ဆင်တာ မလုပ်သင့်ပါ။ အိမ်သာဝင်ပြီး မိန်းမကိုယ်နေရာ ရေစိုနေတာမျိုးမဖြစ်အောင် တစ်ခါသုံး တစ်ရူးကိုသာ သုံးပေးပါ (မိန်းမကိုယ်သုတ်အဝတ်ထားပြီး အမြဲသုံးနေတာ မလုပ်ရပါဘူးနော်… စိုစွတ်နေသော အဝတ်မှာလည်း ပိုးမွှားများ ပေါက်ဖွားတတ်လို့ပါ)

Toilet paper အသုံးပြုရင်လည်း မိန်းမကိုယ်သာ အရင်သုတ်ရပါမယ်။

စအိုနေရာ အရင်ထိထားတာကို မိန်းမကိုယ်နေရာ ပြန်မသုတ်ရပါဘူးနော်။

အလွယ်ပြောရမယ်ဆို ရှေ့ကနောက်ကိုပဲ သုတ်ရပါမယ်။

????(၄) အရေးကြီးဆုံးက မြန်မာအိမ်အများစုမှာ အမျိုးသမီး အတွင်းခံဘောင်းဘီဆို တခြားသူ မမြင်နေရာ ဖွက်လှန်းရတာပါ။ အတွင်းခံအဝတ်က ကိုယ်နဲ့တိုက်ရိုက်ထိတာမို့ သေချာလျှော်ဖွပ်ပြီး သန့်ရှင်းသောနေရာမှာ နေ​ရောင်ခြည် သေချာရအောင်လှန်းပြီး ဝတ်ဆင်ရပါမယ်။ အတွင်းခံဘောင်းဘီဆိုလည်း ချည်သားဘောင်းဘီမျိုး ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ အမျိုးသမီးလစဉ်သုံးဆိုလည်း ၄-၆ နာရီခြား လဲပေးသင့်ပါတယ်။

????(၅) ရေများများသောက်ပေးတာ အဖြူဆင်းခြင်းကို တိုက်ရိုက် သက်သာစေတာမဟုတ်ပေမယ့် ရေသောက်နည်းရင် အဖြူပျစ်ပျစ်တွေ ပိုဆင်းစေနိုင်တယ်လို့ တချို့သုတေသနတွေမှာ တွေ့ရပါတယ်။ ရေများများသောက်တာလည်း ကျန်းမာရေးအတွက်ကောင်းတာမို့ ရေများများသောက်ဖို့လည်း အကြံပေးချင်ပါတယ်။

နောက်ဆုံး ကျွန်မ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးရမယ်ဆို မိန်းမကိုယ် အဖြူဆင်း ယားယံလာပြီဆို တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ စတင်တိုင်ပင်ပါ…

ရိုးရိုးအဖြူဆင်းတာလား ရောဂါလား ကွဲပြားအောင်ပါ။

ပြီးရင် ဆရာဝန် ညွှန်းကြားဆေးဝါးများ သေချာသုံးစွဲပြီး အပေါ်က ကျွန်မပြောခဲ့တဲ့ ဆောင်ရန်/ရှောင်ရန် (၅) ချက်ကို ဂရုစိုက်လိုက်နာပေးကြည့်ပါ။

ဒီ (၅) ချက်က ကျွန်မတို့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကျန်းမာရေး အတွက် ရောဂါမရှိတောင် လိုက်နာသင့်တဲ့ အချက်လေးတွေမို့ပါရှင်

ဆရာဝန်နဲ့တိုင်ပင်ချင်တယ်ဆိုလည်း တယ်လီကျန်းမာမှာ အခမဲ့ပြသလို့ ရပါတယ်ရှင်…

အမျိုးသမီးများအားလုံး အဖြူဆင်းယားယံခြင်းမှ သက်သာပျောက်ကင်းကြပါစေလို့လည်း ဆုတောင်းပေးလျက်ပါနော်….။

Dr. Cool

တယ်လီကျန်းမာ

Ref : ????

https:// familydoctor .org/condition/vaginal-discharge/amp/

https:// www .http://teenvogue.com/…/vaginal-discharge-might-be….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

NUG MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here