အရပ်အခေါ် ဥတစ်လုံး နတ်ကွပ်ထားတယ်လို့ ပြောလေ့ရှိတဲ့ ဝှေးစေ့တစ်ခု (သို့) နှစ်ခုစလုံးဟာ ပုံမှန်ရှိနေရမယ့်နေရာဖြစ်တဲ့ ကပ်ပယ်အိတ်ထဲမရှိဘဲ ဗိုက်ခေါင်းထဲ ကျန်နေခြင်းကို Undescended testicle (Cryptorchidism) လို့ ခေါ်ပါတယ်။

တကယ်တော့ အမျိုးသမီးတွေရဲ့ မမျိုးဥအိမ်တွေ ဝမ်းဗိုက်အတွင်း တည်ရှိနေသလိုမျိုး အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာလည်း သန္ဓေသားဘဝမှာ ဝမ်းဗိုက်အတွင်း ရှိနေခဲ့တာပါ။ မီးဖွားခါနီး တစ်လအလိုလောက်မှာမှ ဝှေးစေ့တွေ အောက်ကိုဆင်းလာပြီး ကပ်ပယ်အိတ်အတွင်း ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အောက်သို့မဆင်းတဲ့ ဝှေးစေ့ (Undescended testicle) တွေကို လမစေ့မီ မွေးဖွားတဲ့ ယောက်ျားလေးတွေမှာ ပိုပြီးအတွေ့ရများလေ့ ရှိပါတယ်။

◼️ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများလဲ

• လမစေ့မီ မွေးဖွားတဲ့ ကလေးငယ်တွေ

• မိသားစုမျိုးရိုးထဲ အလားတူပြဿနာရှိသူတွေ

• ဦးနှောက် (သို့) ဝမ်းဗိုက်ကြွက်သားပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ ကလေးတွေ

• ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချိုရောဂါရှိနေတဲ့အခါ

• ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်/အရက် သောက်သုံးတဲ့အခါ

• ကိုယ်ဝန်ဆောင်မိခင်ဟာ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုများတဲ့အခါ…. စတာတွေမှာ ဖြစ်နိုင်ခြေ ပိုမြင့်များကြပါတယ်။

◼️ဘယ်လောက်ထိ အဖြစ်များလဲ

နေ့စေ့လစေ့ ပုံမှန်မွေးဖွားတဲ့ ယောက်ျားလေးတွေရဲ့ ၂% ၊ လမစေ့မီ စောပြီးမွေးဖွားသူတွေရဲ့ ၂၅% လောက်အထိ ဖြစ်လေ့ရှိတယ် ဆိုပါတယ်။

ဒါပေမယ့် မီးဖွားအပြီး ၁၂ ပတ်အတွင်းမှာလည်း ဝှေးစေ့တွေ အောက်သို့ဆင်းတဲ့ဖြစ်စဥ် ဆက်လက်ဖြစ်ပွားနေတာမို့ တကယ်တမ်းအရွယ်ရောက်ချိန်မှာတော့ အမျိုးသားထုထဲမှာ အဲဒီလောက် များများစားစားတော့ သိပ်တွေ့ရလေ့ မရှိတော့ပါဘူး။

◼️ဘာဝေဒနာ လက္ခဏာတွေ ခံစားရလေ့ရှိလဲ

ဘာမှ ခံစားရလေ့ မရှိသလို နာကျင်မှုလည်း မရှိပါဘူး။ ဆီးသွားရတာလည်း ပုံမှန်ပါပဲ။

ကပ်ပယ်အိတ်ရဲ့ တစ်ဖက်ဟာ ကောင်းကောင်းမဖွံ့ဖြိုးတာနဲ့ ကိုင်တွယ်စမ်းသပ်ကြည့်ရင် ဝှေးစေ့တစ်လုံး ရှိမနေတာကိုပဲ သေချာစမ်းသပ်ကြည့်မှ သတိထားမိမှာပါ။

◼️မွေးရာပါမဟုတ်တဲ့ အောက်သို့မဆင်းတဲ့ ဝှေးစေ့ဆိုတာရော ရှိသလား

ရှိပါတယ်။ Acquired undescended testicle လို့ ခေါ်ပါတယ်။ မွေးခါစမှာ ကပ်ပယ်အိတ်ထဲ ဝှေးစေ့နှစ်ခုလုံး ရှိနေပေမယ့် တဖြည်းဖြည်း အရွယ်ရောက်ကြီးထွားလာချိန်မှာတော့ ဝှေးစေ့ဟာ ကျန်နေခဲ့ပြီး ဗိုက်ထဲပြန်ဝင်သွားသလို ဖြစ်တာပါ။

ဒါဟာ ဝှေးစေ့ကို ချိတ်ဆက်ထားတဲ့ သုက်ပို့ပြွန်ရဲ့ ကြီးထွားရှည်ထွက်နှုန်းက ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်းထက် နှေးနေတာကြောင့် ဖြစ်ရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ဝှေးစေ့ဟာ ပေါင်ခြံနေရာလောက်မှာ အများဆုံး ကျန်နေတတ်ပါတယ်။

🤔နောက်ဆက်တွဲ ဘာဆိုးကျိုးတွေ ရှိနိုင်လဲ

မကုသဘဲ ထားမယ်ဆိုရင် အမျိုးသားရဲ့ မျိုးအောင်နှုန်း ကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဝှေးစေ့တွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် ခန္ဓာကိုယ်အပူချိန်ထက် အနည်းငယ်လျော့နည်းအေးမြနေဖို့ လိုအပ်တာကြောင့် ဝမ်းဗိုက်အတွင်း ကျန်ရှိနေတဲ့ဝှေးစေ့ဟာ အပြင်ကပ်ပယ်အိတ်ထဲရှိနေတဲ့ ဝှေးစေ့လောက် အလုပ်ကောင်းကောင်း မလုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့် အမျိုးသားမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းငယ် ရှိနေနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ ဝှေးစေ့ကင်ဆာပါ။ အောက်ကိုမဆင်းဘဲ အပေါ်မှာကျန်နေတဲ့ဝှေးစေ့တွေဟာ ပုံမှန်ဝှေးစေ့တွေထက် ကင်ဆာဖြစ်ပွားနိုင်ခြေ ၁၀ ဆခန့် ပိုမိုများပြားကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဝှေးစေ့ကင်ဆာတွေဟာ အသက် ၂၀ နဲ့ ၄၀ အကြား အများဆုံး ဖြစ်ပွားလေ့ ရှိကြတာပါ။

✔️ ဘယ်လို ကုသရမလဲ

အဓိကကတော့ ခွဲစိတ်ကုသပြီး ဝှေးစေ့ကို ကယ်ပယ်အိတ်အတွင်း ပြန်ထည့်ပေးတာပါ။ မွေးအပြီး လအနည်းငယ်အတွင်းမှာမှ ဝှေးစေ့ဟာ အောက်ကိုဆင်းမလာနိုင်သေးဘူးဆိုရင် အသက် ၆ လမှ ၁ နှစ်အတွင်း ခွဲစိတ်ကုသမှုကို ပြုလုပ်လေ့ရှိပါတယ်။ ၁ နှစ်ပြည့်ချိန်မှာ ခွဲစိတ်တာက ပိုကောင်းတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ ဝှေးစေ့ အောက်ကိုမဆင်းနိုင်တာကို စောစောစီးစီး သတိမထားမိခဲ့ဘူး ဆိုရင်လည်း ကလေးအသက် ၅ နှစ်ကနေ ၇ နှစ်အတွင်း ခွဲစိတ်ကုသကြတာလည်း ရှိပါတယ်။

ဒါပေမယ့် အောက်ကိုမဆင်းနိုင်တဲ့ ဝှေးစေ့တွေကတော့ အသက် ၂ နှစ်ကစပြီး သုက်ပိုးထုတ်လုပ်မှုဖြစ်စဥ်ကို ပုံမှန်ဝှေးစေ့တွေလောက် မလုပ်ဆောင်နိုင်ဘဲ လျော့နည်းကျဆင်းနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အူကျွံတာ/အူကျတာ (hernia) တွေဟာလည်း ဝှေးစေ့အောက်သို့ မဆင်းနိုင်ခြင်းဖြစ်စဥ်တွေနဲ့ ဆက်စပ်နေပါတယ်။

Reference: 📖

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.63

https:// www. mayoclinic. org /diseases-conditions/undescended-testicle/symptoms-causes/syc-20351995

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here