ဖြည့်စွက်စာ/ဖြည့်စွက်အားဆေးဆိုတာ အခုခေတ်မှာ တအားခေတ်စားလာပြီး လူအများစု သောက်သုံးလာကြပါတယ်။

အခုဆို အမေရိကန်တို့လို နိုင်ငံကြီးတွေက တင်သွင်းရောင်းချလာတဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ (Over the counter – OTC) ဖြည့်စွက်စာတွေကို မြန်မာပြည်မှာဝယ်ယူဖို့ တအားလွယ်ကူလာပါတယ်။ တစ်ခုပဲ… ဒေါ်လာဈေးအတက်နဲ့ ဆေးတစ်ဘူး တစ်ဘူးရဲ့ဈေးကတော့ မသေးဘူးပေါ့နော်။

ဖြည့်စွက်စာ/ဖြည့်စွက်အားဆေး (Supplement) အကြောင်း ဆက်မပြောခင် ကျွန်မလူနာတွေက သူတို့ “ ဘာဖြည့်စွက်အားဆေး သောက်နေပါတယ်” လို့ ပြောတဲ့အခါ သူတို့သောက်နေတဲ့ အခြားဆေးတွေနဲ့ အပြန်အလှန်ဓာတ်ပြုမှု (Interaction) မရှိရင်၊ သူတို့အတွက် ဆိုးကျိုးမရှိရင် “ သောက်ပါ” လို့ပဲ အမြဲပြောတတ်သလို…….

လိုအပ်တယ်လို့ ကျွန်မကယူဆတဲ့ လူနာဆိုလည်း အားဆေး (Supplements) တွေ ထည့်သွင်းပြီး စွဲသောက်ခိုင်းပါတယ်။ ဥပမာ – နှာစေးတတ်တဲ့ လူနာဆို ဗီတာမင်-စီ သောက်ခိုင်းတာမျိုးပေါ့။

ဒါပေမယ့် အခုနောက်ပိုင်း ကျွန်မအနေနဲ့ လူနာကြည့်ရင် တွေ့ရတတ်တဲ့ ပြဿနာတစ်ခုက လူနာတွေဟာ ကိုယ့်ရောဂါအတွက် ဆရာဝန်ညွှန်းတဲ့ဆေး (Prescribed medicine) ကို ဖြတ်ပြီး ဖြည့်စွက်စာပဲ သောက်တာပါ။

❌ ဒါ လုံးဝ မှားနေပါတယ်နော် ❌

ကျွန်မရဲ့ဆီးချိုလူနာက ဆီးချိုဆေး (Metformin 500 mg) တစ်နေ့ (၃) ကြိမ်သောက်နေရတာကို သူက ဆီးချိုအားဆေး သောက်လို့ရမလားလို့ လာပြရင်းမေးတဲ့အခါ ကျွန်မလည်း စစ်ကြည့်တော့ ပုံမှန်ဗီတာမင်နဲ့သတ္တုဓာတ် (Vitamins & Minerals) တွေ ဖြစ်ပြီး စိတ်ချရတဲ့နေရာက ထုတ်တာမို့ “ သောက်ပါ” ပေါ့။

နောက်တစ်ခေါက်လာပြတော့ သူက “ အားဆေးသောက်ပြီး ပိုလန်းဆန်း၊ ပိုနေလို့ကောင်းလာတယ်… နောက်ပြီး အားဆေးက တစ်ခါသောက် (၅) လုံးပါ အထုပ်မို့ ဆေးသောက်ရတာ များနေတာနဲ့ Metformin ဖြတ်ချလိုက်တယ်” တဲ့။ ပြီးတော့ လူနာက ခြေ‌တွေ၊ လက်တွေထုံပြီး ဆေးခန်းရောက်လာပါရော။ ကျွန်မလည်း စိတ်တွေပူပြီး “ အဲလိုလုပ်လို့မရဘူး” ဆိုတာကို သေချာပြောပြရတယ်။

လူနာက ဆီးချိုအားဆေးကို Metformin လိုပဲ ဆီးချိုဆေးထင်ပြီး ဆေးများလို့ Metformin ကို ဖြတ်တယ်ဆိုတော့… သုံးလအတွင်း ကိုယ်တွင်းသကြားဓာတ် (HbA1C) စစ်ကြည့်တဲ့အခါ ဆီးချိုတွေတက်နေတော့တာပေါ့လေ။

နောက်တစ်ချက်က တစ်ခါတလေ ဖြည့်စွက်စာ/ဖြည့်စွက်အားဆေးတွေက ဈေးသက်သာတော့ လူနာတွေက ငွေကြေးအရ ဖြည့်စွက်အားဆေးတော့သောက်ပြီး ဆရာဝန်ညွှန်ကြားတဲ့ (Prescription) ဆေးတွေ ဖြတ်ရော။

အခု ဒီပိုစ့်မှာ ကျွန်မသေချာရှင်းပြချင်တာက (Prescription) ဆေးနဲ့ (Over the counter -OTC) ဆေးဆိုတာ မတူတဲ့အကြောင်းပါ။ မြန်မာပြည်မှာက (၂) မျိုးလုံး အလွယ်ဝယ်လို့ရနေတော့ မရှင်းကြတာများပါတယ်။

Prescription ဆေးဆိုတာ ဆရာဝန်က မိမိရောဂါအတွက် လိုအပ်လို့ပေးတဲ့ သွေးကျဆေး၊ ဆီးချိုကျဆေး၊ ပိုးသတ်ဆေး စတာတွေဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်နဲ့မှ သောက်ရမယ့်ဆေးတွေပါ။ နိုင်ငံခြားမှာ ဆိုရင်တော့ ဆရာဝန်ညွှန်ကြားစာပါမှ ဝယ်လို့ရပါတယ်။ မဟုတ်ရင် ဆေးဆိုင်တွေက ရောင်းမပေးပါဘူး။

Over the counter ဆေးဆိုတာ အလွယ်ပြောရရင် အားဆေးတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ (Vitamins & Minerals) ပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဘာသာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။

ဒီအတွက် ကိုယ်သောက်နေတဲ့ ဆေးတွေကို သက်ဆိုင်ရာဆရာဝန်ဆီမှာ သေချာမေးပါ။

ဖြည့်စွက်စာ/ဖြည့်စွက်အားဆေး (Supplements) ဆိုတာ သူ့နာမည်အတိုင်း လူ့ခန္ဓာကိုယ်အတွက် ဖြည့်စွက်ပေးရုံပါ… ရောဂါကုတဲ့ဆေး မဟုတ်ပါဘူး။ ဒါပေမယ့် တချို့‌ရောဂါ (ဥပမာ။ Inflammatory bowel disease) ရှိတဲ့ လူနာမျိုးဆို ဖြည့်စွက်စာတစ်မျိုးဖြစ်တဲ့ Probiotic (လူကိုအကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေ) ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သေချာသောက်ဖို့ လိုပါတယ်။

????နောက်အရေးကြီးဆုံးက OTC Supplements သောက်ရင် အနောက်ဘက်ကအညွှန်းမှာ တစ်နေ့ ဘယ်နှလုံး၊ ဘယ်နှကြိမ်ဆိုပြီး ရှင်းလင်းစွာရေးပေးထားတာမို့ ဆေးညွှန်အတိုင်းသာ သောက်ပါ။ လူမှုကွန်ရက် (Social media) တွေမှာ ရေးနေပြောနေကြသလို “ ဘာရောဂါပျောက်ချင်ရင် တစ်ရက် (၁၀) လုံးသောက်” ဆိုတာမျိုး မလုပ်ရပါ။ OTC ဆေးဖြစ်‌ပေမယ့်လည်း လိုတာထက်ပိုသောက်ရင် အန္တရာယ်ရှိပါတယ်နော်။

အားလုံးပဲ ဒီပို့စ်လေးဖတ်ပြီး အဆင်ပြေကြပါစေရှင်…..။

Dr Cool

တယ်လီကျန်းမာ

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here