အမျိုးအစား (၁) ဆီးချိုရောဂါ Type 1 Diabetes Mellitus (October,2023)

0
265

အမျိုးအစား (၁) ဆီးချိုရောဂါ

(Type 1 Diabetes Mellitus)

အမျိုးအစား (၁) ဆီးချိုရောဂါဆိုတာ မုန့်ချိုအိတ် (ပန်ကရိယ) ကနေ အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးနိုင်တဲ့ (သို့) လုံးဝမထုတ်တဲ့ အခြေ‌အနေကြောင့် သွေးတွင်းသကြားဓာတ် များရတဲ့‌ရောဂါပါ။

အမျိုးအစား (၁) ဆီးချိုကို အရင်က Insulin dependent diabetes mellitus လို့လည်း ခေါ်ပါတယ်။ အင်ဆူလင်ကို မှီခိုနေရတာ‌မို့ပါ။ ငယ်ရွယ်တဲ့အချိန်မှာ ပိုဖြစ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

အမျိုးအစား (၂) နဲ့ ယှဉ်ရင် (၁) က ဖြစ်တာပိုနည်းပြီး ဆီးချိုရှိသူတွေရဲ့ ၅-၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းရှာမတွေ့သေးပေမယ့် ကုသလို့တော့ ရပါတယ်။ အင်ဆူလင် ထိုးဆေးထိုးခြင်း၊ အစားထိန်းခြင်းတို့နဲ့ ကုရပါတယ်။

..

..

????ဖြစ်ရသော အကြောင်းအရင်း

အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ခံအားဆိုင်ရာ (autoimmune ရောဂါ) ကြောင့်ပါ။ မိမိရဲ့ခန္ဓာကိုယ်က အင်ဆူလင်ထုတ်တဲ့ ဘီတာဆဲလ်တွေကို မိမိဘာသာ antibody တွေထုတ်ပြီး တိုက်ဖျက်ပစ်ပါတယ်။ ဒီလိုဖျက်စီးခြင်းဟာ လနဲ့ နှစ်နဲ့ချီကြာပြီး အင်ဆူလင်ကို လုံး၀နီးပါးမထုတ်နိုင်တော့မှသာ ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။

အချို့သူတွေမှာ မိဘကနေ သားသမီးဆီ ဒီရောဂါဖြစ်စေတဲ့ gene တွေ မျိုးရိုးလိုက်ပြီးလည်း ဖြစ်ပါတယ်။ မျိုးရိုးဗီဇ gene ပါတိုင်း ရောဂါဖြစ်တာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေနဲ့လည်း ဆိုင်ပါတယ်။

..

..

????ရောဂါလက္ခဏာများ

ရောဂါလက္ခဏာတွေ ပေါ်လာဖို့ နှစ်နဲ့လနဲ့ချီ ကြာတတ်ပါတယ်။ ပေါ်လာပြီးရင်တော့ မြန်မြန်ပဲ အခြေအနေဆိုးတဲ့အဆင့်ကို ရောက်ရှိတတ်ပါတယ်။

ရောဂါကို ပိုဖြစ်စေတဲ့ အကြောင်းအရင်း (risk factors) တွေကတော့ အမျိုးအစား(၂) ဆီးချိုလို မရိုးရှင်းပါဘူး။ ဒါပေမယ့် မျိုးရိုးထဲ ဒီရောဂါရှိရင် ပိုဖြစ်တာကို တွေ့ရပါတယ်။

ရောဂါလက္ခဏာတွေ အနေနဲ့ကတော့…

– ရေငတ်ခြင်း

– ဆီးတအားသွားခြင်း

– နုံးခြင်း

– ကိုယ်အလေးချိန်ကျလာခြင်း စတဲ့ သွေးတွင်းသကြားဓာတ်များတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

လက္ခဏာတွေ ပေါ်လာပြီး မကုဘဲထားရင် ရက်ပိုင်းအတွင်း အရေးပေါ်အခြေအနေ ရောက်သွားနိုင်ပါတယ်။ ဆီးအများကြီးသွားခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးတွင်းသကြားဓာတ် များရာမှတစ်ဆင့် သွေးတွင်းအက်ဆစ်ဓာတ် မြင့်တက်လာပြီး အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ရောဂါပြင်းထန်နိုင်ပါတယ်။

????ရောဂါစစ်ဆေးခြင်း

ရောဂါရှာဖွေ စစ်ဆေးခြင်းအနေနဲ့…

• သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း

• ပန်ကရိယကို တိုက်ခိုက်တဲ့ autoantibodies များ စစ်ဆေးခြင်း

• ဆီး၊ သွေးထဲက အက်ဆစ်ဓာတ်တစ်မျိုးဖြစ်တဲ့ Ketone စစ်ဆေးခြင်း စတာတွေ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

ဒါ့အပြင် autoimmune ရောဂါတွေဟာ တစ်ခါတလေ အခြား autoimmune ရောဂါတွေနဲ့ အတွဲလိုက်ဖြစ်တတ်တဲ့အတွက် အဆိုပါရောဂါလက္ခဏာများရှိရင် သူတို့အတွက်ပါ စစ်ဆေးခြင်းတွေ လိုအပ်သလို ပြုလုပ်ရပါတယ်။

????နောက်ဆက်တွဲ ဆိုးကျိုးများ

ရေတိုဆိုးကျိုးအနေနဲ့…

– သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း

– သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetic Ketoacidosis)

– သွေးချို ကျဆင်းခြင်း (Hypoglycaemia) တို့ ဖြစ်ပွားနိုင်ပြီး…

.

ရေရှည်နောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့

• ဆီးချိုနှီးနွယ် ကျောက်ကပ်

• ဆီးချိုနှီးနွယ် မျက်စိရောဂါ

• ဆီးချိုနှီးနွယ် ခြေထောက်ရောဂါ

• ဆီးချိုနှီးနွယ် အာရုံကြောရောဂါတို့အပြင်

• အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါပါ ဖြစ်နိုင်ပါတယ်။

အမျိုးအစား(၁) ဆီးချိုရောဂါရှင်တွေမှာ သွားနဲ့ ခံတွင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းတွေ ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။

.

ရေတိုဆိုးကျိုးတစ်ခုဖြစ်တဲ့ သွေးချိုကျဆင်းခြင်းကတော့…

– အင်ဆူလင် ထိုးဆေးများသွားတာ

– အစားလျှော့စားတာ၊ အစာမစားဖြစ်တာ

– လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်မိတာ စတာတွေကြောင့် ဖြစ်ရပါတယ်။

အင်ဆူလင်ထိုးနေရင်း ဆီးချို ခဏခဏနည်းနေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ပြပါ။

သွေးချိုတက်ပြီး သွေးတွင်းအက်ဆစ်ဓာတ်များခြင်းကတော့ အင်ဆူလင်မရှိတဲ့အတွက် ခန္ဓာကိုယ်က စွမ်းအင်ရဖို့ အဆီတွေကို ဖြိုခွဲရာကနေ Keto Acid တွေ ထွက်လာတာပါ။ ဒီအက်ဆစ်တွေက ‌ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များကို ပြောင်းလဲမှုတွေ များစွာဖြစ်စေပြီး မြန်မြန်မကုသရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်ရင် (တုတ်ကွေးလို ဖျားနာ နေမကောင်းတာ သေးသေးလေးမျိုးကအစ ) ဒီအခြေအနေရောက်အောင် တွန်းပို့နိုင်ပါတယ်။

????ကုသခြင်း

အမျိုးအစား (၁) ဆီးချို သေချာရင် အင်ဆူလင်မထုတ်နိုင်တာမို့ ရောဂါစသိထဲက အင်ဆူလင်ထိုးဆေး ထိုးဖို့လိုပါတယ်။

မိမိတစ်နေ့တာ လှုပ်ရှားမှု၊ စားသောက်မှု ပုံစံများနဲ့ ကိုက်ညီတဲ့ အင်ဆူလင်ပမာဏကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ဆီးချိုစစ်တဲ့အခါ…

• နေ့စဉ် အချိန်သတ်မှတ်ပြီး စစ်ဖို့အပြင်

• အစားစားပြီးချိန်

• လေ့ကျင့်ခန်း ပြင်းထန်စွာ မလုပ်မီနှင့် လုပ်ပြီးချိန်

• သွေးတွင်းသကြားဓာတ် ကျနေတယ် ခံစားရချိန်နဲ့

• နေလို့မကောင်းတိုင်း ဆီးချိုစစ်ဖို့ လိုပါတယ်။

ဆီးချိုကို သေချာထိန်းထားရင် ဆီးချိုနောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာကွယ်နိုင်မှာပါ။

– အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်း

– လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်း

– စိတ်ဖိစီးမှုလျှော့ချခြင်းများဖြင့် သွေးတွင်းသကြားဓာတ်ကို ပိုမိုထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

.

အင်ဆူလင်ထိုးဆေးကို ဆေးစုပ်ပြီး ထိုးရတာ၊ Pen တွေနဲ့ ထိုးရတာတွေ ရှိပါတယ်။ Syringe နဲ့ စုပ်ထိုးရတာထက် Pen နဲ့ထိုးတာက နာတာ ပိုသက်သာပါတယ်။ ဈေးနည်းနည်းလေး ပိုပေးရတတ်ပါတယ်။ အင်ဆူလင်ထိုးရင် ဆေးထားဖို့ အအေးခန်း၊ အေးတဲ့နေရာ (သဲဖြည့်ထားတဲ့ မြေအိုးစသည်) လိုပါတယ်။

သူများနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ကုသမှုတွေ ဖြစ်တဲ့ Continuous glucose Monitoring devices (CGM device) တွေနဲ့ Insulin pumps တွေလည်း ရှိပါတယ်။

CGM device ဆိုတာက ဆီးချိုရောဂါရှင် လက်ထိပ် ခဏခဏ မဖောက်ရအောင် အသားထဲကို sensor လေး တစ်ခါထဲထည့်ထားတာပါ။ ဖုန်း ကွန်ပျူတာကနေ ကိုယ့်ရဲ့ဆီးချိုဂဏန်းတွေကို ပြန်ကြည့်လို့ရပါတယ်။ brand ပေါ် မူတည်ပြီး တစ်လကို $၁၀၀ -၃၀၀ လောက်ကျတတ်တယ် ပြောပါတယ်။ (2)

Insulin pumps ဆိုတာကလည်း ခဏခဏ ဆေးထိုးမခံရအောင် ဘက်ထရီ sensor တွေနဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ဆေးကို အရေပြားအောက်မှာ အပ်အသေးလေးထည့်ထားပြီး ဆေးပေးဝေရေး လုပ်တာပါ။ သွေးတွင်းသကြားဓာတ် ပမာဏအလိုက် ကွန်ပျူတာစနစ်နဲ့ ချိန်ထားပြီး အလိုအလျောက် ခန္ဓာကိုယ်ထဲ လိုအပ်တဲ့ဆေး ရနေအောင် လုပ်ထားပါတယ်။ သူကတော့ $၆၀၀၀ လောက် ကုန်မယ့်အပြင် တစ်နှစ်စာ battery အပိုပစ္စည်းတွေအတွက် ထပ်ပြီး $ ၃၀၀၀-၆၀၀၀ လောက်‌ရော အင်ဆူလင်ဆေးဖိုးပါ ကုန်ကျစရိတ်တွေရောကြောင့် အကုန်အကျတော့ များပါတယ်။ (3)

လတ်တလောအချိန်အထိတော့ အမျိုးအစား (၁) ဆီးချိုအတွက် အင်ဆူလင်ထိုးဆေးအပြင် အစားထိုးစရာအခြားဆေး မရှိသေးပါဘူး။

အခြားလိုက်နာရန် အချက်များအနေနဲ့…

• ဆေးလိပ်ဖြတ်ပါ။

• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

• အစားကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။

• ကိုယ်အလေးချိန်များနေလျှင် ထိန်းပါ။

• မျက်စိ‌စစ်ဆေးခြင်း၊ ခြေထောက် စစ်ဆေးခြင်းများ ညွှန်ကြားသလို ပုံမှန်လုပ်ပါ။

• တုတ်ကွေးကာကွယ်ဆေး တစ်နှစ်တစ်ခါ ထိုးပါ။

• ဆီးချိုများခြင်းက အရေးကြီးသလို ဆီးချိုကျဆင်းခြင်းကလည်း အန္တရာယ်ရှိကြောင်း အမြဲသတိရပါ။

????ရောဂါကို ကာကွယ်နိုင်ပါသလား

အမျိုးအစား (၂) ဆီးချိုက ရောဂါမဖြစ်အောင် ကာကွယ်နိုင်‌ပေမယ့် အမျိုးအစား (၁) ရောဂါကို မဖြစ်အောင် ကာကွယ်ဖို့ရာနည်းလမ်း လောလောဆယ် အောင်အောင်မြင်မြင် မရှိသေးပါဘူး။

စောစောသိရှိပြီး သေချာကုသခြင်းဖြင့်သာ ရောဂါကို ထိန်းညှိနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference

1. https:// www. cdc. gov /diabetes/basics/what-is-type-1-diabetes.html

2. https:// www. forbes. com /health/conditions/diabetes/continuous-glucose-monitor-cost/#:~:text=CGM%20costs%20range%20from%20%24100,CGM%20visible%20on%20the%20body

3. https:// www. healthline. com /health/type-2-diabetes/insulin-prices-pumps-pens-syringes#how-to-choose

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here