သားအိမ်ကျွံခြင်း Uterine Prolapse (October,2023)

0
204

သားအိမ်ကျွံခြင်း (Uterine prolapse)

အမျိုးသမီးတွေမှာ တင်ပါးဆုံကွင်းကြွက်သားတွေ၊ အဲဒီကြွက်သားတွေကို ထောက်ပံ့ပေးထားတဲ့ အရွတ်တွေ အားနည်းလာတာကြောင့် သားအိမ်ကျွံတာ ဖြစ်တတ်ပါတယ်။ သားအိမ်ကျွံတယ်ဆိုတာကတော့ သားအိမ်က တစ်သျူးတွေဟာ မိန်းမကိုယ်ရဲ့ အပြင်ဘက်ကို ထွက်ကျတာကို ဆိုလိုတာ ဖြစ်ပါတယ်။

တစ်ကြိမ်နဲ့အထက် ရိုးရိုးမီးဖွားဖူးတဲ့ အမျိုးသမီးတချို့မှာ ဖြစ်တတ်လေ့ရှိပါတယ်။

????ဘယ်လို လက္ခဏာတွေ ခံစားရမလဲ

သားအိမ်ကျွံတဲ့ အမျိုးသမီးတွေမှာဆိုရင်တော့…

– မိန်းမကိုယ်ကနေ တစ်ခုခု ထွက်ကျနေသလို ခံစားရတာ

– တင်ပါးဆုံမှာ လေးပင်နေသလို ခံစားရတာ

– ဆီးသွားတဲ့အခါတွေမှာဆိုရင် ဆီးမကုန်သလို ဆီးကျန်နေသလို ခံစားရတာ

– ဝမ်းသွားတဲ့အချိန်တွေမှာ မိန်းမကိုယ်ကို ဖိထားမှ ဝမ်းသွားဖို့ အဆင်ပြေတာ

– သားအိမ်ကျွံထားတဲ့အတွက်ကြောင့် ဘောလုံးတစ်လုံးပေါ် ခုထိုင်ထားသလို ခံစားရတာ

– မိန်းမကိုယ်ရဲ့ တစ်သျူးတွေက အဝတ်အစားနဲ့ ပွတ်တိုက်နေသလို ခံစားရတာ

– ကျော၊ တင်ပါးဆုံကွင်းတို့မှာ မသက်မသာ ခံစားရတာ အစရှိတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

????ဘာကြောင့် သားအိမ်ကျွံရသလဲ၊ ဘယ်လိုအမျိုးသမီးတွေမှာ သားအိမ်ကျွံကျနိုင်ခြေ ပိုများလဲ

– ရိုးရိုးမွေးခြင်းကြောင့်

– အသက်ကြီးမှ ကလေးမီးဖွားတာကြောင့် (အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ အသက်ငယ်တဲ့ အမျိုးသမီးတွေထက်စာရင် ကလေးမီးဖွားတဲ့အခါ တင်ပါးဆုံကွင်းကြွက်သားတွေ ထိခိုက်နိုင်ခြေ ပိုများပါတယ်)

– ကလေးမီးဖွားရ ခက်ခဲခြင်း

– ကလေးမီးဖွားချိန်မှာ ကလေးက အရွယ်အစားကြီးနေခြင်း

– အဝလွန်နေခြင်း

– သွေးဆုံးချိန်မှာ အီစထရိုဂျင် level နည်းလာခြင်းကြောင့်

– ကာလကြာရှည်စွာ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားတဲ့အခါတွေမှာ ညှစ်ရခြင်းကြောင့်

– ကာလကြာရှည် ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ကြောင့်

– မကြာခဏ အလေးအပင်မခြင်းတို့ကြောင့် သားအိမ်ကျွံတာ ဖြစ်တတ်ပါတယ်။

အထက်ပါအချက်တွေအပြင်…

– အသက်ကြီးတဲ့ အမျိုးသမီးတွေ

– အဝလွန်တဲ့ အမျိုးသမီးတွေ

– အရင်က တင်ပါးဆုံခွဲစိတ်ကုသမှု ခံယူဖူးတဲ့ အမျိုးသမီးတွေ

– ကြွက်သားတစ်သျူးတွေ အားနည်းတဲ့သူတွေ အစရှိတဲ့ အမျိုးသမီးတွေမှာလည်း သားအိမ်ကျွံနိုင်ခြေ ပိုများပါတယ်။

????ဘယ်လို ကာကွယ်ကြမလဲ

• ဝမ်းမချုပ်အောင် ကာကွယ်ပါ။ ရေများများသောက်ပါ။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေ စားပါ။

• အလေးအပင်မတာတွေ ရှောင်ပါ။

• နာတာရှည်ချောင်းဆိုးရောဂါ ရှိတဲ့သူတွေ၊ လေပြွန်ရောင်တဲ့သူတွေက မိမိရောဂါကို စနစ်တကျ ကုသပါ။

• ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပါ။

????ဘယ်လို ကုသကြမလဲ

တင်ပါးဆုံကွင်း ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေမှာဆို ကိုယ်အလေးချိန်လျှော့ချဖို့ လိုအပ်ပါတယ်။

(စက္ကန့် ၃၀ လောက် တင်ပါးဆုံကြွက်သားတွေကို ညှစ်ထားပါ။ ပြီးရင် နောက်ထပ် စက္ကန့် ၃၀ လောက် ညှစ်ထားတာကို ဖြေလျှော့ပါ။ လေ့ကျင့်ခန်း တစ်ခါမှာ ဒီလိုမျိုး ၁၀ ကြိမ်လောက် ပြုလုပ်ပေးပါ။ မနက်တစ်ခါ၊ ညတစ်ခါ ပြုလုပ်ပေးဖို့ လိုပါတယ်)

သားအိမ်တစ်သျူးတွေ မိန်းမကိုယ်အပြင်ဘက်ကို မထွက်ကျနေဖို့ pessary လို့ခေါ်တဲ့ ဆီလီကွန်ကွင်းလေးတွေနဲ့ ထိန်းထားပေးလို့ ရပါတယ်။

လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

.

အထက်မှာ ဖော်ပြထားတဲ့ အချက်တွေအတိုင်း လိုက်နာရင်း အမျိုးသမီးတွေမှာ သားအိမ်ကျွံကျခြင်းဝေဒနာ မဖြစ်ပွားအောင် ကာကွယ်ကြဖို့ တိုက်တွန်းပါရစေ။

References – ????

https:// www. mayoclinic. org /diseases-conditions/uterine-prolapse/symptoms-causes/syc-20353458

https:// www. mayoclinic. org /diseases-conditions/uterine-prolapse/diagnosis-treatment/drc-20353464

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here