“ ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများ” Types of Miscarriage (November,2023)

0
686

“ ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများ”

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ အမျိုးသမီးထုအကြား တော်တော်လေးလည်း အဖြစ်များကြပါတယ်။

ဒီလို ကိုယ်ဝန်ပျက်ကျသူတိုင်းရဲ့နောက်ကွယ်မှာ မတူညီတဲ့အကြောင်းအရင်းများစွာ ရှိနေတဲ့အပြင် ကိုယ်ဝန်သက်တမ်းအလိုက် ပျက်ကျတဲ့ပုံစံ ကွဲပြားကြသလို ခံစားရတဲ့လက္ခဏာတွေနဲ့ ကုသမှုပုံစံချင်းလည်း မတူညီနိုင်ပါဘူး။

ထူးထူးခြားခြား ကွဲပြားနေတဲ့ ကိုယ်ဝန်ပျက်ကျမှု ပုံစံအမျိုးအစားတွေ အနေနဲ့ကတော့…

….

….

(၁) Chemical Pregnancy

ကိုယ်ဝန်သက်တမ်း တအားကိုနုသေးတဲ့အချိန်မှာ ပျက်ကျခြင်းဖြစ်ပြီး သားဥက မျိုးအောင်သွားသော်ငြား သန္ဓေတွယ်ပြီးပြီးချင်းမှာ ကလေးနှလုံးခုန်သံတောင် မကြားလိုက်ရဘဲ ပျက်ကျခြင်းဖြစ်ပါတယ်။ အချို့တွေမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ရှိနေမှန်း မသိလိုက်ခင်မှာတင် Chemical Pregnancy ဖြစ်သွားတတ်ပါတယ်။

ထွေထွေထူးထူး လက္ခဏာမပြတတ်ဘဲ ဓမ္မတာလာချိန် (သို့) အနည်းငယ်နောက်ကျပြီးမှ သွေးဆင်းတာ၊ ပုံမှန်ထက် များများပိုဆင်းတာ‌မျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မျိုးအောင်သွားတဲ့သားဥမှာ Chromosomal Abnormalities (ဗီဇဆောင်မျှင်များ ပုံမှန်မဟုတ်ခြင်း) ပြဿနာရှိနေတဲ့အတွက် Chemical Pregnancy ဖြစ်လေ့ရှိပါတယ်။

..

..

(၂) Blighted Ovum

မျိုးအောင်ပြီး သားဥက သားအိမ်နံရံမှာ ကပ်တွယ်သွားပေမဲ့ သ‌န္ဓေသားလောင်းအဖြစ် မဖွံ့ဖြိုးလာတော့တာကို Blighted Ovum လို့ ခေါ်ပါတယ်။

Anembryonic Pregnancy လို့လည်း ခေါ်ကြပြီး ကိုယ်ဝန်သက်တမ်း ပထမသုံးလအပိုင်းအခြားမှာ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ရှိနေမှန်း မသိလိုက်ခင်မှာလည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတဲ့လက္ခဏာတွေကို ခံစားရပြီး Ultrasound ရိုက်ကြည့်လိုက်တဲ့အခါ ကလေးနှလုံးခုန်သံအစား အလွတ်ဖြစ်နေတဲ့ရေမြွှာအိတ်ကိုသာ တွေ့ရမှာဖြစ်ပါတယ်။

..

..

(၃) Missed Miscarriage (သတိမမူမိသော ကိုယ်ဝန်ပျက်ကျမှု)

ကိုယ်ဝန်အစောပိုင်းမှာ ပျက်ကျသွားပေမဲ့ ခန္ဓာကိုယ်က သတိမထားမိဘဲ Pregnancy Tissue (သန္ဓေသားတစ်သျူး) တွေကို မစွန့်ထုတ်ပစ်သေးတာကြောင့် အချင်းက ဟော်မုန်းတွေဆက်ထုတ်နေပြီး ကိုယ်ဝန်ဆောင်လက္ခဏာတွေကို ဆက်ခံစားရနေနိုင်ပါတယ်။ အများစုက ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေကို မခံစားရဘဲ အချို့မှာတော့ အဖြူ/အကျိအချွဲဆင်းခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

..

..

(၄) Threatened Miscarriage (ကိုယ်ဝန်ပျက်ကျဖို့ ခြိမ်းခြောက်တဲ့အဆင့်)

ကိုယ်ဝန်ပထမ (၂၀) ပတ်အတွင်းမှာ သွေးဆင်းခြင်း၊ ကျောအောက်ပိုင်း နာကျင်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ ခံစားရတာကို Threatened Miscarriage (ကိုယ်ဝန်ပျက်ကျဖို့ ခြိမ်းခြောက်တဲ့အဆင့်) လို့ ခေါ်ပါတယ်။ Threatened Miscarriage ဖြစ်တိုင်းလည်း ကိုယ်ဝန်လုံးဝပျက်ကျသွားတာမျိုး မဟုတ်ပါဘူး။ သွေးဆင်းတာများနေပေမဲ့ သန္ဓေသားကို ထိခိုက်မှုတစ်စုံတစ်ရာမရှိတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အကြောင်းရင်းမရှိဘဲ သွေးဆင်းတာမျိုးဖြစ်ရင် ဆရာဝန်ဆီ ချက်ချင်းပြသင့်ပါတယ်။ Threatened Miscarriage ဖြစ်ချိန်မှာ သားအိမ်ခေါင်းက ပိတ်နေဆဲဖြစ်ပြီး သားအိမ်ခေါင်းက ပွင့်သွားခဲ့ရင်တော့ စိတ်မကောင်းစွာပဲ ကိုယ်ဝန်ပျက်ကျနိုင်ခြေ များသွားနိုင်ပါတယ်။

..

..

(၅) Inevitable Miscarriage (ကိုယ်ဝန်ပျက်ကျဖို့ ရှောင်လွဲလို့မရတော့တဲ့အဆင့်)

ကိုယ်ဝန်အစောပိုင်းကာလတွေမှာ အကြောင်းရင်းမရှိဘဲ သွေးဆင်းခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်းတို့နဲ့အတူ Inevitable Miscarriage ဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်းပွင့်သွားပြီး သွေးဆင်းတာ ပိုများတတ်သလို ဒီသွေးထဲမှာ ဖွံ့ဖြိုးနေဆဲသန္ဓေသားလေး အတူပါသွားနိုင်ပါတယ်။ ဝမ်းဗိုက်နာကျင်တာကိုလည်း ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

..

..

(၆) Incomplete Miscarriage (ကိုယ်ဝန်ပျက်ကျပြီး သန္ဓေသားတစ်သျူးအချို့ ကျန်ရှိနေခြင်း)

Incomplete Miscarriage မှာတော့ သွေးဆင်းတာများပြီး ဝမ်းဗိုက်နာကျင်မှုကို ပြင်းထန်စွာ ခံစားရတတ်ပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ သားအိမ်ခေါင်းပွင့်နေတာကို တွေ့ရမှာပါ။ ဒီအချိန်မှာ သန္ဓေသားတစ်သျူးအချို့ကို ခန္ဓာကိုယ်က ထုတ်ပစ်လိုက်ပေမဲ့ Ultrasound ရိုက်ကြည့်လိုက်ရင် အချို့က သားအိမ်ထဲမှာကျန်နေခဲ့တာကို မြင်တွေ့ရနိုင်ပါတယ်။

..

..

(၇) Complete Miscarriage (ကိုယ်ဝန် အရှင်းပျက်ကျခြင်း)

သားအိမ်ထဲမှာ သန္ဓေသားတစ်သျူးတွေ အကုန်လုံး မရှိတော့ဘဲ ကိုယ်ဝန်ပျက်ကျသွားခြင်းကို Complete Miscarriage လို့ ခေါ်ပါတယ်။ သွေးများများဆင်းပြီး ဝမ်းဗိုက် ပြင်းထန်စွာနာကျင်ရပေမယ့် ဒီလက္ခဏာတွေက ခပ်မြန်မြန် သက်သာသွားတတ်ပါတယ်။

..

..

နိဂုံးချုပ်အနေနဲ့ကတော့ ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေက အများအားဖြင့် သွေးဆင်းတာနဲ့ ဝမ်းဗိုက်နာကျင်ခြင်းတွေ ဖြစ်တဲ့အတွက် ဒီလိုလက္ခဏာတွေကို ကြုံတွေ့ခဲ့ရရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့ လိုအပ်ကြောင်း သတိပေးပါရစေနော်။

(ကိုးကား) Reference: ????

https:// www. nct. org. uk /pregnancy/miscarriage/types-miscarriage-explained#:~:text=Blighted%20ovum%20%E2%80%93%20also%20known%20as,occurs%20in%20the%20first%20trimester

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here