မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)

ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့…..မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ…
..
..

မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။

ဒီလို အဆိပ်ရှိမြွေအမျိုးအစားတွေဟာ နိုင်ငံအတွင်းမှာ မျိုးစိတ်ပေါင်း အနည်းဆုံး (၄၄) မျိုး ရှိတယ်လို့ ပညာရှင်များက သုတေသနပြုထားပါတယ်။

ဒီထဲကမှ (၁၈) မျိုးကတော့ ပင်လယ်ကမ်းစပ်နဲ့ မြစ်ကမ်းအင်းအိုင်တွေမှာ နေထိုင်ကျက်စားတဲ့ ရေနေ (seasnake) အမျိုးအစားဖြစ်ပြီး၊ ကျန် (၂၆) မျိုးကတော့ ကုန်းတွင်းပိုင်းမှာ ရှင်သန်ကျင်လည်ကြတဲ့ (terriestial) မြွေအမျိုးအစားတွေ ဖြစ်ကြပါတယ်။

ဒါ့ကြောင့် လူသိများတဲ့ အဆိပ်ပြင်းမြွေတွေအပြင် အခြားအဆိပ်ရှိတဲ့ မြွေမျိုးစိတ်တွေ အများကြီးရှိနေတယ်ဆိုတာ သိထားစေလိုပါတယ်။
..
..

အချို့ အဆိပ်ရှိမြွေတွေဟာ အဆိပ်မရှိတဲ့မြွေတွေနဲ့ ပုံသဏ္ဍာန်အားဖြင့်လည်း တူနေတတ်ပါတယ်။

ဥပမာအားဖြင့်. . .ငန်းတော်ကျားလိုမျိုး ခန္ဓာကိုယ်မှာ အဝါ/အဖြူ အစင်းအကျားရှိတဲ့ မြွေအမျိုးအစားဟာ (၅) မျိုးရှိနေပြီး၊ ဒီအထဲကမှ (၃) မျိုးဟာ လူကိုအန္တရာယ်မဖြစ်စေတဲ့ အဆိပ်မရှိတဲ့ မြွေအမျိုးအစားတွေ ဖြစ်ပါတယ်။

ဒါမျိုးတွေကို အတိအကျ ခွဲခြားဖို့အတွက်ဆိုရင်တော့ မြွေကို အနီးကပ်အသေးစိတ် လေ့လာရမှာဖြစ်ပြီး တစ်ခါတလေ ကျွမ်းကျင်ပညာရှင် (wildlife expert) ရဲ့ အကူအညီကို တောင်းခံရနိုင်ပါတယ်။
..
..

ဒီလိုပါပဲ….အုပ်စုအနွယ်တူတဲ့ အဆိပ်ပြင်းမြွေတွေထဲမှာတောင်မှ မျိုးစိတ်ကွာခြားမှုပေါ် မူတည်ပြီး အလေ့အကျင့်လည်း ကွဲပြားတတ်ကြပါသေးတယ်။

ဥပမာအားဖြင့်… စိုစွတ်တဲ့ မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ အတွေ့ရများတဲ့ မြွေဟောက်တွေနဲ့ အပူပိုင်းဒေသမှာတွေ့ရတတ်တဲ့ မြွေဟောက်တွေဟာ မတူပါဘူး။

(မြန်မာပြည်အလယ်ပိုင်းမှာ တွေ့ရတတ်တဲ့ ???????????????? ???????????????????????????????????????????????????? ဆိုတဲ့ မြွေဟောက်အမျိုးအစားဟာ အဆိပ်ရည်ကို မှုတ်ထုတ်နိုင်တဲ့အစွမ်းရှိပြီး သားကောင်ရဲ့ မျက်လုံးတည့်တည့်ကို ချိန်ရွယ်ပြီး မှုတ်ထုတ်လေ့ ရှိပါတယ်။ ဒါမျိုးကို တခြားသာမာန်မြွေဟောက်တွေ မလုပ်နိုင်ပါဘူး။ တံတွေးဂလင်း ဖွဲ့စည်းပုံ ကွာခြားတဲ့အတွက်ပါ)

*** ဒါ့ကြောင့် အဆိပ်ရှိမြွေအမျိုးအစား (မျိုးစိတ်) ပေါင်း များစွာရှိတယ်ဆိုတဲ့အချက်ရယ်၊ အသေးစိတ် ခွဲခြားဖို့အတွက်ဆိုရင် ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီ လိုအပ်တယ်ဆိုတာလေးရယ်ကို အခြေခံအားဖြင့် မှတ်သားထားစေလိုပါတယ် ***

တကယ်တော့ မြွေတွေဟာ ပတ်ဝန်းကျင် ဂေဟစနစ်အတွက် အင်မတန်အရေးပါပြီး အင်းဆက်၊ ပိုးမွှား၊ သားကောင်ငယ်လေးတွေကအစ အသီးအနှံဖျက်ဆီးတတ်တဲ့ ကြွက်လို သတ္တဝါမျိုးတွေအထိ ဖယ်ရှားရှင်းလင်းပေးတာမို့ ဂေဟစနစ်အတွက် အကျိုးပြုတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

နောက်ပြီး…မြွေတွေဟာ လူသားတွေကိုလည်း သာမာန်အားဖြင့် အန္တရာယ် မပြုတတ်ပါဘူး။

တကယ်လို့ မလွှဲသာ မရှောင်သာ မြွေအန္တရာယ်နဲ့ ကြုံတွေ့လာတဲ့အခါ…ဘယ်လိုတွေ ပြုမူလုပ်ဆောင်သင့်တယ်ဆိုတာကတော့ အောက်မှာ ရေးသားဖော်ပြပေးထားတာမို့ ဆက်လက်ဖတ်ရှုလေ့လာပေးပါဦး….
????????????

???? မြွေကိုက်ခံရပြီဆိုရင်…

ရှေးဦးစွာ အကောင်ကိုက်ခံရပြီဆိုရင် မြွေကိုက်တာလား၊ အခြားအကောင်လားဆိုတာကို အရင်ဆုံးခွဲခြားရပါတယ်။

မြွေသေချာပြီဆိုရင် ဘာမြွေလဲ၊ အဆိပ်ရှိသလား/မရှိဘူးလား အဓိက ကြည့်ရပါတယ်။

အဆိပ်ရှိမြွေ အကိုက်ခံရတယ်ဆိုရင် မြွေဆိပ်ပြင်းထန်မှု ဘယ်လောက်ရှိသလဲဆိုတာ ဆက်ပြီးစဥ်းစားရပါတယ်။

ကိုက်ခံရတဲ့မြွေဆိပ် ဘယ်လောက်ပြင်းတယ် ဆိုတာက ကိုက်လိုက်တဲ့ မြွေအမျိုးအစားရယ်၊ မြွေဆိပ် ဘယ်လောက်များများဝင်သွားလဲပေါ်မှာ မူတည်ပါတယ်။ နောက်တစ်ချက်ကတော့ မြွေကိုက်ခံရတဲ့ အချိန်နဲ့ ကိုက်ခံရတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာလည်း မူတည်ပါတယ်။

ဥပမာအားဖြင့် ငန်းတော်ကျားနဲ့ အဆိပ်မှုတ်မြွေဟောက်တွေဟာ ညအချိန်မှာ လှုပ်ရှားသွားလာကြ (active ဖြစ်ကြ) ပြီး၊ တောကြီးမြွေဟောက်လိုအကောင်မျိုးက နေ့အချိန်မှာ ပိုပြီး active ဖြစ်ကြပါတယ်။ သက်ဆိုင်ရာမြွေအမျိုးအစားအလိုက် သူတို့ active ဖြစ်ချိန်မှာ အကိုက်ခံရရင်တော့ အဆိပ်ပြင်းနိုင်ခြေ ပိုများပါတယ်။

ဒါ့အပြင် ခြေမမှာကိုက်ခံရတာနဲ့ ပေါင်ရင်းမှာကိုက်ခံတာဆိုရင် ပေါင်ရင်းမှာ ကိုက်ခံရတဲ့လူနာက မြွေဆိပ်ပျံ့နှုန်း ပိုများပါတယ်။

*** အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ အဆိပ်ရှိတဲ့မြွေ အကိုက်ခံရတဲ့ လူနာ ၅၀% မှာ ဒဏ်ရာဟာ Dry Bites ဖြစ်နေတတ်ပါတယ်။ Dry Bites ဆိုတာဟာ မြွေတွေက ကိုက်တဲ့အချိန်မှာ အဆိပ်မထုတ်ဘဲ ကိုက်ခြင်းကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် သားကောင်လိုက်တာမျိုးမဟုတ်ဘဲ လူတွေကို ခုခံတဲ့သဘောနဲ့ ကိုက်တာမျိုးပါ။ ဒါကြောင့် အဆိပ်ပြင်းတဲ့ မြွေကိုက်ခံရပေမယ့် အဆိပ်တက်တဲ့ လက္ခဏာမျိုး မရှိရင် Dry Bites နဲ့ ကိုက်ခံရတယ်လို့ သိနိုင်ပါတယ် ***

???? မြွေဆိပ်သင့်သော လက္ခဏာများ

– မြွေကိုက်ခံရတဲ့ အစွယ်ရာပတ်လည်မှာ နီနေခြင်း၊ ရောင်နေခြင်း၊ နာခြင်း

– မြွေပွေးအုပ်စုဝင် မြွေအမျိုးအစားများ ကိုက်ခံရပါက ကိုယ်ခန္ဓာမှ သွေးများ ယိုစိမ့်ခြင်း၊ ကျောက်ကပ်ပျက်စီးလက္ခဏာဖြစ်သော ဆီးမသွားခြင်းနှင့် ခန္ဓာကိုယ် ဖောရောင်လာခြင်း

– မြွေဟောက်အုပ်စုဝင် မြွေအမျိုးအစားများ ကိုက်ခံရပါက အာရုံကြောလက္ခဏာများဖြစ်သည့် မျက်ခွံများ တွဲကျခြင်း၊ စကားပြောလေးလာခြင်း၊ သွားရည်ကျခြင်း၊ ခြေလက်များ မလှုပ်ရှားနိုင်ဖြစ်ခြင်း၊ အသက်ရူရပ်ခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ခံစားရနိုင်ပါတယ်။

???? မြွေဆိပ်ပြင်းထန် လက္ခဏာများ

– အစွယ်ရာကြီးခြင်း (သို့မဟုတ်) ကိုက်ခံရသော အစွယ်ရာ တစ်ခုထက် ပိုများခြင်း

– အကိုက်ခံရသောဒဏ်ရာ သာမာန်ထက် ပိုပြီးမြန်မြန် ရောင်လာခြင်း

– ဒဏ်ရာနှင့် သက်ဆိုင်သော ပြန်ရည်ကျိတ် (lymph node) များ မြန်မြန်ရောင်လာခြင်း၊ ကြီးလာခြင်း၊ နာလာခြင်း

– Shock ဖြစ်ခြင်း (သွေးပေါင်ကျပြီး နှလုံးခုန်နူန်းမြန်ခြင်း) ပျို့ချင်အန်ချင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ (သို့မဟုတ်) မှိန်းလာခြင်း

– ခန္ဓာကိုယ်မှ အလိုအလျောက် သွေးထွက်လာခြင်း

– မြွေကိုက်ခံရပြီးနောက်ပိုင်း ဆီးလုံးဝမသွားတော့ခြင်း

❗️ မြွေကိုက်ခံရသော လူနာအား ရှေးဦးပြုစု စောင့်ရှောက်နည်း

(၁) မြွေကိုက်ခံရတဲ့ လူနာကို စိတ်ငြိမ်ငြိမ် ထားဖို့ အားပေးပါ။ လူနာကို လှုပ်ရှားမှု မပြုလုပ်ဖို့ ပြောပါ။ လူနာ လှုပ်ရှားလေလေ အဆိပ်တွေ ပိုပြီးပျံ့နှံ့လေလေပါပဲ။

(၂) မြွေကိုက်ခံရတဲ့ လူနာကို နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့နေရာကို အမြန်ခေါ်ဆောင်နိုင်ဖို့ စီစဥ်ပါ။

(၃) ဆေးရုံမပို့မီ စပ်ကြားကာလမှာ လူနာရဲ့ရောဂါရာဇဝင်အကြောင်း၊ မြွေကိုက်ခံရတဲ့ ဒဏ်ရာနဲ့ ကိုက်တဲ့မြွေကို တွေ့အောင်ရှာပါ။ မြွေအသေ (သို့) ဓာတ်ပုံရိုက်ယူနိုင်ရင် ယူလာခဲ့ပါ။ အကယ်၍ တွေ့အောင် မရှာနိုင်ရင်လည်း အချိန်ကုန်ခံပြီး ဆက်မရှာပါနဲ့ ။ လူနာအတွက် ဆေးကုသမှု နှောင့်နှေးမှာ စိုးလို့ပါ။

(၄) မြွေကိုက်ခံရတဲ့ ဒဏ်ရာကို ရေသန့်နဲ့ ဆေးပါ။ ဒဏ်ရာပေါ်ကို ပတ်တီးစနဲ့အုပ်ပြီး ကိုက်ခံရတဲ့ လက် (သို့) ခြေထောက်ကို မလှုပ်ရှားနိုင်အောင် သစ်သားပြားတစ်ခုခံပြီး အဝတ် (ဒါမှမဟုတ်) ပတ်တီးနဲ့စည်းပါ။

(၅) အဆိပ်မှုတ်မြွေဟောက်ရဲ့ မြွေဆိပ်တွေ မျက်စိထဲဝင်တာမျိုး ကြုံခဲ့ရင် မျက်လုံးကို ရေ (သို့) သန်ရှင်းတဲ့ ရရာအရည်တစ်ခုခုနဲ့ အမြန်ဆေးကြောပါ။ ဆေးရုံမရောက်မီ ကြားကာလမှာ ရေနဲ့အထပ်ထပ်အခါအခါ ဆေးကြောပေးနေရင် ပိုကောင်းပါတယ်။ မျက်လုံးထဲကို ဆေးရွက်တွေ၊ အရွက်ကြိတ်ထားတဲ့အရည်တွေ မထည့်ရပါဘူး။

နောက်ပြီး မြွေကို ဖမ်းလိုဇောနဲ့ မြွေနား ထပ်ကပ်တာမျိုး မလုပ်ပါနဲ့။ မြွေကို အန္တရာယ်မပြုပါနဲ့ (အဆိပ်ထပ်မှုတ်ရင် အခြားသူတွေပါ အဆိပ်မိမှာ စိုးလို့ပါ)

(၆) ဆေးရုံရောက်သည်အထိ လူနာကို ဘာမှ တိုက်တာ ကျွေးတာမျိုး မလုပ်ရပါဘူး။

(၇) ပြီးရင် လူနာကို မလှုပ်ရှားစေဘဲ မြွေဆိပ်ဖြေဆေးရှိမယ့် နေရာကို အမြန်ဆုံး ပို့ဆောင်ပေးရပါမယ်။ ဖြစ်နိုင်ရင် အထူးကြပ်မတ်ကုသဆောင် (သို့) အသက်ရှူစက် (ventilator) ရှိတဲ့ ဆေးရုံကို ပို့ဆောင်ပေးတာ အကောင်းဆုံးပါ။
.

– မြွေဆိပ်ဖြေဆေး –

အဆိပ်သင့်လူနာကို မြွေဆိပ်ဖြေဆေး စောနိုင်သလောက် စောပြီးထိုးခြင်းက အသက်ကိုကယ်နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများကိုပါ လျော့နည်းစေနိုင်ပါတယ်။ ဒါပေမယ့် မြွေအကိုက်ခံရသူတိုင်း မြွေဆိပ်ဖြေဆေးထိုးဖို့ မလိုအပ်ပါဘူး။

အထက်မှာဆိုခဲ့သလို ကိုက်ခဲ့တဲ့မြွေဟာ အဆိပ်ရှိမြွေဖြစ်နေတယ်ဆိုရင်တောင် Dry bite ဖြစ်နေနိုင်တာမို့… လူနာကို အနီးကပ်သေချာ စောင့်ကြည့်စစ်ဆေးပြီး မြွေဆိပ်သင့်လက္ခဏာတွေ စတင်တွေ့ရှိမှသာ မြွေဆိပ်ဖြေဆေး ထိုးရပါမယ်။

မြွေဆိပ်ဖြေဆေးဟာလည်း ဓာတ်မတည့်မှုကတစ်ဆင့် shock ဝင်ပြီး အသက်အန္တရာယ်ဖြစ်စေတာမို့ အရေးပေါ်အသက်ကယ်ဆေး ရှိတဲ့အခြေအနေနဲ့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းကပဲ မြွေဆိပ်ဖြေဆေးကို ထိုးနှံပေးရပါမယ်။

နိုင်ငံတစ်ခုနဲ့တစ်ခု မြွေအမျိုးအစား မျိုးစိတ်ချင်းလည်း မတူတာမို့ တခြားနိုင်ငံက မြွေဆိပ်ဖြေဆေးထက် မြန်မာနိုင်ငံက ထုတ်လုပ်ထားတဲ့ MPF မြွေဆိပ်ဖြေဆေးကိုပဲ ဦးစားပေး ထိုးနှံရပါမယ်။ ဒါမှသာ ဆေးအာနိသင် အပြည့်အဝ ရရှိမှာပါ။

❌❌❌မြွေကိုက်ခံရသည့် လူနာနှင့်ပတ်သတ်၍ လုံးဝ မလုပ်သင့်သော အချက်များ

❌ မြွေကို အတင်းလိုက်ဖမ်းတာ၊ သတ်တာတို့ကို လုံးဝမလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် ကိုယ်ပါ အကိုက်ခံရနိုင်ပါတယ်။ လူနာအတွက်လည်း အချိန်ကြန့်ကြာစေပါတယ်။

❌လူနာကို တိုင်းရင်းဆေးဝါးတွေ၊ ဆေးဖက်ဝင်တဲ့ အရွက်တွေ တိုက်တာမျိုး၊ အနာထဲ ထည့်တာမျိုး လုံးဝ မလုပ်ရပါဘူး။ လူနာအတွက် အကျိုးမရှိတဲ့အပြင် တစ်ခြားသော ​နောက်ဆက်တွဲတွေဖြစ်တဲ့ ပိုးဝင်ခြင်းလည်း ဖြစ်စေနိုင်လို့ပါ။

❌ မြွေကိုက်ခံရတဲ့ဒဏ်ရာကို ပါးစပ်နဲ့စုပ်တာ၊ ညှစ်တာ၊ ဓားနဲ့ ခွဲထုတ်တာမျိုး လုံးဝ ရှောင်ကြဥ်ရပါမယ်။ မဟုတ်ရင် တခြားသောရောဂါပိုးတွေ ဝင်စေတာမျိုးနဲ့ မြွေဆိပ်ကို မြန်မြန်ပျံ့သွားစေလို့ပါ။

❌မြွေဆိပ်ဖြေဆေးကို ဒဏ်ရာထဲ ထိုးတာမျိုးမလုပ်ရပါဘူး။ မြွေဆိပ်ဖြေဆေးဆိုတာ အကြောထဲကို ထိုးရတာဖြစ်ပါတယ်။ နောက်ပြီးတော့ မြွေဆိပ်ဖြေဆေးဆိုတာက မြင်းရဲ့သွေးရည်ကြည်က ထုတ်ထားတာဖြစ်လို့ မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ် အသက်ကယ်ဆေးရှိတဲ့ ဆေးရုံမှာပဲ ထိုးသင့်တာပါ။

❌ မြွေကိုက်ခံရတဲ့ လက် (သို့မဟုတ်) ခြေထောက်ကို တင်းကျပ်စွာ စည်းခြင်းကိုလည်း ရှောင်ရပါမယ်။

အကယ်၍ လူနာက နာရီဝက်ကနေ ၃ နာရီအတွင်း ဆေးရုံကို ရောက်နိုင်တဲ့လူနာဖြစ်ရင် ကျွမ်းကျင်တဲ့ ဆေးဝန်ထမ်းက စည်းပေးနိုင်တာမျိုးဆိုရင်တော့ အကိုက်ခံရတဲ့ ဒဏ်ရာကနေ ခြေထောက်တစ်ချောင်းလုံးကို သစ်သားပြားခံပြီး စည်းနိုင်ပါတယ်။ စည်းတဲ့အခါမှာလည်း အရမ်းကျပ်တာမျိုး မဟုတ်ဘဲ လက်တစ်လုံးဝင်နိုင်လောက်အောင် အရမ်းမကျပ်အောင် စည်းထားသင့်ပါတယ်။

(အဆိပ်တွေ ခန္ဓာကိုယ်အနှံ့ မပျံ့နှံ့အောင် တင်းကျပ်စွာစည်းလိုက်တဲ့အခါ ဒီအဆိပ်တွေဟာ ဒဏ်ရာတစ်ဝိုက်မှာပဲ စုပြုံပြီး အနီးအနားက တစ်သျူးတွေကို ပျက်စီးသွားစေလို့ပါ။ ချွင်းချက်အနေနဲ့ ငန်းတော်ကျားလို မြွေအဆိပ်မျိုးဟာ ဒဏ်ရာအနီးက တစ်သျူးတွေကို ပျက်စီးမှုသိပ်မရှိဘူးလို့တော့ ပညာရှင်များက ဆိုထားပါတယ်)

မြွေကိုက်ခံရတဲ့လူနာကို ဘယ်လို ပတ်တီးစည်းရမလဲကို ကွန်မန့်မှာ ပြထားတဲ့ YouTube link ကနေ တစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။
..
..

“ အားလုံးပဲ မြွေအန္တရာယ်ကို အထူးဂရုပြုပြီး…..မြွေကိုက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေ”

မြွေကိုက်ခံရတဲ့လူနာကို ဘယ်လို ပတ်တီးစည်းရမလဲဆိုတာ ကြည့်ရှုနိုင်ရန်…

YouTube link : https://youtu.be/qnOeiMa8mMc

Reference : ????
Management of snake bite ,Quick reference guide,2016, Ministry of Health and Family Welfare, Government of India

Snake bite guideline,MOH,NUG

Handbook to the dangerously venomous snakes of Myanmar

Ministry of Health,

National Unity Government.

Published on: 10 May 2023

Last updated: 10 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...