တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ

အခုလို မိုးရာသီမှာ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း သတိထားဖို့ လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အူရောင်ငန်းဖျားရောဂါဟာ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဲဒီရောဂါပိုး ပါဝင်နေတဲ့ အစားအစာတွေ၊ ရေတွေကို စားသုံး၊ သောက်သုံးမိရာကနေ ကူးစက်နိုင်ပါတယ်။

ဒီ‌ရောဂါပိုးကို သယ်ဆောင်ထားတဲ့လူက ကိုင်တွယ်တဲ့ အစားအသောက်တွေ၊ ရေတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အခုလို ရေညစ်ညမ်းဖို့ အခွင့်အလမ်းများတဲ့ မိုးရာသီကာလမှာ အထူးသတိထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒီအူရောင်ငန်းဖျားရောဂါဟာ သန့်ရှင်းမှုအားနည်းတဲ့၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိမှုနည်းတဲ့ နေရာဒေသ၊ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ကမ္ဘာနဲ့တစ်ဝှမ်းမှာတော့ ကလေးတွေမှာပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကလေးတွေမှာဖြစ်တာဟာ လူကြီးတွေမှာ ဖြစ်တာလောက်တော့ လက္ခဏာ သိပ်မပြင်းထန်တတ်ပါဘူး။

???? အူရောင်ငန်းဖျားရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ ?

– အဖျားတောက်လျှောက် တက်နေမယ် (ဒါမှမဟုတ်) အဖျားက တဖြည်းဖြည်း ထိုးတက်လာမယ်

– လျှာက ဖြူလာမယ်

– ရင်တုန်မယ်

– ခေါင်းကိုက်မယ်

– မောပန်းမယ်

– ချောင်းဆိုးမယ်

– ဝမ်းချုပ်မယ် ဒါမှမဟုတ် ဝမ်းလျှောမယ်

– အစားအသောက်ပျက်မယ်

– ဗိုက်နာမယ်

– အဖုအပိမ့်တွေ ထွက်လာမယ်

ရောဂါလက္ခဏာတွေဟာ တစ်ပတ်ထက် ပိုကြာနေမယ်၊

မကုသဘဲ နေမယ်ဆိုရင်တော့ လက္ခဏာတွေက ပိုပိုဆိုးလာပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

???? ဘာကြောင့် အူရောင်ငန်းဖျား ဖြစ်ရသလဲ ?

Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အူ‌ရောင်ငန်းဖျားဖြစ်တာ ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ကူးစက်ခံရသူရဲ့ ဆီးနဲ့ဝမ်းမှာရှိနေပြီးတော့ လက်ကိုသေချာမဆေးကြောဘူးဆိုရင် ကူးစက်ခံရသူ ထိတွေ့ကိုင်တွယ်တဲ့ အစားအသောက်တွေ၊ ရေတွေကနေ ကူးစက်တာ ဖြစ်ပါတယ်။

အချို့သော လူအနည်းငယ်မှာတော့ ရောဂါကုသပြီးနောက်ပိုင်းမှာ ပြန်သက်သာလာပေမယ့် ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်သေးပါတယ်။ ဒီလူတွေကိုတော့ (Typhoid carrier) ရောဂါပိုးကို သယ်‌ဆောင်ထားသူတွေလို့ ခေါ်ကြပါတယ်။ သူတို့တွေက ရောဂါလက္ခဏာ မပြတတ်ကြပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဝမ်းမှာ ရောဂါပိုးတွေရှိနေတတ်ပြီးတော့ အဲ့ဒီကနေတစ်ဆင့် ကူးစက်နိုင်ပါသေးတယ်။

???? ဘယ်လိုလူမျိုးတွေမှာ အူရောင်ငန်းဖျား ဖြစ်နိုင်ခြေများလဲ ?

အူရောင်ငန်းဖျားဖြစ်ပွားနေတဲ့ ဒေသမှာ အလုပ်လုပ်တဲ့သူတွေ၊ အဲ့ဒီဒေသတွေကို ခရီးသွားတဲ့သူတွေ၊ Salmonella ရောဂါပိုးကို ကိုင်တွယ်လေ့လာပြီး အလုပ်လုပ်ရတဲ့ အဏုဇီဝပညာရှင်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိမှုနည်းတဲ့ နေရာဒေသမှာ နေထိုင်သူတွေ၊ လတ်တလော ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ်နေတဲ့သူတွေမှာ ရောဂါကူးစက်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

မကုသဘဲ နေခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။

– အူနံရံတွေ ပျက်စီးပြီး သွေးယိုတာ၊ အူလမ်းကြောင်းထဲ ရောဂါပိုးပျံ့သွားတာ

– နှလုံးကြွက်သား ရောင်ရမ်းတာ

– သွေးကြောမကြီးတွေကို ပိုးဝင်တာ

– အဆုတ်ရောင်တာ

– သရက်ရွက်ရောင်တာ

– ကျောက်ကပ်နဲ့ ဆီးအိမ်တွေပါ ရောဂါပိုးဝင်တာ

– ဦးနှောက်အမြှေးပါးရောင်တာ

– ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ ကယောင်ကတမ်းဖြစ်တာ အစရှိတဲ့ အန္တရာယ်ကြီးမားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

???? ဘယ်လို ကာကွယ်ကြမလဲ ?

• လက်ဆေးပါ။

• အစားအသောက် မချက်ပြုတ်ခင်၊ မကိုင်တွယ်ခင်၊ မစားခင်နဲ့ စားပြီးအချိန်တွေမှာနဲ့ အိမ်သာတက်ပြီးနောက်တို့မှာ လက်ကို သန့်ရှင်းအောင်ဆေးပါ။

• ရေစိမ်းသောက်သုံးတာကိုရှောင်ပါ။ ကြိုချက်ထားတဲ့ရေ (ဒါမှမဟုတ်) ရေသန့် သောက်ပေးပါ။

• အသီးအရွက်တွေကို မဆေးကြော မသန့်စင်ဘဲစားတာ ရှောင်ကြဉ်ပါ။

• အစားအစာကို ပူပူနွေးနွေး ချက်ပြုတ်စားသောက်ပါ။

???? ဘယ်လို ကုသနိုင်လဲ ?

အထက်ပါ ပြောပြထားတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပိုးသတ်ဆေးသောက်သုံးဖို့ လိုအပ်ပါတယ်။

မိမိသဘောနဲ့မိမိ ပိုးသတ်‌ဆေးတွေကို သောက်သုံးတာက ဆေးယဥ်ပါးမှု ဖြစ်တတ်တဲ့အတွက် မသက်သာဘဲ ရောဂါကို ပိုအားပေးသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ သောက်သုံးဖို့ အကြုံပြုလိုပါတယ်။

လက်ကို မကြာခဏ ဆေးကြောပါ။ တစ်ခါဆေးတိုင်း အနည်းဆုံး စက္ကန့် (၃၀) ကြာအောင် စနစ်တကျ ဆေးကြောဖို့ လိုပါတယ်။

ရောဂါမသက်သာသေးတဲ့ အချိန်အတွင်းမှာ အစားအစာတွေ ကိုင်တွယ်ချက်ပြုတ်တာကို တတ်နိုင်သလောက် ရှောင်ပါ။

အခုလို ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားတဲ့ မိုးရာသီကာလမှာ ရေကနေတစ်ဆင့်၊ အစားအသောက်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အလွန်များပြားပါတယ်။ ဒါကြောင့် “အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့်” ဆိုတဲ့ သန့် (၄) သန့်ကို ကလေးရော လူကြီးပါ စနစ်တကျ လိုက်နာကြဖို့ လိုအပ်ပါတယ်။

Reference – https://www. http://mayoclinic.org/…/symptoms-causes/syc-20378661

https://www. http://mayoclinic.org/…/diagnosis-treatment/drc-20378665

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here