“ အစာအိမ်ကင်ဆာ”

ဟုတ်ပါတယ်…

စားထားတဲ့အစာတွေကို သိုလှောင်တဲ့အိတ် (အစာအိမ်မှာ) ကင်ဆာဖြစ်တာပါ။ အစာအိမ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

.

❓ အစာအိမ်ကင်ဆာ ဘာလို့ဖြစ်တာလဲ ? ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?

အစာအိမ်ကင်ဆာ ဘာလို့ဖြစ်လဲ အတိအကျပြောရခက်ပေမယ့် အစာအိမ်နံရံတွေကို ထိခိုက်စေရာကနေပဲ စတာပါ။

– အစာအိမ်ပိုးရှိတာ

– စားချဉ့်ပြန်တာ

– အကင်တွေ၊ ဆားနယ်ထား/သိပ်ထားတဲ့ အစားအစာတွေ စားတာ

– အသီးအရွက်၊ အသီးအနှံ အစားနည်းတာ

– ဆေးလိပ်သောက်တာ

– မိသားစုမျိုးရိုးရှိတာ

– အခြားသော မျိုးရိုးလိုက်တတ်တဲ့ genetic ရောဂါတွေနဲ့ ဆက်စပ်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

..

..

ပုံမှန်အားဖြင့်တော့ အစာအိမ်ကင်ဆာဟာ နောက်ကျမှ သိတာများလို့ အရှင်းပျောက်အောင် ကုဖို့မလွယ်၊ ရလဒ်မကောင်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အစာအိမ်ကင်ဆာဟာ အာရှမှာ (အထူးသဖြင့် ဂျပန်နိုင်ငံမှာ) အတော်အဖြစ်များလာပြီး အစာအိမ်ကင်ဆာကြောင့် သေဆုံးမှုနှုန်း များလာတာကြောင့် ‌ရောဂါရှိလို့ခံစားရမှ ဆရာ၀န်ဆီလာပြတာကိုမစောင့်ဘဲ… ရောဂါလက္ခဏာမပြခင် စောစီးစွာသိအောင် “ အသက် ၄၀ နှင့်အထက်လူတွေကို အစာအိမ်မှန်ပြောင်းကြည့်တဲ့ population based screening အစီအစဉ်” ကို စခဲ့ပါတယ်။

အဆိုပါအစီအစဉ် စပြီးတဲ့နောက်ပိုင်းမှာ အစာအိမ်ကင်ဆာကို စောစီးစွာသိရှိလာပြီး ကုသမှုရဲ့ရလဒ်တွေလည်း ကောင်းလာခဲ့ပါတယ်။

..

..

❓ အစာအိမ်ကင်ဆာရဲ့ လက္ခဏာတွေကတော့ အစာအိမ်ရဲ့ ကင်ဆာဖြစ်တဲ့နေရာပေါ် မူတည်ပါတယ်။

– အစာမျိုရခက်တာ

– ဗိုက်အောင့်တာ

– အစာစားပြီး ဗိုက်ကယ်တာ

– နည်းနည်းပဲစားပြီး ရင်ပြည့်တာ

– ဆာမယ်ထင်ပြီး မဆာတာ

– ရင်ပူတာ

– အစာမကြေတာ

– ပျို့အန်တာ

– ဝိတ်မချပဲ ပိန်သွားတာ

– မောတာ၊ နုံးတာ

– ၀မ်းအမည်းတွေသွားတာ စတာတွေခံစားရနိုင်ပါတယ်။

အခြားရောဂါတွေမှာလည်း ဒီလိုလက္ခဏာတွေ ခံစားရနိုင်လို့ ရောနိုင်ပါတယ်… လွတ်နိုင်ပါတယ်။

ဒါကြောင့်…ဒါမျိုးတွေခံစားရရင်တော့ ဆရာ၀န်နဲ့ပြပြီးသေချာဆွေးနွေးဖို့ လိုပါတယ်။ အစာအိမ်မှန်ပြောင်းလိုအပ်ရင် ကြည့်ပါ။

ကြည့်ဖို့လည်း မကြောက်ပါနဲ့၊ အချိန်မဆွဲပါနဲ့။ ခုခေတ်က အိပ်ဆေးထိုးပြီးကြည့်တော့ လူပိုသက်သာပါတယ်။ စောစောသိပြီး သေချာကုရင် ရလဒ်ကောင်းပါတယ်။

ကုထုံးကတော့ ခွဲစိတ်မှု၊ ကင်ဆာဆေးသွင်းကုသမှု စတဲ့ကုထုံးတွေ ပေါင်းပြီးကုသရမှာပါ။ ဆေးသောက်၊ ဆေးသွင်းရုံနဲ့ မပျောက်ပါဘူး။

..

..

❓ အစာအိမ်ကင်ဆာ မဖြစ်ချင်ရင် ဘာလုပ်သင့်ပါလဲ

အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချချင်ရင်…

• အသီးအနှံ အသီးအရွက် များများစားပါ။

• အကင်တွေ၊ ဆားသိပ်ထားတဲ့အစာတွေ လျော့စားပါ။

• ဆေးလိပ် မသောက်ပါနဲ့။

• မိသားစုထဲ အစာအိမ်ကင်ဆာ မျိုးရိုးရှိရင် ဆရာ၀န်ကို ပြောပြပါ။ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

..

မြန်မာနိုင်ငံမှာလည်း အစာအိမ်ကင်ဆာက မရှားပါဘူး။ ရလဒ်ကောင်းဖို့ကတော့ ရောဂါကို စောစောသိဖို့လိုပါတယ်။

အကောင်းဆုံးကတော့ ရောဂါမဖြစ်အောင် ဂရုစိုက်နေထိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆောင်ရန်ရှောင်ရန်နှင့် သိကောင်းစရာလေးတွေ ဝေမျှလိုက်ရပါတယ်…။

ခွဲစိတ်ဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here