Happy hormone လို့ လူအများသိကြတဲ့ ဟော်မုန်းတွေထဲက serotonin ဟော်မုန်းလေးကိုတော့ လူအများကြားဖူးကြမယ် ထင်ပါတယ်။ social media တွေမှာဆိုရင် လူငယ်တော်တော်များများက တစ်စုံတစ်ယောက်ကြောင့်၊ တစ်စုံတစ်ခုကြောင့် ပျော်ရွှင်ရတယ်ဆို “You are my serotonin booster” ဆိုပြီး တင်စားသုံးစွဲကြတာကိုလည်း တော်တော်များများ တွေ့ဖူးကြမှာပါ။
Serotonin ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်းထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ အာရုံကြောဆဲလ်တွေနဲ့ ဦးနှောက်ဆဲလ်တွေ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ဟော်မုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဒီဟော်မုန်းဟာ လေ့လာသင်ယူတာ၊ ပျော်ရွှင်တဲ့စိတ်ခံစားမှုကိုဖြစ်စေတာ၊ အူမှာဆိုရင် အစာခြေပေးတာ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာ အစရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးတဲ့အတွက်လည်း အရေးကြီးတဲ့ chemical တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီဟော်မုန်းနည်းနေတယ်ဆိုရင် စိတ်ဓာတ်ကျတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ကြွတာ စတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အရာရာမှာ တန်ဆေးလွန်ဘေးဆိုသလိုပဲ များသွားလွန်းရင်လည်း အန္တရာယ်ဖြစ်တတ်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ serotonin များနိုင်လဲဆိုရင် မိမိသောက်နေကျဆေးတွေဟာ serotonin level ကို သိသိသာသာ တက်စေနိုင်တဲ့အခြေအနေမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။ Serotonin syndrome ဆိုတာကတော့ မိမိသောက်သုံးလိုက်တဲ့ဆေးတွေကြောင့် မိမိခန္ဓာကိုယ်မှာ serotonin level ဟာ လိုအပ်တာထက်များပြားနေတဲ့ အခြေအနေတစ်ခုကို ပြောတာဖြစ်ပါတယ်။ ဥပမာပြောရရင် ခေါင်းတစ်ခြမ်းကိုက်တဲ့အခါမှာသောက်တဲ့ဆေးနဲ့ စိတ်ကျရောဂါအတွက်ဆေးတို့ကိုရောပြီးသောက်တဲ့အခါမျိုးမှာဆိုရင် ဒီ serotonin syndrome ဖြစ်တတ်လေ့ရှိပါတယ်။ ဒါ့အပြင် တချို့သောတရားမဝင်ဆေးဝါးတွေနဲ့ ဖြည့်စွက်စာတွေကြောင့်လည်း serotonin syndrome ဖြစ်တတ်တဲ့အတွက်ကြောင့် ဘယ်ဆေးကိုမဆို ဆရာဝန်ညွှန်ကြားမှသာလျှင် သောက်သုံးသင့်ပါတယ်။
…
…
Serotonin syndrome မှာ ခံစားရတဲ့ လက္ခဏာတွေကတော့ . . .
- ဂဏာမငြိမ်ဖြစ်တာ
- အိပ်မပျော်တာ
- စိတ်ကယောင်ခြောက်ခြားဖြစ်တာ
- နှလုံးခုန်မြန်တာ၊ သွေးပေါင်ချိန်တက်လာတာ
- သူငယ်အိမ်ကျယ်တာ
- ကြွက်တက်တာ
- ကြွက်သားတွေတောင့်တင်းတာ
- ချွေးအလွန်အကျွံထွက်တာ
- ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ
- ခန္ဓာကိုယ်တုန်တက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
.
ဒါ့အပြင် serotonin syndrome ပိုပြီးပြင်းထန်ခဲ့မယ်ဆိုရင်တော့ . . .
- အဖျားကြီးတာ
- ခြေတွေ၊ လက်တွေတုန်တာ
- တက်တာ
- နှလုံးစည်းချက်မမှန်တာ
- သတိမေ့တာတို့အထိ ဖြစ်နိုင်ပါတယ်။
…
…
ဘာကြောင့် serotonin syndrome ဖြစ်ရသလဲ။
အဓိကကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ခန္ဓာကိုယ်မှာ serotonin တွေ အများအပြားစုပြုံလာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဦးနှောက်နဲ့ ပင်မကျောရိုးတိုင်မကြီးကနေ serotonin ကို ထုတ်ပေးပါတယ်။ ဒါ့အပြင် အူမှာရှိတဲ့ အာရုံကြောဆဲလ်အချို့ကလည်း serotonin ကို ထုတ်ပေးနိုင်ပါသေးတယ်။ တချို့သူတွေမှာတော့ serotonin ပါဝင်တဲ့ဆေးတစ်မျိုးတည်းကို အလွန်အကျွံသောက်သုံးတာကြောင့် serotonin syndrome ဖြစ်တတ်ပေမယ့် တချို့သူတွေမှာတော့ serotonin ပါဝင်တဲ့ဆေးတွေကို ရောစပ်ပြီးသောက်သုံးတာကြောင့် ဒီ syndrome ဖြစ်တတ်တာမျိုးပါ။ တစ်ယောက်နဲ့တစ်ယောက်ကတော့ ဖြစ်ပုံမတူညီတတ်ကြပါဘူး။
အများအားဖြင့်တော့ စိတ်ကျရောဂါအတွက် သောက်သုံးတဲ့ SSRI (selective serotonin uptake inhibitor) လို့ခေါ်တဲ့ဆေးတွေ အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် တခြားသော စိတ်ရောဂါအတွက်ဆေးတွေဖြစ်တဲ့ Bupropion, Tricyclic antidepressant လို့ခေါ်တဲ့ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
…
…
ဘယ်လိုလူတွေမှာ serotonin syndrome ပိုဖြစ်နိုင်ခြေများလဲဆိုရင် . . .
- Serotonin ပါဝင်တဲ့ဆေးတွေကို စသောက်သောက်ချင်းသူတွေ ဒါမှမဟုတ် ဆေးကိုပုံမှန် dose ထက်ပိုပြီးသောက်သုံးတဲ့သူတွေ
- Serotonin ပါဝင်တဲ့ဆေးကို တစ်မျိုးထက်ပိုပြီး သောက်သုံးတဲ့သူတွေ
- တရားမဝင်ဆေးတွေ သုံးစွဲတတ်တဲ့သူတွေမှာဆိုရင်တော့ serotonin syndrome ဖြစ်ပွားနိုင်ခြေရှိပါတယ်။
…
…
ဒီရောဂါဟာ စောစောစီးစီးအဆင့်မှာဆိုရင်တော့ serotonin ပါဝင်တဲ့ဆေးတွေကို ဖြတ်လိုက်တာ၊ ဒါမှမဟုတ် သောက်သုံးရမယ့် နေ့စဥ်ပမာဏကို လျှော့ချတာတို့နဲ့ ကုသလို့ရနိုင်ပါတယ်။
ဒါပေမဲ့ ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ဆေးရုံတက်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
စောစီးစွာ ကုသမှု မခံယူခဲ့ဘူးဆိုရင်တော့ . . .
- အတက်ရောဂါ
- အသက်ရှူရခက်တာ
- ကျောက်ကပ်ပျက်စီးတာ
- သတိလစ်မေ့ပြောပြီး ကိုမာ (coma) ဝင်တာနဲ့
- နောက်ဆုံး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက်ကြောင့် ဘယ်ဆေးကိုမှ ဆရာဝန်ညွှန်ကြားတာထက် ပိုပြီးမသောက်ဖို့ ထပ်လောင်းအကြံပြုလိုပါတယ်…။
References : 📚
https:// www. mayoclinic. org /diseases-conditions/serotonin-syndrome/symptoms-causes/syc-20354758
https:// www. mayoclinic. org /diseases-conditions/serotonin-syndrome/diagnosis-treatment/drc-20354764
https:// my. clevelandclinic. org /health/diseases/17687-serotonin-syndrome
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.