“ရေကူးရင်း ဗိုက်ကို မြွေလာပတ်ပြီး ကိုက်ခံလိုက်ရတာ မြွေမမြင်လိုက်ရဘူး”

“လယ်ထဲ လမ်းလျှောက်နေရင်း ခြေထောက်မှာ ဆစ်ခနဲ ဖြစ်သွားတယ်၊ အကောင်ရှည် ကိုက်ခံရပြီ ထင်တယ်”

“ညဘက် လမ်းလျှောက်ရင်း မြွေတက်နင်းမိလို့ ကိုက်ခံလိုက်ရတယ်။ မြွေသေချာပေမယ့် ဘာမြွေမှန်း မသိလိုက်ဘူး”

အဲဒီလိုမျိုး ဖြစ်ရပ်တွေ ရပ်ထဲရွာထဲ ကြုံဖူးကြမယ် ထင်ပါတယ်နော်။ Unknown bite (Unknown snake bite) လို့ခေါ်တဲ့ အမျိုးအစားမသိ မြွေ/အကောင် ကိုက်ခံရခြင်းအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

WHO အဖွဲ့ကြီးရဲ့ ဒေတာအရ တစ်နှစ်ကို လူပေါင်း (၅) မီလီယံလောက်ကို မြွေကိုက်ခံရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ‌တော့ ၂၀၂၀ လေ့လာမှုတစ်ခုအရ မြွေကိုက်ခံရတဲ့နှုန်းဟာ လူတစ်သိန်းမှာ ၂၈၀ ယောက်ခန့် ရှိပြီး မြွေကိုက်လူနာတွေရဲ့ ၉၀ ရာခိုင်နှုန်းက လူဦးရေ ထူထပ်တဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး စတဲ့ ဒေသတွေက ဖြစ်တယ် လို့ ဖော်ပြထားတာ ရှိပါတယ်။ (ကိုးကား- ၃)

အဲဒါကြောင့် မြွေအန္တရာယ်ဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ မြွေကိုက်လူနာတွေထဲမှာမှ အမျိုးအမည်မသိ မြွေကိုက်ခံရခြင်းတွေကလည်း တွေ့ရများပါတယ်။

အဲဒါဆို အမျိုးအမည်မသိ မြွေ/အကောင် တစ်ကောင် အကိုက်ခံရပြီ ဆိုပါစို့။ ဘာလုပ်ကြမလဲ… စဉ်းစားကြရအောင် …

ပထမဆုံးအချက်ကတော့ အရမ်းလန့်မသွားဘဲ တတ်နိုင်သလောက် စိတ်အေးအေးနဲ့ ပြုမူတုံ့ပြန်ဖို့ အရေးကြီးပါတယ်။

‌မိမိဘေးပတ်ဝန်းကျင်ကို သတိထားကြည့်နေရင်း အကိုက်ခံရတဲ့နေရာကနေ ဘေးလွတ်ရာကို ရွှေ့ဖို့ ကြိုးစားပါ။

ရေကူးရင်း အကိုက်ခံရတဲ့သူများမှာလည်း ရေနစ်သွားနိုင်တာမို့ အကောင်ကို လိုက်ဖမ်းဖို့ထက် ကုန်းပေါ် အမြန်ရောက်အောင်သွားပါ။ ပင်လယ်မြွေ (Sea snake) များဟာ ကိုက်ခံရပြီး နာရီဝက်အတွင်း အဆိပ်ပျံ့နှံ့ပြီး ကြွက်သားများ တစ်ကိုယ်လုံးမှာ တောင့်တင်းနာကျင်ကာ အသက်ရှူရခက်ပြီး ရေနစ်စေနိုင်ပါတယ်။

ကိုက်ခံရတဲ့နေရာနားမှာ စည်းထားတဲ့အရာတွေရှိရင် ဖယ်ပစ်ပါ။ ဥပမာ လက်စွပ်တို့၊ လက်ကောက်တို့ပေါ့နော်။ ကိုက်ခံရပြီး ရောင်လာတဲ့အခါ ဒါတွေမဖြုတ်ထားရင် သွေးကြောပိတ်အန္တရာယ် ဖြစ်နိုင်ပါတယ်။

အကိုက်ခံရတဲ့ လူနာကို အရမ်းမစိုးရိမ်ဖို့ အားပေးစကားပြောပါ။ စိတ်အေးအေးထားခြင်းဟာ နှလုံးခုန်နှုန်းကို နှေးစေပြီး မြွေဆိပ်ပျံ့တာကို နှေးစေပါတယ်။

ပြီးတော့ ကိုက်ခံရတဲ့ မြွေတိုင်းက အဆိပ်ပြင်းမြွေမဟုတ်နိုင်တာရယ်၊ အဆိပ်ပြင်းမြွေကိုက်ခံရတယ် ဆိုရင်တောင် အဆိပ်မပါတဲ့ Dry bite ဖြစ်နိုင်သေးတယ် ဆိုတာကို သတိရပါ။ မိမိဘေးက အဖော်က ကိုက်ခံခဲ့ရတယ်ဆိုရင်လည်း သူ့ကို အဲဒီလိုပြောပြအားပေးပါ။

လူနာကို မလှုပ်ရှားစေဘဲ သက်သာသလို လှဲနေစေပါ။ ကိုက်ခံရတဲ့နေရာကို မလှုပ်ရှားနိုင်အောင် Splint စည်းပါ။ လှုပ်ရှားမှုပြုလုပ်ခြင်း၊ လှုပ်ရှားမှုများခြင်းဟာ ကြွက်သားတွေ ကျုံ့ဆန့်ခြင်းကြောင့် အဆိပ်ဟာ သွေးပြန်ကြောများနှင့် ပြန်ရည်ကြောများကို ပိုဝင်နိုင်ပြီး မြွေဆိပ် မြန်မြန်ပျံ့နိုင်ခြေ ရှိပါတယ်။

တင်းကြပ်စွာ ကြပ်စည်းခြင်းကိုတော့ လုံးဝ ရှောင်ရှားရပါမယ်။ တင်းကြပ်စွာ စည်းနှောင်ခြင်း လုပ်ထားရင် ခြေ/လက်တွေ ရောင်ရမ်းလာတဲ့အခါ သွေးမလျှောက် တော့ဘဲ ပုပ်သွားတာ ဖြစ်နိုင်ပါတယ်။

မြွေကိုက်ခံရတဲ့သူကို လှုပ်ရှားမှုနည်းအောင် လုပ်ထားခြင်းဟာ မြွေဆိပ် တစ်ကိုယ်လုံးပျံ့နှံ့ခြင်း ဖြစ်တာကို လျော့ပါးစေပါတယ်။ အထူးသဖြင့် ဆေးရုံသွားတဲ့အခါ ကိုက်ခံရတဲ့ ခြေထောက်ကို လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင်ထားပြီး သယ်ပို့သင့်ပါတယ်။

ပြီးရင်တော့ ဆေးကုသမှုရနိုင်တဲ့ နီးစပ်ရာ ဆေးရုံသွားပြီး အမြန်ဆုံး စစ်ဆေးကုသခံဖို့ အရေးကြီးပါတယ်။

လူနာဟာ လမ်းမှာ ပျို့အန်တာ‌တွေ ဖြစ်နိုင်တာကြောင့် သူ့ကို ဘယ်ဘက်ဘေးစောင်း လှဲအိပ်စေတဲ့ပုံစံနဲ့ သယ်ပို့ရင် အကောင်းဆုံးပါ။

လူနာကို နီးစပ်ရာ ဆေးရုံ/ဆေးခန်း အရင်မပို့ဘဲ မြွေကို မတွေ့တွေ့ အောင် ရှာတာ၊ လိုက်သတ်တာတွေ မလုပ်သင့်ပါ။ တကယ်လို့ မြွေကိုသတ်ပြီး မြွေသေသွားပြီးသားဖြစ်နေရင်တော့ ဆေးရုံကို အန္တရာယ်ကင်းစွာ ထုတ်ပိုးပြီး ယူလာခဲ့နိုင်ပါတယ်။ မြွေရဲ့ခေါင်းကို လက်နဲ့သွားကိုင်ခြင်း မလုပ်သင့်ပါ။ ခေါင်းပြတ်နေသည်ဖြစ်စေ၊ ခေါင်းဟာ ပျက်စီးနေသည်ဖြစ်စေ အန္တရာယ်ရှိနေနိုင်ပါသေးတယ်။

အခုခေတ် လူတိုင်းနီးပါးမှာ ဓာတ်ပုံရိုက်နိုင်တဲ့ လက်ကိုင်ဖုန်းတွေ သုံးနေကြပြီဖြစ်လို့ မြွေကို ဖုန်းနဲ့ ခေါင်း၊ အမြီး၊ ကိုယ်လုံး စသည်ဖြင့် သေချာ ဓာတ်ပုံရိုက်လာပေးရင်လည်း ရပါတယ်။ မြွေကို သွားမသတ်ဘဲ ခပ်လှမ်းလှမ်းက ဓာတ်ပုံရိုက်ယူလာရင်လည်း အဆင်ပြေပါတယ်။

အမည်မသိ မြွေ/အကောင် ကိုက်ခံရခြင်းတွေမှာ ကိုက်ခံရတဲ့ မြွေ/အကောင် ပါခြင်း မပါခြင်းထက် လူနာ ဆေးကုသဌာနကို အမြန်ရောက်ဖို့က အရေးအကြီးဆုံးပါ။ လူနာသည် သက်သောင့်သက်သာ၊ ဘေးကင်းစွာနဲ့ လှုပ်ရှားမှု နည်းနိုင်သမျှ နည်းစွာနဲ့ အချိန်မြန်မြန် မြွေဆိပ်ဖြေဆေးရတဲ့နေရာကို ရောက်ဖို့လိုပါတယ်။

မြွေမပါလာလည်း ‌အဆိပ်သင့်လက္ခဏာတွေကို စစ်ဆေးစမ်းသပ်ပြီး ဆရာဝန်တွေက ကုသမှု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြွေပါလာရင်တောင် မြွေဆိပ်ဖြေဆေး တန်းထိုးတာ မဟုတ်ဘဲ အဆိပ်သင့်လက္ခဏာတွေကို အရင်ဆုံး စောင့်ကြည့်စစ်ဆေးရတယ် ဆိုတာလည်း ပြောပြချင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ မြွေဆိပ်ဖြေဆေးတွေဟာ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ ရှားပါးပြီး ဈေးကြီးပါတယ်။ သူ့အမျိုးအစားအလိုက် ထိုးရတာဖြစ်ပြီး အမှားအယွင်း မခံပါဘူး။ မြွေကိုက်တာချင်းတူတူတောင် လိုအပ်မှပဲ မြွေဆိပ်ဖြေဆေးကို ထိုးရတာဖြစ်ပါတယ်။

“ ဆေးရုံတွင် ကုသမှုပြုလုပ်ပေးခြင်း”

~~~~~~~~~~

မြွေကိုက်ခံရခြင်းဟာ အရေးပေါ် ကျန်းမာရေးပြဿနာဖြစ်ပြီး အချိန်နဲ့တစ်ပြေးညီ ကုသရတာဖြစ်တဲ့အတွက် ဆေးရုံရောက်ရင် လူနာကို ခေါင်းအစခြေအဆုံး ခရေစေ့တွင်းကျ စစ်ဆေးနေခြင်းထက် လိုအပ်တာကို မြန်မြန်မေးမြန်း စမ်းသပ်ရပါတယ်။ ဆရာဝန်တွေတောင်မှ အချိန်ကအရေးကြီးတာကြောင့် မလိုအပ်တဲ့ စစ်မေးခြင်းတွေမှာ အချိန်မကုန်လိုတဲ့ သဘောပါ။ အဲဒါကြောင့် ဆေးရုံပြင်ပမှာ မြွေမတွေ့တွေ့အောင် ရှာတာမျိုး သို့မဟုတ် အခြားအကြောင်းကြောင့် အချိန်ကြန့်ကြာ‌စေတာမျိုးဟာ လူနာအတွက် အသက်အန္တရာယ်ရှိပါတယ်။ လုံးဝ မလုပ်သင့်ပါ။

ဆေးရုံရောက်ရင် ဆေးရုံတက်ရပါမယ်။ ဆရာဝန်တွေ စောင့်ကြည့်တဲ့ မြွေဆိပ်သင့်လက္ခဏာတွေကတော့…

– မျက်ခွံလေးခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း၊ ခေါင်းမထောင်နိုင်ခြင်း၊ အသက်ရှူနှေးခြင်း အပါအဝင် အာရုံကြောထိခိုက်ခြင်း လက္ခဏာများ

– ဆီးသွားနည်းခြင်း၊ ဆီးထဲ သွေးပါခြင်း

– သွေးပေါင်ကျခြင်း

– သွေးကျဲနှုန်းများခြင်း (သွေးဖောက်ပြီး စစ်ဆေးပါတယ်)

– သွေးထွက်သွေးယိုဖြစ်ခြင်း

– ဆီးထဲ အသားဓာတ်များခြင်း (ဆီးကို ချက်ပြီး စစ်ဆေးပါတယ်)

– ကိုက်ခံရတဲ့နေရာက အနာအခြေအ‌နေ၊ ရောင်ရမ်းတာ၊ သွေးထွက်တာရှိလား ကြည့်ခြင်း စတဲ့လက္ခဏာတွေကို ရှာဖွေပါတယ်။

အကြမ်းဖျင်း ပြောရရင်တော့ အဆိပ်ရှိမြွေ ကိုက်ခံရခြင်း ဟုတ်/မဟုတ်၊ ဟုတ်လျှင်လည်း ကိုက်ခံရတဲ့ နေရာမှာပဲ အဆိပ်တက်ခြင်း (local envenomation) လား၊ အဆိပ်က တစ်ကိုယ်လုံးကို ပျံ့နှံ့ခြင်း (systemic envenomation) လား ခွဲခြားတာပါ။

မြွေ ဘယ်ချိန်က အကိုက်ခံရတယ်၊ ဘယ်နေရာကို ကိုက်တယ်၊ ဘာလုပ်ရင်း ကိုက်ခံရတယ် စတာတွေကို အသေးစိတ် မေးမြန်းပါလိမ့်မယ်။ ယခင်က အခြားကျန်းမာရေးပြဿနာတွေ ရှိ/မရှိ၊ ဆေးမတည့် ရှိ/မရှိကိုလည်း မေးမြန်းပါလိမ့်မယ်။

မြွေပါလာခဲ့ရင် မြွေကိုတွေ့လိုက်ရင်တော့ အမျိုးအစားကို သိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုက်ခံရတဲ့မြွေနဲ့ ဖမ်းလာတဲ့မြွေက တစ်ကောင်တည်းမဟုတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဥပမာ – လူနာက မြွေကိုက်ခံရပြီး အိမ်ပြန်လာပြီ။ နောက်တစ်ယောက်က ကိုက်ခံရတဲ့နေရာ အနီးတစ်ဝိုက်ကိုသွားရှာပြီး တွေ့‌တဲ့အကောင်ကို ဖမ်းလာတာမျိုး။

ဘယ်လိုပဲဖြစ်ဖြစ် လူနာမှာပြသတဲ့ လက္ခဏာများကသာ ဆေးကုသဖို့အတွက် လမ်းညွှန်ဖြစ်ပြီး လူနာလက္ခဏာများအတိုင်း လိုအပ်သလို ဆေးကုသတာမျိုးပဲ လုပ်ရပါတယ်။

လူနာရဲ့လက္ခဏာအရ ကိုက်ခံရတဲ့ မြွေအဆိပ် အမျိုးအစားပေါ်မူတည်ပြီး မြွေဆိပ်ဖြေဆေးကို ရွေးချယ်ရပါတယ်။ မြွေကိုက်ခံရပြီး ပထမနာရီအနည်းငယ်အတွင်း စောနိုင်သမျှစောလေ မြွေဆိပ်ကို တိုက်ထုတ်နိုင်ခြေ များလေပါ။

အဲဒါကြောင့် ဆေး‌ရုံဆေးခန်း မြန်မြန်ရောက်ဖို့ အလွန် အရေးကြီးပါတယ်။

အနာကို ခွဲတာ၊ စုပ်ထိုးတာ၊ မြွေဆိပ်ကို စုပ်ထုတ်တာတွေဟာလည်း လူနာ ဆေးရုံရောက်မယ့်အချိန်ကို ကြန့်ကြာစေတဲ့အပြင် အနာပိုးဆိပ်သင့်ခြင်း ပိုဖြစ်နိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

အမျိုးအစားမသိ မြွေ/အကောင် ကိုက်ခံရပြီး လူနာများ ဆေးရုံရောက်လာတာနဲ့ တာဝန်ကျဆရာဝန်များက လူနာမှာ အာရုံကြောထိခိုက် အဆိပ်သင့်လက္ခဏာများ ရှိ/မရှိကို အရင်ဆုံး စမ်းသပ်ပါလိမ့်မယ်။

အာရုံကြောထိခိုက် အဆိပ်သင့်လက္ခဏာ တွေ့ရင်တော့ မြွေဟောက် အဆိပ်ဖြေဆေး (မြွေဟောက်အုပ်စုဝင် မြွေအဆိပ်များအတွက် တုံ့ပြန်ပဋိဇီဝပစ္စည်း Antibody) ထိုးနှံဖို့ ပြင်ဆင်မှာဖြစ်ပြီး အရေးပေါ် အသက်ရှူရပ်နိုင်တာ‌ကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ လိုအပ်သလို စောင့်ကြည့်ကုသမှာ ဖြစ်ပါတယ်။

အာရုံကြောထိခိုက် လက္ခဏာမရှိဘူးဆိုရင် သွေးခဲနှုန်း ကို သွေးဖောက်ပြီး တိုင်းတာရပါတယ်။

ပုံမှန် လူတစ်ယောက်ရဲ့သွေးဟာ ပျမ်းမျှအားဖြင့် အများဆုံး ၈ မိနစ်ခန့်မှ ၁၅ မိနစ်ခန့်ကြာရင် ခဲသွားတာပါ။ မြွေဆိပ်သင့်လူနာရဲ့ သွေးကတော့ မိနစ် (၂၀) အထိ စောင့်ကြည့်တာတောင် သွေးခဲခြင်း မရှိပါဘူး။ ဒီလို စစ်ဆေးတာကို 20 minutes Whole Blood Clotting Time လို့ ခေါ်ပါတယ်။

ဒီလို မိနစ် (၂ဝ) သွေးခဲနှုန်း စောင့်ကြည့်စစ်ဆေးတာမှာ သွေးမခဲဘူးဆိုရင် မြွေပွေး မြွေဆိပ်ဖြေဆေး (မြွေပွေးအဆိပ်များအတွက် တုံ့ပြန်ပဋိဇီဝပစ္စည်း Antibody) ကို စထိုးရပါတယ်။

တကယ်လို့ ပထမဆုံးအကြိမ် သွေးဖောက်တာမှာ သွေးခဲတယ်ဆိုရင်တောင် လူနာကို ဆက်လက်စောင့်ကြည့်ရပါသေးတယ်။ မြွေ‌ဆိပ်က ​ဖြည်းညင်းစွာတက်တာမျိုး ဖြစ်နိုင်လို့ပါ။

ဒါကြောင့် ဘာမြွေ သို့မဟုတ် ဘာအကောင် ကိုက်ခံရမှန်းမသိတဲ့ လူနာတစ်ဦး ဆေးရုံရောက်လာခဲ့ရင်…

လူနာကို နာရီဝက်တစ်ခါ အာရုံကြောအဆိပ်သင့် လက္ခဏာတွေ ရှိ/မရှိ စောင့်ကြည့်မယ်။

သွေးခဲနှုန်းကို မြွေကိုက်ပြီး ပထမ (၁၂) နာရီမှာ (၂) နာရီတစ်ခါ၊ ဒုတိယ (၁၂) နာရီမှာ (၄) နာရီ တစ်ခါ ဖောက်ကြည့်စစ်ဆေးမယ်။

လူနာရဲ့ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သွေးထွက်သွေးယို ရှိ/မရှိ ၊ ‌ဆီး သွား/မသွား၊ အနာအခြေအနေတွေကို ဆက်တိုက်စောင့်ကြည့်နေရပြီး လိုအပ်တာနဲ့ မြွေဆိပ်ဖြေဆေးကိုထိုးဖို့ အသင့်ပြင်ထားရပါတယ်။

(၂၄) နာရီစောင့်ကြည့်လို့ အဆိပ်သင့်လက္ခဏာ မရှိမှသာ “အဆိပ်မရှိသော မြွေ (သို့မဟုတ်) အဆိပ်မရှိသော အခြားအကောင်များ ကိုက်ခြင်း” ဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး လူနာကို ဆေးရုံဆင်းခွင့်ပြုပါတယ်။

အချုပ်အနေနဲ့ ပြောရရင်

မြွေကိုက်ခြင်းဟာ အဆိပ်ပြင်းထန်ရင် အသက်ရှူ ရုတ်တရက် ရပ်ခြင်း၊ သွေးပေါင်ကျ သွေးဆိပ်သင့်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကိုက်ခံရသော အနာတစ်ဝိုက် တစ်ရှူးများပျက်စီးခြင်းကြောင့် ခြေလက်များ ဆုံးရှုံးရနိုင်ခြေရှိခြင်းတွေ ဖြစ်တတ်တာကြောင့် မြွေဆိပ်ဖြေဆေးနှင့် သက်ဆိုင်ရာ ကုသမှုများကို အချိန်စောနိုင်သမျှ စောစွာ၊ ပြည့်ဝစွာ၊ နည်းမှန် လမ်းမှန်ရရှိဖို့ လိုပါတယ်။

လမ်းပန်းသာတယ်ဆိုရင် ဘယ်လိုအကြောင်းနဲ့မှ လူနာကို ဆေးကုသရာဌာနသို့ပို့ဖို့ နှောင့်နှေးမနေသင့် ကြောင်း ထပ်မံပြောလိုပါတယ်။ မြွေရှာခြင်း၊ မြွေသတ်ခြင်းမှာ အချိန်မကုန်ဘဲ၊ ဆေးမြီးတိုများနှင့် ကုသခြင်း မှာ အချိန်မကုန်ဘဲ လူနာကို သက်သောင့်သက်သာ လှုပ်ရှားမှုနည်းစွာနဲ့ ဆေးရုံ‌ပို့ဖို့သာ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ထပ်လောင်းပြောလိုပါတယ်။

ပြည်သူအားလုံး ဗဟုသုတတိုးပြီး ဘေးကင်းကျန်းမာကြပါစေ…..။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

ကိုးကား

(၁) WHO snake bite guidelines 2nd edition, 2016

(၂) MOH, NUG, Standard Operating Procedure for management of Snake bite, 2022

(၃) Myanmar Health Sciences Research Journal, Vol. 32, No. 1, 2020

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here