လိင်ဆက်ဆံခြင်း/အတူနေခြင်းဆိုတာဟာ အဖိုအမဆိုင်ရာ သဘာဝတရားပါ။ ဒါပေမယ့် နှစ်ဦးသဘောတူ ချစ်ကြည်နူးပြီး ကောင်းမွန်တဲ့ခံစားချက်နဲ့ အတွေ့အကြုံရဖို့အပြင် အန္တရာယ်မရှိဘဲ လုံခြုံစိတ်ချရတဲ့ အတူနေဆက်ဆံခြင်း ဖြစ်ဖို့ကလည်း တကယ်ကို အရေးကြီးပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ….

– အကာအကွယ်ဖြစ်တဲ့ ကွန်ဒုံး (Condom) မပါဘဲ အတူနေတာ

– သန္ဓေတားဆေးမသောက်ဘဲ အတူနေတာ/အတူနေပြီး တားဆေးမ‌သောက်တာကို ဆိုလိုပါတယ်။

.

ဒီလို အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတွေကို များသောအားဖြင့်…

– အရက်သေစာ၊ မူးယစ်ဆေးဝါး သောက်စားမိပြီး ကြိုတင်စီစဉ်ထားတာမရှိဘဲ အတူနေမိတာ

– အကာအကွယ်အဖြစ် ကွန်ဒုံးသုံးပေမယ့် ပေါက်ပြဲသွားတာ ဒါမှမဟုတ် ရက်လွန်နေတာ

– အကာအကွယ်ကွန်ဒုံး အသုံးပြုပုံ မမှန်တာ

– သန္ဓေတားဆေးသောက်သုံးဖို့ မေ့သွားတာ

– အတင်းအကြပ် အဓမ္မပြုကျင့်ခံရတာ စတဲ့ အခြေအနေမျိုးတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်လဲ…

– ကိုယ်ဝန်ရရှိသွားတာ

– လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့၊ ကုသဖို့လွယ်ကူတဲ့ ရောဂါတွေဖြစ်တာ။ ဥပမာ – ဆီးပူညောင်းကျရောဂါ (Gonorrhoea)၊ ဘက်တီးရီယားကြောင့်ဖြစ်တဲ့ ကာလသားရောဂါ (Chalmydia)

– လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ကုသဖို့ခက်ခဲတဲ့ ရောဂါတွေဖြစ်တာ (ဥပမာ – ခုခံအားကျဆင်းမှုရောဂါ HIV/AIDS၊ ကြွက်နို့ရောဂါ၊ လိင်အင်္ဂါရေယုန်၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး) စတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာအောင် ဘာတွေကို အဓိကထားပြီး လုပ်ရမလဲ….

အတူနေမယ်ဆိုရင် အကာအကွယ်ကို နည်းမှန်လမ်းမှန်နဲ့ အမြဲတမ်းအသုံးပြုဖို့ပါပဲ။ ကွန်ဒုံးအသုံးပြုတော့မယ်ဆိုရင်

– အကာအကွယ်ကွန်ဒုံးအသစ်ကို အမြဲအသုံးပြုပါ

– ကွန်ဒုံးအခွံမှာပါတဲ့ ရက်စွဲက ရက်လွန်နေသလားဆိုတာ (Expired date) ကို အမြဲစစ်ဆေးပါ

– ကွန်ဒုံးအခွံကို ဖောက်တဲ့အခါ လက်သည်း၊ လက်ဝတ်လက်စား၊ သွား စတာတွေကြောင့် ကွန်ဒုံးပေါက်ပြဲစေနိုင်တာကြောင့် ဒီလိုမဖြစ်အောင် သေချာဂရုစိုက်ပြီး ဖွင့်ပါ

– ချောဆီအသုံးပြုမယ်ဆိုရင် ရေကို အခြေခံပြီးထုတ်ထားတဲ့ ချောဆီကိုပဲ အသုံးပြုပါ။ တခြားချောဆီတွေက ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်နော်

– ကွန်ဒုံးကို အတူနေဖြစ်တဲ့အချိန်တိုင်း အစကနေ အဆုံးထိ အသုံးပြုပါ။ သုတ်ရည်မထွက်ခင် ရှေ့ပြေး အရည်ကြည်ကနေ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားစေနိုင်သလို ရောဂါတွေလည်း ကူးစေနိုင်လို့ ဖြစ်ပါတယ်။

– အတူအသုံးပြုတဲ့ လိင်ပိုင်းဆိုင်ရာ လူကြီးကစားစရာတွေ (Sex toys) ကို အကာအကွယ်ကွန်ဒုံးစွပ်ပြီး အသုံးပြုပါ။

– အမျိုးသမီးကွန်ဒုံး (Diaphragm) က ကူးစက်ရောဂါတွေကို ကာကွယ်ပေးနှုန်း နည်းတယ်ဆိုတာကို အမြဲသိထားပါ။

အမြဲသတိထားနေတဲ့ကြားက အမှတ်မထင်၊ မတော်တဆ အတူနေမိသွားပြီဆိုရင်လည်း ကြောက်လန့်မသွားပါနဲ့နော်။

အကာအကွယ်မဲ့ အတူနေမိသွားတာနဲ့ ပထမဆုံးလုပ်ရမှာက မိမိတွဲဖက်နဲ့ စကားပြောဖို့ပါပဲ။

အရှက်အကြောက်ကြီးတဲ့ အသိုက်အဝန်းမှာ ကြီးပြင်းခဲ့ရတာကြောင့် ဒီအဆင့်က လူတိုင်းအတွက် ခက်ခဲမှာပါ။ ဒါပေမယ့် ကြိုးစားပြီး စကားပြောဖို့ လိုအပ်ပါတယ်။ မိမိတွဲဖက်မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရာဇဝင် ရှိ/မရှိ၊ လတ်တလော စစ်ဆေးထားခြင်း ရှိ/မရှိ၊ ကူးစက်ခံထားရတဲ့ လက္ခဏာတွေ ရှိ/မရှိ ဆိုတာတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာတော့ လိင်မှုအနိုင်ကျင့်ခံရသူ၊ အတင်းအကြပ်ပြုကျင့်ခံရသူတွေအနေနဲ့ မိမိတွဲဖက်ကို မေးဖို့/ စကားပြောဖို့ မဖြစ်နိုင်တာမို့ နီးစပ်ရာဆေးရုံရှိ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်နော်။

.

ဒုတိယတစ်ခုကတော့ အမျိုးသမီးအနေနဲ့ တားဆေးပုံမှန် သောက်သုံးနေတာမျိုးမရှိရင် ကိုယ်ဝန်မရစေဖို့ အရေးပေါ်တားဆေး (Morning after pills) ကို ၇၂ နာရီအတွင်း သောက်သုံးဖို့ လိုပါတယ်။ စောစောသောက်နိုင်လေ ကောင်းလေပါပဲ။ အရေးပေါ်တားဆေး အကြောင်းကို နီးစပ်ရာဆေးရုံ/ဆေးခန်းမှာရှိတဲ့ ဆရာဝန်တွေဆီမှာ မေးမြန်းတိုင်ပင် စုံစမ်းလို့ရပါတယ်နော်။

ကိုယ်ဝန်မရအောင် ပိုပြီးစိတ်ချချင်ရင်တော့ မိန်းမကိုယ်ထဲ ပစ္စည်း (Intrauterine device) ထည့်တာကို ပြုလုပ်နိုင်ပါတယ်။ သက်ဆိုင်ရာဆေးရုံ/ဆေးခန်းတွေမှာ သားဖွားမီးယပ်အထူးကုတွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ထည့်လို့ရပါတယ်‌နော်။ သိထားရမှာက တားဆေးတွေက ကူးစက်ရောဂါတွေကို ကာကွယ်ပေးခြင်း မရှိဘူးဆိုတာပါပဲ။

.

တတိယကတော့ နီးစပ်ရာ‌ဆေးရုံ/ဆေးခန်းမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းပါ။ အကာအကွယ်မဲ့ အတူနေပြီးတဲ့နောက် ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့ ပိုးသတ်ဆေးသောက်ခိုင်းတာ၊ သွေးစစ်ဆေးတာ၊ သုက်ရည်၊ ဆီး စစ်ဆေးတာတွေကို ပြုလုပ်ဖို့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ သိထားရမှာက တချို့ ကူးစက်ရောဂါတွေကို စစ်ဆေးတဲ့အခါ ရှိ/မရှိကို ချက်ချင်းမသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်တွေက ရက်ချိန်းပြန်ခေါ်ပြီး စစ်ဆေးကြတာပါနော်။

.

နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ မိမိတွဲဖက်မှာ ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုး (HIV) ရှိ/မရှိကို သေချာမသိခဲ့ရင်၊ မသေချာရင် HIV ကူးစက်ခံထားရတယ်လို့ သံသယရှိရင် ကူးစက်နိုင်သော ထိတွေ့မှုရှိပြီးနောက် အရေးပေါ်ကာကွယ်ဆေး {Post exposure prophylaxis (PEP)} ကို ၇၂ နာရီအတွင်းသောက်သုံးသင့်တာမို့ မတုံ့ဆိုင်းဘဲ အချိန်မီ ဆေးသောက်ဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိရှိနေဖို့ လိုပါတယ်။

ဒါတွေ ပြီးသွားပြီဆိုရင်တော့ အရေးပေါ်အနီအဆင့်ကို ကျော်ဖြတ်ပြီးသွားပြီလို့ ပြောနိုင်ပါတယ်။ အနီအဆင့် ကို ကျော်ပြီးပြီဆိုပေမယ့် ရှေ့ဆက်ပြီး လုပ်ရမှာတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ မိမိတွဲဖက်နဲ့ ရှေ့ဆက်ပြီး အတူနေ/လိင်ဆက်ဆံနိုင်ခြေ ရှိသေးတယ်ဆိုရင် ဒီလိုအခြေအနေမျိုး ထပ်မဖြစ်အောင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားဖို့ လိုအပ်ပါတယ်။

လုံခြုံစိတ်ချရတဲ့ အတူနေဆက်ဆံတာမျိုးဖြစ်ဖို့ ချစ်တဲ့သူနှစ်ယောက်သား ကြိုတင်တိုင်ပင်ထားပြီးတော့ လှပတဲ့ အနာဂတ်လေးကို တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းလေး တောင်းလိုက်ပါရစေနော်။

Dr. Latte

References : ????

https : // www . betterhealth . vic . gov . au /health/healthyliving/safe-sex

https : // youtu . be /48zdZ6x3SK4?si=8RETv5wa7X1TaWua

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here