စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache)
ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။
ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတမောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ နေ့စဥ်ဘဝကို စိတ်ရောကိုယ်ပါ အနှောင့်အယှက်ပေးနိုင်တာ အမှန်ပါပဲ။
ဒီနေ့မှာတော့ ခေါင်းကိုက်ဝေဒနာတွေထဲကမှ Tension headache လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း အမျိုးအစားအကြောင်းကို ဖော်ပြပေးသွားပါမယ်။
ဒီအမျိုးအစားဟာ အဖြစ်အများဆုံး ခေါင်းကိုက်ဝေဒနာတစ်ခုလည်း ဖြစ်ပါတယ်။
…
…
????လက္ခဏာရပ်တွေ
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension headache) မှာတွေ့ရတဲ့ လက္ခဏာတွေကတော့…
– ခေါင်းကို သားရေပြားတစ်ခုခုနဲ့ တင်းတင်းကျပ်ကျပ်ကြီး ပတ်စည်းထားသလို နဖူးအထက်၊ ဘေးနဲ့ ခေါင်းအနောက်ပိုင်းတွေမှာပါ နာကျင်နေတတ်သလို
– ဦးရေပြား၊ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေပါ တင်းတင်းကျပ်ကျပ်နဲ့ နာကျင်နေတတ်ပါတယ်။
…
…
????အမျိုးအစားများ
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension headache) ကို တစ်ခါတစ်ရံမှာ ဖြစ်ပေါ်တဲ့ ခေါင်းကိုက်ခြင်းနဲ့ ကာလကြာရှည်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဆိုပြီး (၂) မျိုး ခွဲခြားလို့ရပါတယ်။
တစ်ခါတစ်ရံမှာ ဖြစ်တတ်တဲ့ အမျိုးအစားဟာဆိုရင်တော့ တစ်ခါခံစားရရင် မိနစ် (၃၀) ကနေ တစ်ပတ်လောက်ထိ ကြာတတ်ပါတယ်။
တချို့ကတော့ တစ်လမှာ (၁၅) ရက်လောက်ထိ ခံစားရတတ်ပြီး အနည်းဆုံး (၃) လလောက်အထိ ကြာသွားတတ်ပါတယ်။ ဒါမျိုးမှာဆိုရင်တော့ ကာလကြာရှည် စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (tension headache) ဖြစ်သွားတတ်ပါတယ်။
…
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်းဟာ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း အမျိုးအစားနဲ့ ကွဲပြားပါတယ်။
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension headache) မှာ အလင်းတန်းတွေ၊ အစက်အပြောက်တွေ မြင်ရခြင်းမျိုး မရှိပါဘူး။ ပျို့တာ၊ အန်တာမျိုးတွေလည်း ဖြစ်လေ့မရှိပါဘူး။
…
…
????ဘာကြောင့်ဖြစ်လဲ
ဘာကြောင့်ဖြစ်ရသလဲဆိုတာ အတိအကျပြောလို့ မရပေမယ့် အဓိကကတော့ စိတ်ဖိစီးစားမှုကြောင့် ဖြစ်တတ်လေ့ရှိပါတယ်။
မှတ်တမ်းတွေအရ အမျိုးသမီးတွေမှာ ပိုခံစားရတတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှသာ ခံစားရတတ်တဲ့ episodic tension headache ကိုတော့ အသက် (၄၀) ဝန်းကျင်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။
ဒီလို ခေါင်းကိုက်ခြင်းကို ခံစားရတာကြောင့် မိမိလုပ်နေတဲ့အလုပ်မှာ အာရုံမစိုက်နိုင်တာတွေ၊ လုပ်ဆောင်မှုစွမ်းရည်ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
…
…
????သက်သာစေမယ့်နည်းလမ်းများ
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension headache) သက်သာအောင်အတွက်တော့ အကိုက်အခဲပျောက်ဆေးတွေ မှီဝဲလို့ရပါတယ်။ ဒါပေမယ့် “ တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်။
ဒါ့အပြင် နာကျင်နေတဲ့ ကြွက်သားတွေကို ရေနွေးအိတ်ကပ်တာ ဒါမှမဟုတ် ရေခဲဝတ်ကပ်တာ အစရှိသဖြင့် လုပ်ပေးနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါ၊ ထိုင်တဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်အနေအထား မှန်ကန်အောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
…
…
????ကာကွယ်နည်း
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension headache) မဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့…
• အိပ်ရေးဝအောင် အိပ်ပါ။ ဒါပေမယ့် အိပ်ချိန် အလွန်အကျွံမဖြစ်အောင်တော့ ဆင်ခြင်ပါ။
• ဆေးလိပ်မသောက်ပါနဲ့။
• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
• အစားအသောက်ကို အာဟာရဓာတ် ညီမျှအောင် စားသုံးပါ။
• ရေများများသောက်ပါ။
• ကဖင်းဓာတ်ပါတဲ့ အရည်တွေနဲ့ အရက်သောက်ခြင်း ရှောင်ကြဥ်ပါ။
• စိတ်ဖီးစီးမှုလျော့ကျအောင် စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေ လေ့ကျင့်ပေးပါ။
.
လူတိုင်း မိမိမှာ tension headache ခံစားနေရပြီဆိုရင် အထက်ပါ ဖော်ပြခဲ့အချက်တွေအတိုင်း လိုက်နာရင်း ခေါင်းကိုက်ဝေဒနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။
တကယ်လို့ မိမိဟာ ခေါင်းကိုက်ဝေဒနာနဲ့အတူ ပျို့အန်ခြင်း၊ မျက်လုံးဝါးခြင်း၊ ဖျားခြင်း၊ သတိမကောင်းခြင်း၊ တက်ခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးခြင်း၊ ကာလရှည်ကြာ ခေါင်းကိုက်နေခြင်း စတဲ့အချက်တွေ ရှိနေရင်တော့ ခေါင်းကိုက်ဝေဒနာကို သေချာအဖြေရှာဖို့လိုတာကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့ စစ်ဆေးစမ်းသပ်ဖို့လိုကြောင်း သတိပေးပါရစေ။
References – https:// www. mayoclinic. org /diseases-conditions/tension-headache/symptoms-causes/syc-20353977
https:// www. mayoclinic. org /diseases-conditions/tension-headache/diagnosis-treatment/drc-20353982
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.