SLE (သို့) အရေပြားလေးဘက်နာ
အရေပြားလေးဘက်နာရောဂါ ကို ဆေးပညာလို ( Systemic Lupus Erythematosus) လို့ ခေါ်ပြီး အတိုကောက်အနေနဲ့ SLE / Lupus လို့ မှတ်ထားနိုင်ပါတယ် ။ မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune disease) ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်း
အကြောင်းရင်းကို တိတိပပ မသိရသေးပေမယ့် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ဟော်မုန်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး အသက် ၁၅ နှစ် ကနေ ၄၄ နှစ်ကြားတွေမှာ ပိုတွေ့ရတတ်တယ်။ အမျိုးသားတွေမှာ SLE ဖြစ်တာ ရှားတော့ရှားပေမယ့် ဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာများ
အရွယ်ခပ်ငယ်ငယ်ထဲက လက္ခဏာ စ ပြတတ်ပြီး ရောဂါ သက်သာတဲ့ အချိန် ၊ ရောဂါကြွနေတဲ့ အချိန်ဆိုပြီး ရှိပါတယ်။ ကိုယ်ခံအားစနစ်ဟာ အရေပြား နဲ့ အဆစ်အမြစ် တွေအပြင် ကျောက်ကပ်၊ ဦးနှာက်၊ ရိုးတွင်းခြင်ဆီ၊ နှလုံး သွေးကြောများ နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ မှားယွင်း တိုက်ခိုက်တဲ့အတွက် သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါအလိုက် ဝေဒနာများကို ခံစားရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရောဂါပြတဲ့ လက္ခဏာ အနည်းငယ်ကွာခြားတတ်ပြီး ရောဂါအတိမ်အနက် (Severity) ကလဲ သူထိခိုက်တဲ့ ကိုယ်တွင်းအင်္ဂါတွေ ပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့
• မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အနီကွက်တွေထွက်ခြင်း ( အထူးသဖြင့် နှာခေါင်းနဲ့ ပါးမှာထွက်တဲ့ လိပ်ပြာနဲ့ တူတဲ့ အနီကွက်ကြီး butterfly rash)
• နေပူထဲသွားရင် အနီကွက်တွေထွက်ခြင်း ၊ နေရောင်ခံရင် ရောဂါပိုဆိုးခြင်း၊
• ဆံပင်ကျွတ်ခြင်း၊
• ပါးစပ်ထဲမှာ အနာလေးတွေ ခဏခဏ ပေါက်ခြင်း၊
• အဆစ်အမြစ်တွေ ရောင်ခြင်း ၊ နာခြင်း၊
• မကြာခဏ ဖျားခြင်း
• နုန်းပြီး ကိုယ်လက်မသယ်ချင်ဖြစ်ခြင်း စတာတွေအပြင် ခန္ဓာကိုယ်အနှံ့ရောင်ရမ်းစေတတ်ပါတယ်။
အဲ့အတွက်
– နှလုံးအမြေးပါး ယောင်ခြင်း၊ အဆုတ်အမြှေးပါး ယောင်ခြင်း များကြောင့် ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း။
– ဦးနှောက် ရောင်ခြင်း၊ အာရုံကြော ရောင်ခြင်း များကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့လေဖြတ်ခြင်း၊ အတက်ရောဂါများ၊ ခေါင်းကိုက်ရောဂါများခံစားရခြင်း ။ – – ကျောက်ကပ်ရောင်ခြင်းကြောင့် ဆီးထဲ အသားဓာတ်များခြင်း ၊ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးခြင်း၊ ဖောခြင်း၊ ဆီးနည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း။
– သွေးအားနည်းခြင်း၊ ရိုးတွင်းခြင်ဆီအားနည်းခြင်း။ သွေးကြောလေးတွေ ရောင်ရမ်းခြင်း။
– အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ခြင်းကြောင့် ဗိုက်နာ ၊ ဝမ်းလျောခြင်း။
– သွေးပြစ်ခြင်း၊ သွေးခဲခြင်းများ စတာတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်တတ်ပါတယ် ။
ကိုယ်ခံအားစနစ် မမှန်တဲ့အတွက် သူများထက် နမိုးနီးယား၊ တုတ်ကွေး၊ ကိုဗစ်-19 စတဲ့ ရောဂါများ ပိုကူးလွယ်ပြီး ဖြစ်ရင်လည်း သူများထက်ပိုဆိုးတတ်ပါတယ် ။
တချို့တွေကတော့ အရေပြားလေးဖက်နာ ဆိုပေမယ့်အဆစ်အမြစ်နဲ့ အရေပြားမှာ လက္ခဏာတွေ သိသိသာသာ မပြဘဲ တခြားကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းထိခိုက်မှ ရောဂါစသိတာလည်း ဖြစ်နိုင်ပါတယ်။
အရေပြား လေးဖက်နာ နှင့် ကိုယ်ဝန်ဆောင်ခြင်း
အရေပြားလေးဖက်နာ ဝေဒနာသည်အမျိုးသမီးတွေဟာ ပုံမှန်ကိုယ်ဝန်ဆောင်တွေထက် သားပျက်သားလျောဖြစ်ခြင်း နှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးခဲခြင်း များကို ပိုမိုခံစားရနိုင်ပါတယ်။ ကုသရတဲ့ ဆေးဝါးများကြောင့် သန္ဓေသားကို ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ် ။ ပုံမှန်သုံးနေကျ ဟော်မုန်းတားဆေးတွေကလည်း ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ မိခင်မှာ ရောဂါရှိရင် မိမိရင်သွေးမှာလဲ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ အဲ့တာကြောင့် အိမ်ထောင်ပြု၊ ကိုယ်ဝန်ဆောင်တာတွေ မလုပ်ခင် ရောဂါကို ထိန်းနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြပြီး ကုသမှုခံယူဖို့ အထူးလိုအပ်ပါတယ် ။
ရောဂါရှာဖွေခြင်း
အထက်ပါ လက္ခဏာများ ရှိမရှိ ဆရာဝန်များက ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း နှင့် သွေးထဲမှာ အရေပြားလေးဖက်နာဆိုင်ရာ အန်တီဘော်ဒီ (Antibody)ဓာတ်တွေ စစ်ဆေးခြင်းအားဖြင့် အရေပြား လေးဖက်နာရောဂါကို အတည်ပြုနိုင်ပါတယ်။ ရောဂါအတိမ်အနက်သိအောင် သွေးအား၊ ကျောက်ကပ်၊ အသည်း၊ နှလုံး တွေ ဆီးစစ်တာတွေ ဓာတ်မှန်ရိုက်တာတွေ လုပ်ပြီးလည်း ရောဂါရှာဖို့လိုပါတယ် ။
ဒီရောဂါက ကုသနိုင်သလား၊ ကုလို့ပျောက်နိုင်သလား?
ကုသလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ကုသလို့ အရှင်းပျောက်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန် ဆေးကုသမှုခံယူမယ်ဆိုရင် လူတန်းစေ့နေနိုင်ပါတယ် ။
အသက်အန္တရယ်ထိခိုက်နိုင်လား ?
Yes. ရောဂါပြင်းထန်ရင် သေနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ရောဂါဖြစ်လာပြီဆို မပေါ့ဘဲ တလေးတစားကုဖို့ လိုပါတယ် ။
ဆေးကုသမှုနည်းလမ်းများ
ဆေးကုသမှုတွေကတော့ ရောဂါနုရင် အကိုက်အခဲပျောက်ဆေး၊ ကလိုရိုကွင်းဆေးများ သောက်သုံးရပြီး ရောဂါပြင်းထန်ရင် စတီးရွှိုက် စတဲ့ အရောင်ကျဆေး နှင့် ကိုယ်ခံစားစနစ်ကို ထိန်းချုပ်ပြုပြင်ပေးမယ့် အခြားခေတ်မှီဆေးဝါးတွေကို အသုံးပြုပြီး ကုသရပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့ သွေးတိုးခြင်း၊ ကျောက်ကပ် အားနည်း ပျက်စီးခြင်း၊ သွေးအားနည်းခြင်း၊ သွေးပြစ် သွေးခဲခြင်းများ စသည်များအတွက်လည်း လိုအပ်သလို ကုသမှုတွေလုပ်ရပါမယ် ။
အရေပြားလေးဖက်နာရောဂါသည်များဟာ စတီးရွိုက်ဆေးများကို ရေရှည်သောက်သုံးဖို့ လိုတတ်ပြီး စတီးရွိုက်ကြောင့် သွေးတိုး၊ ဆီးချိုနှင့် အရိုးပွရောဂါများ ၊ အစာအိမ်ရောဂါများ နောက်ဆက်တွဲအနေနဲ့ဖြစ်တတ်ပါတယ်။ အခြားဆေးဝါးများကလည်း ကိုယ်ခံအားစနစ်ကို ပြုပြင်တဲ့ ဆေးတွေဖြစ်လို့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရအောင် ဘာဆေးပဲသောက်သောက် ဆေးသောက်နေစဉ်အတွင်း ရောဂါလက္ခဏာများအတွက်ရော ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများအတွက်ပါ လိုအပ်တဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပုံမှန်လုပ်သွားရမှာ ဖြစ်ပါတယ်။ ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားသလို အတိအကျ လိုက်နာ သောက်သုံးရပါမယ်။
ဆောင်ရန် ရှောင်ရန်များ
နေရောင်ခြည်က ရောဂါကို ကြွစေတာကြောင့် နေပူဒဏ်မခံရအောင် အထူးရှောင်ကြဉ်ရပါမယ်။ နေပူထဲသွားရင် အင်္ကျီလက်ရှည်၊ ဦးထုတ်စတဲ့ အကာအကွယ်များနှင့် UV ကာကွယ်တဲ့ sunscreen များကို လိမ်းပေးဖို့လိုပါတယ်။
မိမိရဲ့ ကိုယ်ခံအားစနစ်ဟာ သူများထက် ထိခိုက်လွယ်တာ ဖြစ်လို့ ကူးစက်တတ်တဲ့ ရောဂါပိုးများကို ကာကွယ်ရန်အတွက် လူထူထပ်တဲ့နေရာများကို ရှောင်ကြဉ်ခြင်း၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းများ၊ ဖျားနေသူများနှင့် ခပ်ခွာခွာနေခြင်း အပြင် လိုအပ်သောကာကွယ်ဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ထိုးနှံထားသင့်ပါတယ် ။
သာမာန်ဖျားတာကအစ မပေါ့ဘဲ ဂရုစိုက်ရပါမယ်။
ဆေးလိပ်သောက်ခြင်း ၊ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းများကို ရှောင်ကြဉ်ရပါမယ်။
အာဟာရပြည့်ဝအောင် စားသုံးရပါမယ်။
ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးရပါမယ်။ ရက်ချိန်း မှန်မှန် သေချာပြရပါမယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် အရေပြားလေးဖက်နာဟာ မိမိ ဘဝတစ်သက်လုံး ရေရှည် ကုသရမယ့် ရောဂါဖြစ်တယ်။ မိမိရောဂါအကြောင်းကို ကိုယ်တိုင် သဘောပေါက် နားလည်အောင် လုပ်ထားပြီး ရောဂါနဲ့ အတူယှဉ်တွဲ နေထိုင်တတ်ဖို့ လိုပါတယ်။ ကျွမ်းကျင်ရာဆရာဝန်များနဲ့ သေချာပြသဆွေးနွေးခြင်း၊ လိုအပ်သောဆေးဝါးများကို ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါရှိပေမယ့်လည်း ဝေဒနာတွေ သိသိသာသာ မခံစားရဘဲ အသက်ရှည်ရှည် နေနိုင်မှာဖြစ်ပါတယ် ။
Re : Lupus information package , Lupus foundation of America network.
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.