မိန်းမကိုယ်မှာ စွဲကပ်တဲ့ မှိုရောဂါတစ်မျိုး Vaginal Candidiasis (October,2023)

0
292

မိန်းမကိုယ်မှာ စွဲကပ်တဲ့ မှိုရောဂါတစ်မျိုး (Vaginal candidiasis)

အမျိုးသမီးတွေမှာ မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ မိန်းမကိုယ်ယားယံတာ အစရှိတဲ့ လက္ခဏာတွေကို မကြာခဏ ခံစားရလေ့ရှိမှာပါ။ ဒါကတော့ မိန်းမကိုယ်မှာ စွဲကပ်တဲ့ မှိုရောဂါကြောင့်ပဲ ဖြစ်ပါတယ်။

Vaginal candidiasis လို့ခေါ်တဲ့ မိန်းမကိုယ် မှိုစွဲတဲ့ရောဂါက အမျိုးသမီး (၄) ယောက်မှာ (၃) ယောက်အထိ ဖြစ်တတ်ပါတယ်။ ဒီမိန်းမကိုယ်မှိုရောဂါဟာ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တာလို့တော့ အမြဲတမ်းယူဆလို့ မရပါဘူး။ ဒါပေမယ့် ပထမဆုံး လိင်ဆက်ဆံတဲ့အချိန်မှာတော့ ဒီရောဂါ ဖြစ်နိုင်ပါတယ်။ Oral sex (ပါးစပ်ကနေ လိင်ဆက်ဆံတာ) ကြောင့်လည်း မိန်းမကိုယ်မှိုစွဲတာ ဖြစ်နိုင်တယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။

မိန်းမကိုယ် မှိုစွဲခြင်းကြောင့် ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့…

– မိန်းမကိုယ်မှာ အလွန်အမင်း ယားယံပြီး နေရထိုင်ရခက်ခဲခြင်း

– လိင်ဆက်ဆံနေစဥ် ဒါမှမဟုတ် ဆီးသွားတဲ့အချိန်တွေမှာ ပူစပ်ပူလောင် ခံစားရခြင်း

– မိန်းမကိုယ်အပြင်ဝမှာ နီရဲပြီး ရောင်ရမ်းနေခြင်း

– မိန်းမကိုယ် နာကျင်ခြင်း

– မိန်းမကိုယ်မှာ အစက်အပြောက်တွေ ထွက်ခြင်း

– ဒိန်ခဲလို အနံ့မရှိတဲ့ အဖြူရောင်အနှစ်တွေ ဆင်းခြင်း

– ရေလိုမျိုး အရည်တွေဆင်းခြင်း အစရှိတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

မှိုစွဲကပ်ခြင်းရောဂါ ပြင်းထန်တဲ့အခါ…

• မိန်းမကိုယ် အလွန်အမင်း ရောင်ရမ်းနေမယ်။ နီရဲနေမယ်။ ကွဲအက်ပြီး အနာတွေ ဖြစ်လာမယ်။

• တစ်နှစ်မှာ (၄) ကြိမ်နဲ့အထက် မိန်းမကိုယ်မှို‌ရောဂါ ကြုံနေရတတ်ပါတယ်။

ဒီလိုပြင်းထန်တဲ့ အခြေအနေမျိုးကို…

• ကိုယ်ဝန်သည်မိခင်

• ဆီးချိုရောဂါရှင်

• HIV ‌ရောဂါ ဒါမှမဟုတ် တချို့သောဆေးဝါးတွေကြောင့် ကိုယ်ခံအားစနစ်က အားနည်းနေမယ်ဆိုရင်… ကြုံတွေ့ရတတ်ပါတယ်။

ဘာကြောင့် မိန်းမကိုယ်မှိုရောဂါ ဖြစ်ရသလဲ

မိန်းမကိုယ်မှာ သဘာဝအားဖြင့်တော့ မှိုနဲ့ ဘက်တီးရီးယားတို့ လိုက်လျောညီထွေစွာ ရှိနေတာ ဖြစ်ပါတယ်။ တချို့သော ဘက်တီးရီးယားတွေ (ဥပမာ – Lactobacillus) ဟာ မိန်းမကိုယ်မှာ မှိုရောဂါ မဖြစ်အောင် ကာကွယ်ပေးထားပါတယ်။

ဒါပေမယ့် ဒီဘက်တီးရီးယားတွေ ပျက်စီးသွားတဲ့အချိန်မှာ မှိုစွဲတာကို မကာကွယ်ပေးနိုင်တော့တဲ့အတွက်ကြောင့် မိန်းမကိုယ် မှိုရောဂါ (vaginal candidiasis) ဖြစ်ရခြင်း ဖြစ်ပါတယ်။

.

– မိန်းမကိုယ်ကို ကာကွယ်ပေးထားတဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားဖြစ်တဲ့ lactobacillus ကိုသေစေနိုင်တဲ့ တချို့သော ပိုးသတ်ဆေးတွေ

– ကိုယ်ဝန်ဆောင်ရခြင်း

– ဆီးချို မထိန်းနိုင်ခြင်း

– ကိုယ်ခံအားစနစ် အားနည်းခြင်း

– အီစထရိုဂျင်ပမာဏ များစေနိုင်တဲ့ ဟော်မုန်းဆေးတွေ ဒါမှမဟုတ် ကိုယ်ဝန်တားဆေးတွေကြောင့်… ဒီလို မိန်းမကိုယ် မှိုစွဲတဲ့ရောဂါ ဖြစ်နိုင်ခြေများပါတယ်။

ဒီလိုမျိုး မိန်းမကိုယ်မှိုစွဲခြင်း မဖြစ်ရလေအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

• တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီတွေ ဝတ်တာ ရှောင်ကြဥ်ပါ။ တတ်နိုင်ရင်တော့ ပေါ့ပါးချောင်ချိတဲ့ ချည်သားအတွင်းခံတွေ ဝတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

• မိန်းမကိုယ် သန့်စင်ဆေးရည်တွေ ရှောင်ပါ။

• ချွေးစို၊ ရေစိုနေတဲ့ အဝတ်အစားတွေကို အချိန်အကြာကြီး မဝတ်ထားပါနဲ့။

• အနံ့ပါတဲ့၊ အနံ့ပြင်းတဲ့ ဆပ်ပြာတွေ၊ tampon သုံးတာတွေ ရှောင်ကြဥ်ပါ။

• မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ မသောက်ပါနဲ့။

• ရေနွေးပူပူလောင်လောင်နဲ့ မိန်းမကိုယ်ကို ဆေးကြောသန့်စင်တာ၊ ရေချိုးတာတွေ ရှောင်ပါ။

ဘယ်လို ကုသနိုင်လဲ

မှိုစွဲတာပျောက်ကင်းဖို့အတွက် မှိုသတ်ဆေး သောက်သုံး၊ သုံးစွဲနိုင်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြီး မှိုသတ်ဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးဖို့/ လိမ်းပေးဖို့ လိုအပ်ပါတယ်။

.

ဒီလောက်ဆို အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ်မှိုရောဂါ (vaginal candidiasis) နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ရရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်နာပြီး မိန်းမကိုယ် မှိုရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

References – ????

https:// www. mayoclinic. org /diseases-conditions/yeast-infection/symptoms-causes/syc-20378999

https:// www. mayoclinic. org /diseases-conditions/yeast-infection/diagnosis-treatment/drc-20379004

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here