မျက်စိစွန်တဲ့ အကြောင်းလေး ပြောပြမယ်။ ကြီးမှ ဝက်သက်ပေါက်တယ်လို့ ပြောကြသလို မျက်စိစွန်ရင် လူပါစွံတော့မယ်ဆိုလား။
မျက်စိစွန်တာ ၂ မျိုး ရှိပါတယ်။
၁။ Stye မျက်စိအပြင်စွန်
၂။ Chalazion မျက်စိအတွင်းစွန်
မျက်စိအပြင်စွန်ထက် မျက်စိအတွင်းစွန်က ပိုအဖြစ်များပါတယ်။ မျက်စိအပြင်စွန်က မျက်တောင်မွှေးအရင်းကို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။
အဖြစ်များတာက မျက်စိအတွင်းစွန်ပါ။ ပြောပြမယ်နော်။
မျက်ခမ်းမှာ မျက်ရည်အဆီထွက်တဲ့ အပေါက်လေးတွေ ရှိပါတယ်။ အဲဒီအပေါက်လေး ပိတ်သွားရင် မျက်ရည်အဆီတွေက မထွက်နိုင်တော့ဘဲ ရောင်ပြီး ဖောင်းလာတာပါ။ မျက်ခွံတစ်ခုမှာ အဲဒီလိုအပေါက်လေးတွေက ၂၀ လောက် ရှိပါတယ်။ အပေါက်လေးတစ်ခုပိတ်ရင် အဖုတစ်ခုဖြစ်ပါတယ်။ အဖု ၄-၅ ခု လည်း ရှေ့ဆင့်နောက်ဆင့် ဖြစ်တတ်ပါတယ်။
.
* ပြုလုပ်ရန်များ
ဖြစ်တာနဲ့ ချက်ချင်းလုပ်ရင် အမြန်ပျောက်ကင်းနိုင်ပါတယ်။ ကြာသွားရင်တော့ အဆီခဲပြီး အဖုလေးက ပျောက်ကင်းဖို့ ကြာနိုင်သလို ခွဲစိတ်မှ ပျောက်တာမျိုး ဖြစ်တတ်ပါတယ်။
(၁) မျက်ခမ်းသန့်ရှင်းရေး လုပ်ပါ။ ဂွမ်းအလိပ်လေး သို့မဟုတ် နားကျပ်တံကို ရေနွေးပူစိမ်ပြီး လုပ်ပါ။ တစ်နေ့ ၄ ကြိမ် လုပ်ပါ။
(၂) ရေနွေးဝတ် အုပ်ပါ။ ရေနွေးက ပူလည်း ပူရမယ်၊ ခံလည်း ခံနိုင်ရပါမယ်။ အဝတ်ကို ရေနွေးပူစိမ်ပြီး ရေညှစ်ပါ။ မျက်စိကို မှိတ်ပြီး အဝတ်နဲ့ ဖိထားပါ။ အေးသွားရင် ရေနွေးပြန်စိမ်ပါ။ တစ်ခါလုပ်ရင် ၁၀ မိနစ်ခန့် တစ်နေ့ ၄ ကြိမ် လုပ်ပါ။
(၃) Chloramphenicol Eye Drop တစ်ခါခတ်တစ်စက်၊ တစ်နေ့ ၄ ကြိမ်၊ တစ်ပတ် ခတ်ပါ။ မျက်စဉ်းခတ်တဲ့အခါ အောက်မျက်ခွံကို ဖြည်းဖြည်းဆွဲပါ။ မျက်စိက ခေါင်းပေါ်ဘက်ကို ကြည့်ပါ။ အောက်မျက်ခွံမှာ အချိုင့်လေး ပေါ်လာပါမယ်။ အဲဒီအချိုင့်လေးထဲကို မျက်စဉ်းတစ်စက်ထည့်ပါ။ ၃ မိနစ် မျက်စိမှိတ်ထားပါ။
(၄) နာရင် Paracetamol 500mg မနက် တစ်လုံး၊ နေ့လည် တစ်လုံး၊ ည တစ်လုံး ၃ ရက် သောက်ပါ။ အစာစားပြီး သောက်ပါ။
(၅) မကြာခဏပြန်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသပါ။
** သောက်ဆေးတွေကို ၁၂ နှစ်အောက် ကလေးဆိုရင်တော့ ကိုယ်အလေးချိန်နဲ့ တွက်ရပါမယ် **
မျက်စိစွန်သူတွေ အစစအရာရာ အဆင်ပြေပါစေနော်။
မျက်စိအထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.