နားအူတဲ့ပြဿနာဟာ ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နိုင်တဲ့ပြဿနာ ဖြစ်ပါတယ်။

နားအူတဲ့အခါမှာ မိမိရဲ့နားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ တဝီဝီမြည်နေတာမျိုး၊ ဒါမှမဟုတ် တခြားဆူညံနေတဲ့အသံတွေကို ကြားနေရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ ဆူညံသံတွေဟာ အပြင်မှာတကယ်ဆူညံနေလို့ ကြားနေရတာမျိုးမဟုတ်ဘဲ မိမိတစ်ယောက်တည်းကသာ ကြားနေရတာမျိုး ဖြစ်ပါတယ်။

လူအယောက် (၁၀၀) မှာ (၁၅) ယောက်၊ အယောက် (၂၀) လောက်က နားအူတဲ့ပြဿနာကို ပုံမှန်အားဖြင့် ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် နားအူတာက အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

..

..

????လက္ခဏာတွေက ဘာတွေလဲ ?

တဝီဝီမြည်သံတွေ၊ ဆူဆူညံညံ အော်သံတွေ၊ ညည်းသံ၊ တရှူးရှူးမြည်သံ အစရှိသဖြင့် ကြားနေရတတ်ပါတယ်။

ကြားရတဲ့အသံကလည်း တိုးတိုးလေးကြားရတဲ့အခါ ရှိသလို တစ်ခါတလေ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင်လည်း ဖြစ်နေတတ်ပါတယ်။ အရမ်းကျယ်လောင်လွန်းတဲ့အတွက် မိမိရဲ့လုပ်ငန်းဆောင်တာတွေကို အာရုံမစိုက်နိုင်တော့အောင်အထိ ဖြစ်တဲ့အခါမျိုးလည်း ရှိပါတယ်။

တစ်ခါတစ်ရံမှာလည်း ကိုယ့်ရဲ့ နှလုံးခုန်ချက်နဲ့အညီ တဝီဝီမြည်နေတာမျိုးလည်း ကြားရကောင်း ကြားရနိုင်ပါတယ်။

..

..

????ဘာကြောင့် နားအူရသလဲ ?

• နားထဲပိုးဝင်တာ ဒါမှမဟုတ် နားအတွင်းမှာ လမ်းကြောင်းပိတ်ဆို့နေတာ​

နားပိုးဝင်တာကြောင့် နားအတွင်း အရည်တွေပိတ်ဆို့နေတာ၊ နားဖာချေး ပိတ်ဆို့နေတာ၊ ဒါမှမဟုတ် သေးငယ်တဲ့ ဝတ္ထုပစ္စည်းသေးသေးလေးတွေနဲ့ ဖုန်မှုန့်တွေ ပိတ်ဆို့နေတာ အစရှိတာတွေကြောင့် နားထဲမှာရှိတဲ့ ဖိအားပြောင်းလဲသွားပြီး နားအူတာဖြစ်ပါတယ်။

.

• ဦးခေါင်းနဲ့လည်ပင်းတို့မှာ ထိခိုက်ဒဏ်ရာရတာကြောင့်

ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ထိခိုက်တဲ့အခါမှာလည်း အတွင်းနားမှာရှိတဲ့ အာရုံကြောလေးတွေ၊ အသံကြားအောင် လုပ်ဆောင်ပေးနေတဲ့ ဦးနှောက်ရဲ့လုပ်ငန်းတွေ ပျက်စီးသွားတာကြောင့် ထိခိုက်တဲ့နားဖက်မှာ နားအူတာမျိုး ဖြစ်တတ်ပါတယ်။

• အကိုက်အခဲပျောက်ဆေးတချို့၊ ပိုးသတ်ဆေး၊ ကင်ဆာဆေးတချို့ကို အများကြီးသောက်သုံးရတဲ့အခါမှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ နားအူတာ ဖြစ်တတ်ပါတယ်။

• အသက်ကြီးသူတွေ (ဒါမှမဟုတ်) အရမ်းကျယ်လောင်တဲ့ ဆူညံသံတွေကို နေ့စဥ်ပုံမှန်ကြားနေရတဲ့သူတွေမှာ နားထဲကို အသံလှိုင်းလေးတွေ သယ်ဆောင်ပေးတဲ့ အမွှေးဆဲလ်လေးတွေ ပျက်စီးသွားတာကြောင့် နားအူနိုင်ပါတယ်။

ဒါတွေအပြင်…

– Meniere’s disease လို့ခေါ်တဲ့ ချာချာလည်အောင် မူးတတ်တဲ့ရောဂါတွေ

– အလယ်နားမှာရှိတဲ့ အရိုးနုပျက်စီးတာ

– ခေါင်းနဲ့ လည်ပင်းမှာဖြစ်တဲ့ အကျိတ်တွေကြောင့်လည်း နားအူတတ်ပါတယ်။

????ဘယ်လိုလူတွေမှာ နားအူခြင်းပြဿနာ ကြုံတွေ့ရနိုင်ခြေများလဲ ?

– အရမ်းကျယ်လောင်တဲ့ ဆူညံသံတွေကို နေ့စဥ်နဲ့အမျှ ကြားနေရတဲ့သူတွေ (ယနေ့ခေတ်အခါမှာ နားကြပ်နဲ့ သီချင်းနားထောင်ကြတဲ့အခါမှာလည်း အသံအကျယ်ကြီးဖွင့်ပြီး အချိန်အကြာကြီး နားထောင်တတ်တဲ့သူတွေမှာ နားအူတဲ့ဝေဒနာ ခံစားရနိုင်ပါတယ်)

– သက်ကြီးရွယ်အိုတွေ

– အမျိုးသားတွေ

– ဆေးလိပ်၊ အရက်သောက်တဲ့သူတွေ

-အဝလွန်၊ နှလုံးရောဂါနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရတဲ့ အချို့သူတွေမှာလည်း နားအူတာ ခံစားရနိုင်ခြေများပါတယ်။

.

ခဏခဏ နားအူတဲ့အခါမှာ…

– စိတ်ဖိစီးတာ

– ညဘက်အိပ်မပျော်တာ

– အာရုံစူးစိုက်ဖို့ ခဲယဥ်းတာ

– စိတ်ဓာတ်ကျတာ

– စိတ်လှုပ်ရှားတာ၊ စိတ်ဆတ်လွယ်တာ

– ခေါင်းကိုက်တာ၊ ခေါင်းမူးတာ

– အလုပ်နဲ့ မိသားစုရေးရာတို့မှာ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

????နားအူတာကို ကာကွယ်ဖို့အတွက်

သီချင်းနားထောင်တဲ့အခါ၊ ရုပ်မြင်သံကြား ကြည့်တဲ့အခါတွေမှာ အသံကို ထိုက်သင့်သလောက်လျှော့ပြီး ကြည့်တာ၊ နားထောင်တာ အကောင်းဆုံးပါ။

ကျယ်လောင်တဲ့ ဆူညံသံတွေရှိရာမှာ အလုပ်လုပ်နေရတဲ့သူဆိုရင် နားကြပ်အုပ်ပြီးမှ အလုပ်လုပ်ပါ။

သွေးတိုး၊ နှလုံးတို့လို ရောဂါအခံတွေရှိတဲ့သူတွေအနေနဲ့ ရောဂါတွေကို စနစ်တကျကုသပါ။ စိတ်ဖိစီးမှု ကင်းဝေးအောင်နေပါ။

အိပ်ရေးဝဝ အိပ်ပါ။

အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက်‌ ရှောင်ပါ။

????ဘယ်လို ကုသကြမလဲ ?

• နားဖာချေးပိတ်နေတဲ့သူတွေမှာဆို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ နားဖာချေးကိုဖယ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် နားကြပ်တံတွေ၊ နားသန့်ဆေးဆိုတာတွေကို အသုံးမပြုဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ သေချာစစ်ဆေးပြသပြီးမှ လိုအပ်တဲ့ ညွှန်ကြားကုသမှုကို ခံယူရပါမယ်။

(နားကြပ်တံ အသုံးပြုရာမှတစ်ဆင့် နားဖာချေးကို အတွင်းသို့ တွန်းပို့သလိုဖြစ်ပြီး နားစည်ပေါက်ပြဲ ဒဏ်ရာရတာ၊ နားသန့်ဆေးရည် အသုံးပြုရာမှတစ်ဆင့် နားအတွင်း စိုထိုင်းဆမြင့်တက်ပြီး နားမှိုစွဲရောဂါတွေ ဖြစ်နိုင်တာကြောင့်ပါ)

• မိမိမှာရှိတဲ့ ရောဂါအခံတွေကို စနစ်တကျ ကုသထားဖို့လည်း လိုအပ်ပါတယ်။

• သက်ကြီးရွယ်အိုတွေမှာဆိုရင်တော့ အကြားအာရုံ အကူကိရိယာလေးတွေ အသုံးပြုနိုင်ပါတယ်။

• မိမိသောက်နေကျ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တာဆိုရင်တော့ ဆေးတွေကို လျှော့သောက်ဖို့၊ ဒါမှမဟုတ် ဆေးပြောင်းသောက်ဖို့ လိုအပ်နိုင်တာမို့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုပါတယ်။

• နားအူတာနဲ့အတူ ချာချာလည်အောင်မူးတာ၊ နားအူပြီးနောက်ပိုင်းမှာ စိတ်လှုပ်ရှားတာနဲ့ စိတ်ဓာတ်ကျတာမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားနေရတာ၊ မိမိရဲ့ သွေးခုန်နှုန်းနဲ့ အတူတူ နားအူတာမျိုးခံစားနေရတာမျိုးတွေရှိနေရင်တော့ ရောဂါအခံတစ်ခုခု ရှိနေနိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြသသင့်ပါတယ်။

..

..

ဒီလောက်ဆို မိမိမှာ နားအူတဲ့ဝေဒနာ ခံစားနေရပြီဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာရင်း နားအူတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20350156

https://www.mayoclinic.org/…/diagnosis…/drc-20350162

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here