ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း (Transplantation) ဆိုတာ အခုခေတ်မှာ သိပ်ပြီး မစိမ်းကြတော့ပါဘူး။

ဆေးပညာတွေ၊ နည်းပညာတွေ ခေတ်မီတိုးတက်လာတာကြောင့် အရင်က မကုနိုင်ခဲ့တဲ့ရောဂါတွေကို ကုသနိုင်လာပါပြီ။ ရောဂါကျွမ်းနေတဲ့၊ လုံး၀ အလုပ်မလုပ်နိုင်လောက်အောင် ပျက်စီးနေတဲ့ ကိုယ်တွင်းအဂႅါ (organ failure) တွေကို အစားထိုးကုသမှုတွေ ပြုလုပ်နိုင်လာပြီး လူ့သက်တမ်းတွေကို ဆွဲဆန့်နိုင်လာကြပါတယ်။

အမှန်တော့ ကိုယ်တွင်းအင်္ဂါအစားထိုးတာဟာ ကောင်းလားဆိုရင် ကောင်းတယ်လို့ ပြောလို့ရသလို မကောင်းဘူးလို့လည်း ပြောလို့ရပါတယ်။ “ အစားထိုးတာဟာ ရောဂါအသစ်တစ်မျိုးကို ၀ယ်ယူလိုက်သလိုပါပဲ” လို့လည်း ပြောကြတာရှိပါတယ်။

ဒါပေမယ့် အသက်ရှင်ဖို့က အဓိကမို့ အစားထိုးတာကို ပြုလုပ်လာကြတာပါ။ အရေးကြီးတာကတော့ ကိုယ်အစားထိုးထားတဲ့၊ အလှူရှင်လှူထားတဲ့ ကိုယ်တွင်းအဂႅါအသစ်လေးကို မပျက်စီးအောင် စောင့်ရှောက်ဖို့ပါပဲ။

ခုအပိုင်းမှာတော့ အစားထိုးတာမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ လှူနိုင်လဲ၊ ဘာတွေလိုအပ်လဲဆိုတာကို အကြမ်းဖျဉ်း ပြောပြပေးမှာပါ။

အမေရိကန်နိုင်ငံမှာ ကိုယ်တွင်းအဂႅါအစားထိုးခံရဖို့ စောင့်နေတဲ့ လူနာအရေအတွက်ဟာ တစ်သိန်းကျော်ရှိပါတယ်။ အစားထိုးအင်္ဂါရဖို့ စောင့်ရတဲ့တန်းစီဇယားမှာ ဆယ်မိနစ်နေရင် တစ်ယောက်တိုးပါတယ်။ ဒါပေမယ့် ကိုယ်တွင်းအဂႅါအစားထိုးပေးနိုင်မှုက တစ်နှစ်ကို လူ ၄၀၀၀၀ လောက်ပဲရှိတာ‌ကြောင့် တစ်နေ့ကို လူ ၁၇ ယောက်‌‌လောက်ဟာ အစားထိုးအဂႅါရဖို့စောင့်ရင်း သေဆုံးနေကြရပါတယ်။

ဒါဆို လိုအပ်နေတဲ့သူနဲ့ ရနိုင်တဲ့အဂႅါအစားထိုးပေးနိုင်မှုတွေဟာ မညီမျှဘူးဖြစ်နေတာကို အထင်းသား သိရှိနိုင်ကြမှာပါ။

အစားထိုးပေးဖို့အဂႅါဆိုတာ အလှူရှင်ရှိမှ ရမှာပါ။ ဒီလိုဆိုတော့ အလှူရှင်တွေအကြောင်းကို အရင်ပြောပြပါ့မယ်။

အစားထိုးနိုင်တဲ့ ကိုယ်တွင်းအဂႅါ အမျိုးအစားတွေ အများကြီးရှိပြီး တချို့ကိုယ်တွင်းအဂႅါတွေကို ကိုယ်အသက်ရှင်နေစဉ်မှာလည်း လှူဒါန်းလို့ရပေမယ့် တချို့ကိုတော့ အလှူရှင်‌သေဆုံးမှသာ လှူလို့ရပါတယ်။

အလှူရှင်အ‌နေနဲ့ အသက်ရှင်သန်နေတုန်း လှုဒါန်းလို့ရတဲ့ ကိုယ်တွင်းအဂႅါတွေမှာ အဓိကနေရာယူထားတာကတော့

– အသည်း (အသည်းတစ်စိတ်တစ်ပိုင်း) နဲ့

– ကျောက်ကပ် (ကျောက်ကပ်တစ်ခြမ်း) တို့ပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ အသက်ရှိနေတုန်း လှူနိုင်လဲဆိုရင်

– အသည်းတစ်စိတ်တစ်ပိုင်းကို လှူဒါန်းပြီးတဲ့အခါ အချိန်အတိုင်းအတာတစ်ခုမှာ နဂိုအရွယ်လောက်ကို ပြန်ကြီးလာနိုင်လို့

– ကျောက်ကပ်တစ်ခြမ်းကို လှူပြီးတဲ့အခါမှာလည်း ကျန်တဲ့တစ်ခြမ်းက ကောင်းကောင်းအလုပ်လုပ်ပေးနိုင်ရင် အသက်ရှင်နေနိုင်လို့ပဲ ဖြစ်ပါတယ်။

အဲဒီလို အသက်ရှင်‌နေတုန်း လှူတဲ့အလှူရှင်တွေကို Living donor လို့ခေါ်ပါတယ်။

(ဒါကတော့အကြမ်းဖျဥ်း ခြုံပြောတာဖြစ်ပြီး တကယ့် Living donor ဖြစ်လာဖို့ကတော့ စမ်းသပ်စစ်ဆေးမှုအတော်များများကို ဖြတ်ကျော်ပြီး အဘက်ဘက်ကကိုက်ညီမှပဲ လှူလို့ရမှာပါ။)

အသက်သေဆုံးသွားမှသာ ကိုယ်အင်္ဂါလှူတဲ့အလှူရှင်တွေကို Deceased donor လို့ ခေါ်ပါတယ်။ အသက်သေဆုံးရင် လှူဒါန်းတယ်ဆိုရာမှာလည်း အရပ်ထဲမှာဆုံးသွားတဲ့အချိန်ကျမှ အကြောင်းကြားပြီး လှူချင်တယ်ဆိုတာမျိုး မရပါဘူး။

အသက်သေဆုံးသူတွေရဲ့ ကိုယ်အဂႅါအစိတ်အပိုင်းတွေကို လှူနိုင်ဖို့ဆိုရင်

၁။ ဦးနှောက်သေလူနာက လှူဒါန်းတာ (Donation after brain death) {ဥပမာ- ယာဉ်မတော်တဆမှု (Road traffic accident-RTA) ကြောင့် ဖြစ်တာ} နဲ့

၂။ နှလုံးရပ်လူနာက လှူဒါန်းတာ (Donation after cardiac death) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလိုအလှူရှင်လူနာတွေကတော့ ဆေးရုံတွေမှာပဲ သိနိုင်၊ ရှိနိုင်မှာပါ။

.

အဲဒီလို သေဆုံးသူအလှူရှင်တစ်ဦးရှိရင် အသည်း၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ် စသဖြင့် လိုအပ်တဲ့နေရာအလိုက် အစားထိုးလှူဒါန်းနိုင်တာကြောင့် လူပေါင်း (၈) ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပြီး လူပေါင်း (၇၅) ယောက်ကျော်ကို ရောဂါသက်သာအောင် ကူညီပေးနိုင်ပါတယ်။

Deceased donor ဖြစ်နိုင်ဖို့ကတော့ လှူဒါန်းလိုသူအနေနဲ့ အသက်ရှင်စဉ်မှာ လှူဒါန်းရန်ကတ်ပြား (Donor card) လုပ်ထားပြီး “ သေဆုံးတဲ့အခါ လှူဒါန်းလိုပါကြောင်း” ကို ကြိုတင်အဆိုပြုထားလို့ ရပါတယ်။ ပြီးတော့ လူတစ်ယောက် ဦးနှောက်သေဆုံးသွားတဲ့အခါ ဆွေးနွေးမှု‌တွေပြုလုပ်ပြီး မိသားစုရဲ့သဘောတူညီမှုနဲ့ လှူဒါန်းတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါဆို လူနာတွေအကြောင်း အနည်းငယ် ရှေ့ဆက်ပါရစေ။

ကိုယ်တွင်းအဂႅါ အစားထိုးကုသမှုခံယူဖို့ လိုတဲ့သူတွေကလည်း နှစ်မျိုး၊ နှစ်စားရှိပါတယ်။ ဘယ်လိုလဲဆိုတော့…

၁။ လတ်တလော အသက်အန္တရာယ်‌ရှိတာကြောင့် အစားထိုးဖို့ အရေးပေါ်လိုအပ်‌နေတဲ့လူနာတွေနဲ့

၂။ ဆေးနဲ့ဖြစ်ဖြစ်၊ ရောဂါအခြေ‌အနေအရပဲဖြစ်ဖြစ် ထိန်းထားနိုင်လို့ အလှုရှင်ကိုစောင့်နိုင်ပြီး ရက်ချိန်းနဲ့ပြင်ဆင်ခွဲစိတ် အစားထိုးဖို့ လိုအပ်တဲ့လူနာတွေဆိုပြီး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ လှူဒါန်းလာတဲ့ ကိုယ်တွင်းအဂႅါတွေကို တန်းစီဇယားရဲ့ ထိပ်ဆုံးမှာ အရေးပေါ် လိုအပ်လို့ စောင့်နေတဲ့ အမျိုးအစား (၁) လူနာတွေကပဲ အများအားဖြင့် ရပါတယ်။ ရောဂါအခြေအနေအရ လတ်တလော အသက်အန္တရာယ်မရှိသေးတဲ့ လူနာတွေကတော့ ရဖို့မလွယ်ပါဘူး။ အဲဒီအခါမှာ ကိုယ်တွင်းအဂႅါရနိုင်ဖို့အတွက် ကိုယ့်မိသားစုနဲ့ ဆွေမျိုးတွေဆီကနေ အသက်ရှင်နေတုန်းလှူဒါန်းတဲ့ အခြေအနေ (Live donation) တွေ ပိုပြီးများပြားလာပါတော့တယ်။

ဆက်ပြီး ရှင်းပြချင်‌ပေမယ့် ခေါင်းရှုပ်သွားမှာစိုးလို့ ဒီနေရာလေးမှာပဲ တန်းလန်းလေးရပ်လိုက်ပါရစေနော်…

မကြာခင်မှာ အသည်းအစားထိုးကုသခြင်းနဲ့ ကျောက်ကပ်အစားထိုးကုသခြင်းတွေအတွက် သိထားသင့်တဲ့ ဗဟုသုတ အချက်အလက်လေးတွေကို ပြောပြပေးသွားမှာမို့ စောင့်မျှော်လို့ ဖတ်ရှုပေးကြပါဦးလို့ ကြိုတင်အသိပေးလိုက်ပါရစေ…။

ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference:

https:// www . organdonor. gov /learn/organ-donation-statistics#:~:text=people%20die%20each%20day%20waiting,YOU%20can%20help.&text=transplants%20were%20performed%20in%202022

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here