Sore Tongue (သင့်ရဲ့လျှာက ပေးတဲ့ ဝေဒနာများ )

လျှာပြင်ဝယ် နာကျင်တယ် ဆိုတာ အင်မတန်ခံရခက်တဲ့ ဝေဒနာပါ။ အစာလမ်းကြောင်းကြီးရဲ့ အရသာအထူးဆုံး အမြိန်ဆုံး အပိုင်းမှာမှ ခံရတာဆိုတော့ ဖြစ်လာပြီဆို အမြန်ဆုံး ပျောက်ကင်းချင်တတ်ကြတာ မဆန်းပါဘူး။ သည်တော့ အမျိုးမျိုးသော အရင်းခံအကြောင်းတွေ ဆက်စပ်အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Aphthous Ulcer (ခံတွင်းရှိ အနာငယ်လေးများ)

ခံတွင်းမှာ ရှိနေတတ်တဲ့ စက်ဝိုင်း (သို့) ဘဲဥပုံ အနာငယ်လေးများပါ။ အများအားဖြင့် လျှာအောက်ခြေမှာ ပေါ်တတ်ပါတယ်။ လျှာကို ကိုက်မိလို့ပဲ ဖြစ်ဖြစ်၊ အစာမာစားမိလို့ပဲဖြစ်ဖြစ် ဒဏ်တစ်ခုခုကြောင့် လျှာမှာ အနာဖြစ်လာတာပါ။

အများအားဖြင့် သူ့ဟာသူ ရက်သတ္တပတ်အတွင်း ပျောက်ကင်းတတ်ပါတယ်။ မခံမရပ်နိုင်အောင် နာလာပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေး သုံးနိုင်ပါတယ်။ အနာက လနဲ့ချီတဲ့အထိ မပျောက်ဘူး ဆိုရင်တော့ သွားနှင့်ခံတွင်း ဆရာဝန်ဆီ ပြသင့်ပါပြီ။

(၂) Biting (ကိုက်မိခြင်းကြောင့် ဒဏ်ဖြစ်ခြင်း)

ဒါကတော့ ရှင်းပါတယ်။ မတော်တဆ ကိုက်မိတာပဲဖြစ်ဖြစ်၊ အတက်ရောဂါရဲ့ နောက်ဆက်တွဲကြောင့်ပဲ ဖြစ်ဖြစ် လျှာကိုက်မိတဲ့အခါ ဒီဒဏ်ကြောင့် လျှာမှာ နာရပါတယ်။ အများအားဖြင့် သူ့ဘာသာ ပျောက်ကင်းပါတယ်။ ဆားရည်လေးနဲ့ ပလုတ်ကျင်းပေးလို့လည်း ရပါတယ်။

(၃) Cold Sores

ရေယုန်ကြောင့် ဖြစ်တဲ့ အနာပါ။ ရေယုန်ကြောင့် ဖြစ်တဲ့အတွက် ကူးစက်မှုလည်း မြန်ပါတယ်။ အရေပြားအချင်းချင်း ထိတွေ့ရာကနေ ကူးစက်နိုင်ပါတယ်။ ကလေးတွေမှာဆို အနမ်းခံ၊ အထိခံရာကနေ ကူးစက်တတ်ပါတယ်။ မိဘတွေအနေနဲ့ သတိထားပေးပါ။ရေယုန်က ကူးပြီးရင် ခန္ဓာကိုယ်မှာ ပိုးဟာ တောက်လျှောက်ကျန်နေတတ်ပါတယ်။ ကိုယ်ခံအား ကျဆင်းတဲ့အခါ ပြန်ပြန်ပေါ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ၊ ‌အိပ်ရေးပျက်တဲ့အခါ ဝေဒနာကို ထပ်ဆင့် ဒဏ်ပေးတဲ့ ဆုလာဘ်လေး တစ်ခုပါ။

(၄) Oral Thrush (မှက်ခရု)

မှိုကြောင့် ဖြစ်တာပါ။ လျှာပေါ်မှာ အဖြူရောင် အဖတ်တွေ ပေါ်တတ်ပြီး လျှာအရသာ ပျက်တတ်ပါတယ်။ တချို့ဆို အလွန်အမင်း နာကျင်ပြီး အစာစားရ ခက်ခဲတဲ့အထိ ဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဖြစ်သလဲဆိုရင် –

– လတ်တလော ပိုးသတ်ဆေး သောက်နေရတဲ့သူတွေ
– ပန်းနာရင်ကြပ်အတွက် စတီးရွိုက်ရှူနေရတဲ့သူတွေ
– ခံတွင်းကျန်းမာရေး ဂရုမစိုက်သူတွေ
– ကိုယ်ခံအားကျဆင်းစေတဲ့ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသူတွေ (ဥပမာ ဆီးချိုသမား၊ ကင်ဆာဆေးသွင်းနေရသူ)
စသဖြင့် တွေ့ရတတ်ပါတယ်။

Oral Thrush (မှက်ခရု) က ကုသဖို့ လိုအပ်ပါတယ်။ မှိုသတ်ဆေးနဲ့ ကုသနိုင်ပါတယ်။ အများအားဖြင့် လိမ်းဆေးပုံစံနဲ့ လာတတ်ပြီး တစ်ပတ်နှစ်ပတ် ကြာသည်အထိ မှန်မှန်လိမ်းပေးဖို့ လိုပါတယ်။

(၅) Burning Mouth Syndrome

လျှာမှာ လောင်သလိုလို ထုံသလိုလို ခံစားရတဲ့ ဝေဒနာ တစ်မျိုးပါ။ နှစ်နဲ့ချီ ကြာတတ်ပြီး တခြားရောဂါတွေလို လျှာမှာ နီရဲနေတာ အနာတွေ့တာမျိုး မရှိတတ်ပါဘူး။ ဒါကြောင့် ဘာကြောင့် ဖြစ်သလဲဆိုတာ ကောက်ချက်ချဖို့ မလွယ်ကူပါဘူး။ ဒါကို ဖြစ်စေတဲ့ အကြောင်းအရင်းတချို့ကတော့ အစားအသောက်နဲ့ သွားကိရိယာတွေကို ဓာတ်မတည့်တာ၊ ဆီးချို နဲ့ လည်ပင်းကြီး ရောဂါ၊ ပါးစပ်ခြောက်ခြင်းနဲ့ အစာစားချဉ့်ပြန်ခြင်း စတဲ့ အခြေအနေတွေပါ။

(၆) Geographic Tongue

လျှာပေါ်မှာ မြေပုံသဏ္ဍာန်အကွက်တွေ ပေါ်လို့ Geographic Tongue ရယ်လို့ ခေါ်တွင်ပါတယ်။ အနီရဲရဲ အကွက်မှာမှ အဖြူရောင်နဲ့ အနားသတ်ပါတယ်။ ပြီးတော့ အကွက်ဟာ လျှာပေါ်မှာ တစ်နေရာကနေ နောက်တစ်နေရာကို ကူးတတ်ပါတယ်။ အများအားဖြင့် နာကျင်မှုဒဏ် မခံစားရတတ်‌ပေမယ့် အပူအစပ်စားရင်တော့ နာတတ်ပါတယ်။ သူ့ဟာနဲ့သူ ပျောက်ကင်းသွားတတ်တာ များပါတယ်။

ကုသချင်ရင်တော့ Cepacaine နဲ့ တစ်နေ့သုံးလေးကြိမ် ခံတွင်းကို ဆေးနိုင်ပါတယ်။ အခြေအနေဆိုးရင် ပန်းနာရင်ကြပ်မှာသုံးတဲ့ စတီးရွိုက် ဖြန်းဆေးနဲ့ သုံးကြိမ်လောက် ဖြန်းပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ သွားနှင့်ခံတွင်း ဆရာဝန်ဆီက အကြံဉာဏ်ယူ ကုသခြင်းပါပဲ။

(၇) Black Tongue

လျှာကြီး မဲနေတဲ့ အခြေအနေပါ။ စိုးရိမ်စရာ နောက်ဆက်တွဲပြဿနာ မရှိပေမယ့် သူ့အရောင်အသွင်ကြောင့် စိတ်ညစ်စရာပါ။ အရသာလည်း ပျက်ပြီး အာခေါင်ခြောက်တတ်ပါတယ်။ အနံ့အသက်ဆိုးလည်း ထွက်တတ်ပါတယ်။

ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုကတော့ ပိုးသတ်ဆေးသောက်ရင်း ခံတွင်းမှာရှိတဲ့ normal flora (လူ့အတွက်ကောင်းကျိုးပေးတဲ့ ဘက်တီးရီးယား) တွေပါ သေစေရာကနေ ဖြစ်လာတာပါ။ နောက်တစ်ခုက အမျှင်ဓာတ် ပါတဲ့ အသီးအရွက်တွေ အစားအသောက်ထဲ မပါလို့ပါ။ ပြီးတော့ ကွမ်းနဲ့ အရက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကုသနည်းကတော့ ရေများများသောက်ပါ။ တစ်နေ့ နှစ်လီတာ ခန့်ပါ။ ပြီးတော့ အသီးအနှံ စားပေးပါ။ ဆေးလိပ် ကွမ်း ဖြတ်ပါ။ နောက် ကုသနည်းတစ်ခုက နာနတ်သီးကို ခပ်ပါးပါးစိပ်ပြီး လျှာပေါ်မှာ လေးဆယ့်ငါးစက္ကန့်လောက် တင်ထားပေးပါ။ ပြီးနောက် ဝါးစားပါ။ ရှစ်စိတ်ခန့်လောက် အထိ ၎င်းနည်းအတိုင်း လုပ်ပေးပါ။ ထိုနည်းအတိုင်း ဇွဲရှိရှိ လုပ်ပေးရင် တဖြည်းဖြည်း သက်သာလာပါလိမ့်မယ်။

Reference ???? Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 337 https://www.medicalnewstoday.com/articles/319699

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.