အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း Swimmer’s ear (November,2023)

0
156

Swimmer’s ear (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)

Swimmer’s ear ဆိုတာကတော့ အတွင်းဘက် နားစည်ကနေ အပြင်ဘက် နားအပေါက်ဝအထိ ဆက်ထားတဲ့ အပြင်နားလမ်းကြောင်းမှာ ပိုးဝင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နားထဲမှာ ရေဝင်နေတဲ့အခါတွေမှာ စိုစိုစွတ်စွတ်ဖြစ်နေတာကြောင့် ဘက်တီးရီးယားပေါက်ပွားဖို့ ပိုလွယ်ကူတဲ့အတွက်ကြောင့် ဖြစ်လေ့ရှိပါတယ်။

နားထဲကို လက်ချောင်းတွေ၊ ဂွမ်းစတွေနဲ့ တခြားသောအရာဝတ္ထုပစ္စည်းတွေကို ထိုးသွင်းမိတဲ့အခါတွေမှာလည်း နားမှာရှိတဲ့အမြှေးပါးလေးတွေ ထိခိုက်ပျက်စီးသွားပါတယ်။ ဒီလိုအခြေအနေတွေမှာလည်း ဖြစ်တတ်ပါတယ်။

Swimmer’s ear ကို နောက်တစ်မျိုး otitis externa လို့လည်း ခေါ်ကြပါတယ်။

????ရောဂါလက္ခဏာတွေအနေနဲ့ကတော့

– နားအတွင်း ယားယံတာ

– နားအတွင်းမှာ နီရဲနေတာ

– နားရွက်ဆွဲတဲ့အခါ မသက်မသာ ခံစားရတာ

– အနံ့မရှိတဲ့ အရည်ကြည်ကြည်တွေ စီးကျနေတာမျိုးတွေ ဖြစ်တတ်ပြီး….

ဒီထက်ပိုဆိုးလာရင်တော့…..

• ပိုမိုယားယံလာတာ

• နာကျင်မှု ပိုဆိုးလာတာ

• နားအတွင်းမှာ ပိုပြီးနီရဲလာတာ

• အရည်တွေ စီးကျတာ

• နားအတွင်းမှာ အရည်တွေ ဒါမှမဟုတ် ရောင်ရမ်းတာကြောင့် ပြည့်ကျပ်သလို ခံစားရတာ

• အကြားစွမ်းရည် လျော့နည်းလာတာ

• အနာပိုဆိုးလာပြီး မျက်နှာ၊ လည်ပင်းတို့တစ်လျှောက်ထိ အနာပျံ့လာတာ

• နားအတွင်းမှာ လုံးဝပိတ်သွားတာ

• အပြင်နားမှာ နီရဲပြီး ရောင်ရမ်းနေတာ

• လည်ပင်းမှာ ပြန်‌ရည်ကြောတွေ ရောင်ရမ်းတာ

• ဖျားတာတွေအထိပါ ခံစားရနိုင်ပါတယ်။

..

..

????ဘာကြောင့် ဖြစ်ရသလဲ

ပုံမှန်အားဖြင့် နားထဲမှာရှိတဲ့ အလွှာလေးတွေကနေဖြစ်လာတဲ့ နားဖာ‌ချေးနဲ့ အပြင်နားတို့ဟာ နားကိုမထိခိုက်အောင် သဘာဝအလျောက် ကာကွယ်ပေးထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို သဘာဝအလျောက် နားကိုကာကွယ်ပေးထားတဲ့အရာတွေ ထိခိုက်ပျက်စီးသွားတဲ့အခါမှာ ပိုးဝင်နိုင်ပါတယ်။

အဖြစ်များတဲ့ အကြောင်းအရင်းတချို့ကတော့…

– ရေကူးပြီးတဲ့အချိန်၊ ရာသီဥတု စိုစွတ်တဲ့အချိန်၊ ချွေးအလွန်အကျွံထွက်တဲ့အချိန်တွေမှာ နားအပေါက်အတွင်းမှာ လိုတာထက် ပိုမိုစိုစွတ်လာတာကြောင့်

– ရေဆိုးရေညစ်တွေနဲ့ နားကိုအချိန်ကြာကြာ ထိတွေ့မိတာကြောင့်

– ဂွမ်းစ၊ ဆံပင်ညှပ်ကလစ်၊ လက်သည်းရှည်တွေနဲ့ နားဖာချေးကလော်တဲ့အခါ

– နားကြပ်ကိရိယာတွေ များများတပ်ဆင်ရတဲ့ အခါမျိုးတွေမှာ swimmer’s ear ဖြစ်တတ်ပါတယ်။

????Swimmer’s ear မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့

• နားကို အတတ်နိုင်ဆုံး ခြောက်သွေ့အောင်ထားပါ။

• ရေဆိုး‌ရေညစ်ကန်တွေမှာ ရေကူးတာရှောင်ပါ။

• ရေကူးနေစဥ်အတွင်းမှာ နားထဲ‌ရေမဝင်အောင် နားကို အကာအကွယ်တွေနဲ့ အုပ်ထားပါ။

• နားထဲကို အရာဝတ္ထုပစ္စည်းတွေ ထည့်ပြီး နားဖာကလော်တာတွေ ရှောင်ကြဥ်ပါ။ နားဖာချေးဟာ များလာတဲ့အခါ နားအပေါက်အပြင်ဘက်ကို သဘာဝအလျောက် ထွက်လာပါတယ်။ အဲဒီအချိန်မှာ နူးညံ့တဲ့ ရေစိုအဝတ်စလေးနဲ့ သန့်ရှင်းပေးလိုက်ရင် ရပါပြီ။

.

အကယ်၍ မိမိမှာ နားအတွင်း တစ်ခုခုပိတ်ဆို့နေသလို ခံစားရပြီဆို နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။

Reference – ????

https:// www. mayoclinic. org /diseases-conditions/swimmers-ear/symptoms-causes/syc-20351682

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here