ချောင်းဆိုးတဲ့အခါ ဆံပင်တွေထွက်လာတာနဲ့ ဆံခြည်မျှင်တွေ အန်တတ်တဲ့အကြောင်း Trichoptysis and Trichobezoar

0
294

ချောင်းဆိုးတဲ့အခါ သလိပ်တွေ မထွက်ဘဲ…

ဆံပင်တွေ ထွက်လာတာ…

အဆီခဲ အဆီဖတ်တွေ ထွက်လာတာ…

ကျောက်ခဲလိုမျိုးလေးတွေ ထွက်လာတာ…

အဲ့လို ရောဂါအခြေအနေမျိုးက တကယ်ရှိပါတယ်နော်

ရှိတော့ရှိတယ် ရှားတယ် ဆိုသလိုမျိုးပေါ့။

ရင်ဘတ်ထဲမှာ အကျိတ်တည်တယ်…အဲ့အကျိတ်ကလည်း လေပြွန်တွေနဲ့ ဆက်နေပြီး နည်းနည်းပေါက်ပြဲသွားတဲ့အခါ အကျိတ်ထဲမှာရှိတဲ့ ဆံပင်တွေဟာ ချောင်းဆိုးရာကတစ်ဆင့် အပြင်ကို ထွက်လာပါသတဲ့

ဘယ်လို…ဘယ်လို…

အကျိတ်ထဲ ဘယ်လိုလုပ် ဆံပင်တွေ ရှိရတာတုန်း ???? ?

ဒီလို ဒီလို…

မမျိုးဥအိမ်တို့ (အမျိုးသားတွေမှာဆို ဝှေးစေ့တို့) အဲ့လိုနေရာမှာ ဖြစ်တတ်တဲ့ အကျိတ်တစ်မျိုး။ သူက မျိုးပွားဆဲလ် (germ cell) တွေကနေ အကျိတ်ဖြစ်လာတာ…

မျိုးပွားဆဲလ် ဆိုတဲ့အတိုင်း သူ့ဆီမှာ လူဖြစ်လာနိုင်တဲ့ အင်္ဂါအစိတ်အပိုင်း တော်တော်များများပါတယ်။ ဆံပင်တွေ၊ သွားတွေ၊ အရေပြား၊ အဆီ၊ အသား…စသဖြင့်ပေါ့….

တော်တော်ထူးဆန်းတဲ့ အကျိတ် ????

ကံကောင်းတာ တစ်ခုကတော့ သူဟာ ကင်ဆာအကျိတ် မဟုတ်တာများတယ်တဲ့

( သူ့ဟာသူ ကြီးချင်ကြီးလာမယ်…တခြား ဘယ်နေရာမှ မပျံ့ဘူးပေါ့ )

အဲဒီတော့ ဒီအကျိတ်ကို ပိုင်ဆိုင်ထားသူက

ကံကောင်းတာလား…ကံဆိုးတာလား

ငိုရမှာလား…ရယ်ရမှာလားပေါ့

ရယ်တော့ မရယ်နိုင်ပေါင်

ဘာအကျိတ်မှ မလိုချင်ဘူးလေ…ဟုတ်တယ်မို့လား

ဒါနဲ့ ဒီအကျိတ်က ဘာလို့ ရင်ဘတ်ထဲ ရောက်နေရတာတုန်း ?

ဪ…အဲဒါက ဒီလို

ဘေဘီလေး ဖြစ်လာဖို့ သန္ဓေသား စတည်ခါစမှာ ဆဲလ်လေးတွေစုထားတဲ့ ဆဲလ်အလုံးလေး ဘဝနဲ့ စရတာပေါ့…

ပြီးတော့မှ ခြေလေးတွေ လက်လေးတွေ ဘာညာဖြစ်လာဖို့အတွက် သက်ဆိုင်ရာ ဆဲလ်လေးတွေက သူ့နေရာသူ ရွှေ့ရတာပေါ့….

ဒီလိုပဲ ရွှေ့ရင်းပြောင်းရင်းမှာ ခုန (germ cell) လေးတွေဟာ လမ်းမှာ တချို့တလေ ပြုတ်ကျကျန်ခဲ့တော့…

ဟော…

ရင်ဘတ်ထဲမှာလည်း ဖြစ်နိုင်တယ်၊ ဗိုက်ထဲမှာလည်း ဖြစ်နိုင်တယ်၊ လည်ပင်းမှာ…..နောက်ဆုံး ခေါင်းထဲမှာလည်း ဖြစ်နိုင်ပါသတဲ့ ????

အတော် စိတ်ညစ်ဖို့ကောင်းတာပဲနော်

စိတ်ပျက်စရာကောင်းတဲ့ ဒီရောဂါကို လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်လောက်က မြင်းရဲ့ ဦးခေါင်းထဲမှာ အရေပြားတွေ အဆီတွေ တွေ့ရာကနေ စတင်ဖော်ထုတ်တွေ့ရှိခဲ့သတဲ့…

ရောဂါနာမည်ကိုလည်း Teratoma လို့ ပေးခဲ့သတဲ့

Tera ဆိုတာ ဂရိလို “ မကောင်းဆိုးဝါး” လို့ အဓိပ္ပာယ်ရတာပေါ့…

ကိုက်လည်း ကိုက်တဲ့

လိုက်လည်း လိုက်ဖက်တဲ့ နာမည်ပဲနော် ????

စကားကြုံလို့ ပြောရရင်….

ချောင်းဆိုးရင်း ဆံပင် ထွက်လာတတ်သလို

အန်ရင်းနဲ့လည်း ဆံပင်တွေ ထွက်တတ်တဲ့ ရောဂါအခြေအနေ ရှိသေးသတဲ့…

ပုံမှန်အားဖြင့် ခွေးလေးတွေ ကြောင်လေးတွေမှာ အဲ့လို ဖြစ်တတ်တာပေါ့…

သူတို့က ခန္ဓာကိုယ်က အမွှေးတွေကို လျှာနဲ့သပ်ပြီး သန့်ရှင်းရေး လုပ်တယ်မို့လား….အဲ့မှာ တချို့အမွှေးလေးတွေက လျှာနဲ့ကပ်ပါသွားပြီး မျိုချမိတဲ့အခါ အစာအိမ်ထဲ ရောက်သွားသတဲ့။

အမွှေးတွေကို အစာ​ချေမရတဲ့အခါ အစာအိမ်ထဲမှာပဲ စုထားပြီး များလာတဲ့အခါကျ “ တ ခွီ ခွီ ” နဲ့ ပြန်အန်ထုတ်ကြသတဲ့…

လူတွေမှာတော့ အဲ့လို ခန္ဓာကိုယ်ကို လျှာနဲ့လိုက်လျှက်နေတဲ့သူတော့ မရှိလောက်ပါဘူးနော် ????

ဒါပေမယ့် ကိုယ့်ဆံပင်တွေ အမွှေးတွေကို ဆွဲမနှုတ်ရရင် မနေနိုင်တဲ့ စိတ်အခြေအနေ (Trichotillomania) ရှိတဲ့သူတွေမှာတော့ အဲ့လို ဖြစ်တတ်ပါသေးတယ်တဲ့…

များသောအားဖြင့် အမျိုးသမီးငယ်တွေမှာ ပိုတွေ့ရတတ်ပါသတဲ့…

သူတို့ထဲက တချို့ဟာ ဆွဲနှုတ်ရုံတင်မက ပါးစပ်ထဲပါ ထည့်တတ်တဲ့ အကျင့်ရှိကြတော့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ဆံခြည်တွေ အထွေးလိုက်ကြီး ဖြစ်နေတတ်တာပေါ့…

ကြောင်လေးတွေ ခွေးလေးတွေလို “ တ ခွီ ခွီ ” နဲ့လည်း ပြန်အန်ထုတ်တာ နည်းကြတော့ အူထဲမှာပဲစုပြီး အူလမ်းကြောင်း ပိတ်တော့တာပေါ့…

အဲ့လို ရောဂါကိုတော့ (Rapunzel Syndrome) လို့ ခေါ်ပါသတဲ့…

ရွှေရောင်ဆံပင်အရှည်ကြီးနဲ့ မင်းသမီးလေး ရက်ပန်ဇယ် ပုံပြင်လေ….ကြားဖူးကြလားမသိ…

ကာတွန်းကားတောင် ထွက်သေးတယ်….ကြည့်ဖူးကြမှာပါ

အဲ့ထဲက မင်းသမီးနာမည်ကို ရောဂါနာမည် လုပ်ပစ်ထားတာ…

တတ်လည်း တတ်နိုင်ကြတဲ့ ဆရာဝန်တွေနော် ????

ကဲ…ကဲ…

စာလည်းရှည်နေပြီမို့ အဆုံးသတ်ပါရစေတော့နော်

အခုပြောပြခဲ့တဲ့ ရောဂါတွေဟာ စိတ်ဝင်စားဖို့လည်း ကောင်း၊ စိတ်ညစ်ဖို့လည်း ကောင်းတယ် ဆိုပေမယ့် တအားကြီး စိတ်မညစ်ကြပါနဲ့….

သူတို့ဟာ အင်မတန့် အင်မတန်…

အလွန် ရှားပါးလွန်းပါတယ်

ကြားဖူးတယ်ရှိအောင် ဗဟုသုတအနေနဲ့သာ ဖော်ပြပေးလိုက်တာပါ

ကိုယ့်မှာ ဖြစ်နေဦးမယ်လို့ စိုးရိမ်မနေကြနဲ့ဦးနော် သိလား…

စကော့တလန် ထီပေါက်ဖို့ကမှ လွယ်ဦးမယ်

အဲ့ရောဂါတွေ ဖြစ်ဖို့က ပိုခက်ပါတယ်

ဖြစ်လာခဲ့ရင်လည်း ဘာမှစိုးရိမ်စရာ မရှိဘူး

အလွယ်တကူ ခွဲထုတ်လိုက်ရုံပဲ

ယူတို့ တကယ် စိုးရိမ်ရမှာက…

နှစ်လုံးထီ ထိုးသလိုမျိုး ခဏခဏ ပေါက်လွယ်နေတဲ့

ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေး ညောင်းကိုက် ခေါင်းကိုက် ဘာညာတွေကိုပဲ စိုးရိမ်ကြ….

ဖြစ်လာခဲ့ရင်လည်း သေချာဂရုစိုက်ကြဦး…

အဆင်မပြေတာရှိရင်လည်း တယ်လီကျန်းမာကို လာပြောပေးနော်…

ကူညီပေးနိုင်သလောက် ကူညီပြီး တိုင်ပင်ဆွေးနွေး ကုသပေးမယ်….ဟုတ်ပြီလား

အခုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ…

ဘိုင့်…နော်

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here