သင်သိပါသလား…..
အခု အောက်တိုဘာလဟာ Selective Mutism Awareness Month ဖြစ်ပါတယ်။
ဒါကြောင့် Selective Mutism ဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေကို လိုက်နာဆောင်ရွက်သင့်လဲ ဆိုတာလေးကို ပြည်သူလူထုက ပိုမိုသိရှိနားလည်ပြီး သက်ဆိုင်သူတွေကို ပိုကူညီနိုင်ဖို့အတွက် တယ်လီကျန်းမာရဲ့ အထူးကုဆရာဝန်တစ်ဦးက ဗဟုသုတ မျှဝေပေးထားပါတယ်နော်။
ဖတ်ကြည့် လေ့လာကြည့်ကြပါဦး… ????
.
———————-။ ။———————
.
စာသင်ခန်းထဲက စကားမပြောတဲ့ ကလေးလေး
(Selective Mutism)
ငယ်ငယ်ကပေါ့နော်…
ကိုယ့်ဘာကိုယ် အိမ်မှာနေရင် အဆင်ပြေနေပေမယ့် လူရှေ့ရောက်ရင် စကားပြောမရ၊ မပြောနိုင်တာမျိုး မိမိကိုယ်တိုင် ကြုံဖူးပါသလား။
ဒါမှမဟုတ် ငယ်ငယ်က ဒီလို အတန်းဖော်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ဖူးပါသလား။
Selective Mutism ဆိုတာ ကလေးငယ်တစ်ယောက် (လူတစ်ယောက်) ဟာ အချို့လူမှုပတ်ဝန်းကျင် အခြေအနေတွေမှာ စကားမပြောနိုင်/ ပြောမထွက်တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အချို့ လူမှုပတ်ဝန်းကျင် အခြေအနေဆိုတာ သူနဲ့မရင်းနှီးတဲ့ သူစိမ်းတွေသာမက ကိုယ့်မိသားစုနဲ့ အနေဝေးတဲ့ ဆွေမျိုးတွေ၊ ဒါမှမဟုတ် ကျောင်းက အတန်းဖော် သူငယ်ချင်းတွေလည်း ပါဝင်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ကလေးဘဝမှာ စတင်လေ့ရှိပြီး တကယ်လို့ မသိလို့ မကုသဘဲနေမိရင် လူကြီးဖြစ်တဲ့အထိ ဒဏ်ရာတွေ ဆက်ပါလာနိုင်ပါတယ်။
…
…
ဒီလို စကားမပြောတဲ့ ကလေး/ လူတစ်ယောက်ဟာ သူတို့ စကားမပြောချင်တာ၊ အများနဲ့ စကားပြောဖို့ကို ငြင်းဆိုတာမျိုးမဟုတ်ဘဲ တချို့အခြေအနေမျိုးမှာ တကယ်ကို စကားမပြောနိုင်၊ ပြောမထွက် ဖြစ်တာပါ။
ပတ်ဝန်းကျင်ကလူတွေ သူ့ကို စကားပြောဖို့ ဖိအားပေးလေလေ သူ့မှာ မပြောနိုင်လို့ စိတ်ဖိစီးမှုတွေ၊ ကြောက်လန့်တကြား ဖြစ်မှုတွေ ပိုများပြီး ကျောက်ရုပ်လို ပိုငြိမ်လာတာ၊ စကားက ပိုမပြောနိုင်တာ ဖြစ်လာပါတယ်။
တဖြည်းဖြည်းနဲ့ ဒီလို ဖိအားပေးမှုတွေ၊ စိတ်ဖိစီးမှုတွေ ကို ကြုံရတိုင်း ကလေးငယ်ဟာ လူတွေနဲ့ တွေ့ဆုံရတာ၊ စကားပြောရတာကို ရှောင်ဖို့ သိသိသာသာ ကြိုးစားလာပါမယ်။
ဒါပေမယ့် ဒီအခြေအနေရှိတဲ့ ကလေးတွေဟာ သူရင်းနှီးကျွမ်းဝင်တဲ့ လူမှုပတ်ဝန်းကျင် (ဥပမာ- မိမိနေအိမ်၊ မိသားစု၊ မောင်နှမ၊ အချို့သူငယ်ချင်းတွေ) နဲ့ တွေ့ရင်တော့ အကောင်းအတိုင်း စကားပြောနိုင်၊ အတူဆော့ကစားနိုင်ပါတယ်။ တစ်ယောက်ထဲ ရှိတဲ့အခါတွေမှာလည်း ကောင်းစွာ လွတ်လွတ်လပ်လပ် စကားပြောနိုင်ကြပါတယ်။
Selective Mutism ဟာ ကလေးငယ် အယောက် ၁၄၀ မှာ တစ်ယောက် တွေ့ရလေ့ရှိပြီး မိန်းကလေးငယ်တွေ နဲ့ မိမိကြီးပြင်းရာဒေသကနေ နိုင်ငံနဲ့နေရာ ပြောင်းရွေ့ကြီးပြင်းရတဲ့ ကလေးငယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ မျိုးရိုးလိုက်လေ့ရှိပါတယ်။
…
…
◻️တွေ့ရတဲ့ လက္ခဏာများ
ဒီအခြေအနေဟာ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ငယ်ဘဝအစ အသက် ၂ နှစ်ကနေ ၄ နှစ်မှာ စတင်တတ်ပါတယ်။ ပုံမှန် အိမ်မှာနေခြင်းအားဖြင့် မသိနိုင်ဘဲ အိမ်ကမိသားစုမဟုတ်တဲ့ အခြားသူစိမ်းတွေနဲ့ စတင်ဆက်ဆံရတဲ့အချိန် (ဥပမာ- မူကြိုစနေတာမျိုး၊ ကျောင်းစထားတာမျိုး) တွေမှာမှ စသိတတ်ပါတယ်။
အဓိက သတိပြုမိဖို့အချက်ကတော့ ကလေးငယ်ဟာ သူစိမ်းတွေ၊ မိမိရင်းနှီးတဲ့ ပတ်ဝန်းကျင်မဟုတ်တဲ့ အခြေအနေက လူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲ ဖြစ်ပြီး လူစိမ်းတွေရှေ့ရောက်ရင် ရုတ်တရက် freeze ဖြစ်ပြီး ပိုငြိမ်သွားတာ၊ စကားလည်း မပြောနိုင် ဘာမှလည်း မလုပ်နိုင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။
သူတို့ဟာ သူစိမ်းတွေနဲ့ မျက်လုံးချင်း မဆုံမိအောင် ရှောင်မယ်။ ပြီးရင်…
– စိတ်တအားလှုပ်ရှားလွယ်
– အများရှေ့ နေရခက်
– ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု မပြတာ
– အလွန် ရှက်ရွံ့တာ
– ကိုယ့်ကိုကိုယ် သိမ်ငယ်တတ်တာ
– သူစိမ်းတွေနဲ့ တွေ့ရင် တအား စိတ်တင်းထားရတာ၊ လှုပ်ရှားမှု ကောင်းကောင်းမလုပ်နိုင်တာ
– မိမိ ခင်တွယ်ရတဲ့သူကိုပဲ တအားကပ်တာမျိုးတွေနဲ့
– သူများနဲ့ ပေါင်းသင်းဆက်ဆံလို့ အဆင်မပြေတာတွေ အပြင်….
– ကျောင်းမသွားချင်၊ ကျောင်းကြောက်တာတွေ ဖြစ်လာပြီး ကျောင်းကနေ အိမ်ပြန်ရောက်လို့ ရှိရင်လည်း မိဘက ထိန်းရခက်တာ၊ မိဘကို ဂျီကျ၊ စိတ်တို စိတ်ဆတ်တာမျိုးတွေ တွေ့ရနိုင်ပါတယ်။
ဥပမာ- မိဘက မသိဘဲ ကျောင်းမှာပျော်ခဲ့လား မေးရင် ဒေါသတကြီး တုံ့ပြန်တာမျိုးပေါ့။
ကလေးငယ်ဟာ ဒီထက် နည်းနည်းပိုရဲတယ်ဆိုရင်တော့ စကားမပြောနိုင်၊ မပြောရဲပေမယ့် လက်ဟန်ခြေဟန်နဲ့ communicate လုပ်တာ၊ ခေါင်းငြိမ့်ခေါင်းခါ လုပ်တာလောက် သူစိမ်းတွေနဲ့ လုပ်နိုင်တတ်ပါတယ်။
မရဲတဲ့ ကလေး တော်တော်များများကတော့ စကားပြောတာရော၊ ကိုယ်အမူအရာတွေရော၊ စာရေးပြီး ပြောတာတွေကိုရောပါ မလုပ်ဝံ့ဘဲ ရှောင်လေ့ရှိတတ်ကြပါတယ်။
တချို့ကလေးငယ်တွေက စကားကို လေသံတိုးတိုးလေးနဲ့ မဝံ့မရဲ ပြန်ပြောတာ၊ အချို့စကားလုံးတွေကိုပဲ ပြန်ပြောတာမျိုးတွေလည်း ရှိတတ်ပါတယ်။
…
…
◻️ဘာကြောင့် ဖြစ်ရတယ် ????
ကျွမ်းကျင်သူတွေကတော့ ဒီအခြေအနေဟာ သူစိမ်းနဲ့ စကားပြောတာကို ပြင်းပြင်းထန်ထန် ကြောက်ရွံ့ခြင်း Phobia တစ်မျိုးလို့ ယူဆကြပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေမယ့် anxiety ရောဂါတစ်မျိုးလို့တော့ သတ်မှတ်ထားပါတယ်။
ကလေးငယ်ဟာ သူစိတ်ပျော်တဲ့ ပတ်ဝန်းကျင်/ သူ့နေအိမ်ကနေ စတင်ထွက်ခွာရပြီဆိုတာနဲ့ သူ့မှာ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေ နေ့စဉ် ခံစားရတတ်ပါတယ်။
ဒီကလေးငယ် အတော်များများဟာ မိဘတွေနဲ့ ခွဲခွာရတဲ့အချိန် (ဥပမာ- မူကြိုသွားတာ) မျိုးမှာ စကားပြောထွက်ဖို့ အရမ်းစိတ်ဖိစီးရပြီး၊ ဒီအခြေအနေမှာ သူတို့ကို စကားပြောဖို့ ဖိအားပေးတဲ့သူတွေ၊ လာပြီး ဖျောင်းဖျတဲ့ ဆရာမ/ သူငယ်ချင်းတွေကိုပါ ကြောက်ရွံ့လာတတ်ပါတယ်။
• တကယ်လို့ ကလေးငယ်မှာ မွေးရာပါ စကားပြောဆိုခြင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေရင် (ဥပမာ- စကားထစ်တာ၊ အကြားအာရုံပြဿနာရှိနေတာမျိုးဆိုရင်) ပိုလို့ စိတ်ဖိစီးစေပါတယ်။
• တချို့ကလေးတွေမှာ အကြားအာရုံတစ်ခုကို မှန်ကန်စွာ မတုံ့ပြန်နိုင်တဲ့ Sensory integration dysfunction ဆိုတာပါ တွဲရှိတတ်ပါတယ်။ အသံဆူဆူတွေ၊ လူအုပ်အသံတွေကြားရင် ကြောက်တာမျိုးပါ။
ဒီအခြေအနေတွေဟာ ကလေးငယ်ကို လူကြားထဲရောက်ရင် လုံးဝ shut down ဖြစ်သွားစေနိုင်ပြီး အများကို စကားမပြောနိုင်၊ ပြောမထွက်တာမျိုး ဖြစ်စေပါတယ်။ လူကြောက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
• တစ်ခါတလေ ဒီလို စကားမပြောနိုင်ခြင်းဟာ ဘဝမှာ ကြီးကြီးကျယ်ကျယ် စိတ်ဒဏ်ရာရဖူးတဲ့ အခြေအနေ (post-traumatic stress disorder) တစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့လည်း တွေ့ရတတ်ပါတယ်။ ဥပမာ- ကားမှောက်လို့ မိဘတွေ ဆုံးသွားတာကို ကလေးက မြင်လိုက်ရတာမျိုး။ ဒီအခြေအနေမှာတော့ ကလေးငယ်ဟာ သူနဂို ကောင်းကောင်း အဆင်ပြေခဲ့တဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေမှာပါ စကားမပြောနိုင်၊ မပြောတော့တာ ဖြစ်နိုင်ပါတယ်။
ဒီလို သူစိမ်းတွေနဲ့ စကားမပြောတဲ့ ကလေးတွေကို အများက ကြောက်လို့၊ မရဲလို့ စကားမပြောတာ၊ ဟန်ဆောင်နေတာ၊ တမင် show လုပ်နေတာ၊ မာနကြီးတာ၊ ဉာဏ်မကောင်းတာ စသည်ဖြင့် အထင်မှားကြပါတယ်။ Autism ရောဂါနဲ့လည်း မှားတတ်ကြပါတယ်။
Selective Mutism ကလေးငယ်ဟာ Autism နဲ့ ရောဂါ ၂ ခု တွဲရှိနိုင်ပေမယ့် ဒီအခြေအနေ ၂ ခုဟာ ဆက်စပ်မှုတော့ မရှိပါဘူး။
Selective Mutism ဟာ Autism အမျိုးအစား မဟုတ်တာကို နားလည်ရပါမယ်။
…
…
◻️ဘယ်လို သိနိုင်မလဲ
ဒီအခြေအနေကို အစောဆုံးနဲ့ မြန်မြန်သိရှိခဲ့ရင် ကလေးငယ်ဟာ အကူအညီတွေရပြီး မြန်မြန်ကျော်လွှားနိုင်ပါလိမ့်မယ်။
သူစိမ်းတွေနဲ့ စကားပြောမထွက်တဲ့ ကလေးလေးကို မိသားစုနဲ့ ဆရာဆရာမတွေက စောစောသတိထားမိပြီး ရောဂါရှာဖွေကုသမှ ကလေးငယ်ကို စိတ်ဖိစီးမှု ခံစားရခြင်းတွေကနေ ကာကွယ်နိုင်မှာပါ။
ဒီလို သိရှိနိုင်၊ ကူညီနိုင်ဖို့လည်း ကလေးငယ်တွေကို ထိန်းကျောင်း သင်ကြားရတဲ့ မူကြိုဆရာမတွေ၊ သင်တန်းကျောင်းတွေဟာ သိသင့်တဲ့ အသိပညာတွေ၊ training တွေ အထိုက်အလျောက် ရှိထားရပါမယ်။
မိဘတစ်ယောက်ဟာ သင့်ကလေးမှာ Selective Mutism ရှိတယ်လို့ သံသယရှိမယ်၊ ဒါကို စိတ်ပူနေမယ်ဆိုရင် (ဥပမာ – ကလေးက ကျောင်းမှာ ဆရာမပြောတာတွေကို လိုက်မလုပ်န်ိုင်၊ အများနဲ့ သဟဇာတမဖြစ်နိုင်တာတွေ၊ ကျောင်းတက်ဖို့ အခက်အခဲတွေ ရှိနေမယ်ဆိုရင်) သက်ဆိုင်ရာ ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။
လိုအပ်ရင် စကားပြောကုထုံး ကျွမ်းကျင်ပညာရှင် Speech therapist တွေနဲ့ ဆက်သွယ်ရပါမယ်။ စိတ်ကျန်းမာရေးဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ ပြဖို့လည်း လိုတတ်ပါတယ်။
ကလေးငယ်က အများကြားမှာမို့ ရှက်နေတာပါ… ငယ်သေးလို့ မရဲတာ ကြောက်နေတာပါဆိုပြီး ပေါ့ပေါ့လေး နေလို့ မရပါဘူး။ အပြစ်တင်တာ၊ ဆူပူကြိမ်းမောင်းတာ၊ ဒဏ်ပေးတာမျိုး၊ သူများနဲ့ နှိုင်းယှဉ်တာမျိုး၊ လှောင်ပြောင်တာမျိုးတွေလည်း လုပ်လို့မရပါဘူး။
ဒီလိုကလေးမျိုးရဲ့ မိဘတွေဟာလည်း သာမန်မိသားစုထက် စိတ်ဖိစီးမှု များတတ်တာမို့ ကလေးငယ်မပါဘဲ မိမိတို့ဘာသာ စိတ်ပညာရှင်နဲ့ အခက်အခဲတွေကို ရင်ဖွင့်ဆွေးနွေးဖို့လိုပါတယ်။
စိတ်ကျန်းမာရေး ဆွေးနွေးရင် ပညာရှင်က မိသားစုထဲမှာ မျိုးရိုးရှိလား၊ Anxiety disorders တွေ ရှိလား၊ မိသားစုပြဿနာတွေ ရှိလား၊ ဘာသာစကားအခက်အခဲတွေ ရှိလား စသည်ဖြင့် မေးမြန်းပါလိမ့်မယ်။ ကလေးရဲ့ အိမ်မှာ၊ ကျောင်းမှာ၊ အများနဲ့ အပြုအမူတွေကို မေးမြန်းပြီး ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကိုလည်း စမ်းသပ် ရှာဖွေပါလိမ့်မယ်။
Selective Mutism ကလေးငယ်ဟာ ဆရာဝန်စမ်းသပ် စစ်မေးနေတဲ့အချိန် ဆရာဝန်ကို ပြန်စကားမပြောနိုင်တာလည်း ရှိနိုင်ပါတယ်။ ဆရာဝန်က စကားပြောခြင်းနဲ့ မဟုတ်တဲ့ တခြားနည်းလမ်းနဲ့ ကလေးကို communicate လုပ်ရတာမျိုး (ဥပမာ- မိဘမောင်နှမ တွေကတစ်ဆင့် ဆက်သွယ်တာ၊ ပုံဆွဲပြတာ၊ စာရေးပြတာမျိုးတွေလည်း) လုပ်ရတတ်ပါတယ်။ ကျောင်းက ကလေးအခြေအနေနဲ့ အိမ်မှာ ကောင်းကောင်း ပြောဆိုဆက်ဆံ ဆော့ကစားနိုင်တာကို video ရိုက်ထားပြီး ဆရာဝန်က ပြန်လည်စစ်ဆေးတာမျိုးလည်း လုပ်ရတတ်ပါတယ်။
…
…
◻️ရောဂါအမည်တပ်ခြင်း
ဒီအခြေအနေကို အမည်တပ်ဖို့ရာ ပညာရှင်တွေက အောက်ပါ အချက်တွေကို ရှာဖွေရပါတယ်။ တတ်ကျွမ်းတဲ့ ပညာရှင်ကပဲ အမည်တပ်ခွင့်ရှိပါတယ်။
• စာသင်ခန်းတွင်း (သို့မဟုတ်) လူအများကြားမှာ စကားမပြောခြင်း
• အိမ်မှာ မိဘတွေနဲ့ အတူရှိချိန်၊ တစ်ယောက်တည်းနေချိန် ဒါမှမဟုတ် စာသင်ခန်းအလွတ်၊ သူ့ရဲ့အိပ်ခန်းစတဲ့ သူ နေရထိုင်ရတာ သက်တောင့်သက်သာရှိတဲ့ နေရာမှာ ပုံမှန်အတိုင်း ကောင်းစွာ စကားပြောနိုင်ခြင်း၊ ပြုမူလှုပ်ရှားနိုင်ခြင်း
• ဒီလို အချို့သူတွေနဲ့ စကားမပြောနိုင်ခြင်းဟာ အနည်းဆုံး ၁ လ (နေရာအသစ်တစ်ခုပြောင်းရင် ၂ လ) အထိ ကြာနိုင်ခြင်း
• စကားမပြောနိုင်ခြင်းဟာ နေ့စဉ် လုပ်ငန်းဆောင်တာများ ကောင်းစွာလုပ်ဆောင်နိုင်မှုကို အဟန့်အတားဖြစ်စေခြင်း
• ဒီအခြေအနေအပြင် စကားပြောမရစေနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ ရောဂါများ၊ စကားပြောဆိုခြင်း ဆိုင်ရာရောဂါများ မရှိခြင်း… ဒါတွေကို ကျွမ်းကျင်ပညာရှင်က စနစ်တကျ ရှာဖွေပြီးမှသာ ရောဂါအမည်တပ်ပါတယ်။
…
…
◻️ကလေးငယ် ကြုံတွေ့ရန်ိုင်တဲ့ နောက်ဆက်တွဲ အခက်အခဲများ ????
ကလေးငယ်ဟာ မကြာခဏဆိုသလို ကြောက်ရွံ့မှုတွေနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေရှိတတ်ပြီး ဘာသာစကားနဲ့ အပြောအဆိုဆိုင်ရာ အခက်အခဲတွေလည်း တွေ့ကြုံရနိုင်ပါတယ်။ ကျောင်းမှာ အားငယ်တာ၊ Bully လုပ်ခံရတာမျိုး ကြုံနိုင်ပါတယ်။
သူတို့ကို စကားပြောခိုင်းမှာစိုးလို့ လူအများ အာရုံစိုက်စေမယ့် အပြုအမူတွေ လုပ်ခြင်းကနေ ရှောင်နေလေ့ရှိတတ်ပါတယ်။
ကျောင်းစာတွေ နားမလည်တဲ့အခါ ပြန်မေးဖို့ ကြောက်ရွံ့နေတာမျိုးလည်း ဖြစ်န်ိုင်ပါတယ်။ ဒီအခါမှာ ကလေးရဲ့ပညာရေးကို အနှောင့်အယှက် အလွန် ဖြစ်စေနိုင်ပါတယ်။
အိမ်သာသွားဖို့ ခွင့်မတောင်းရဲတာမျိုးတွေကြောင့် ဆီးအကြာကြီးအောင့်ထားရင် ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ အိမ်သာသွားဖို့ မလိုအောင် ကျောင်းမှာရှိနေတဲ့အချိန် အစာလုံးဝမစားတာ၊ ရေမသောက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ အဖော်မပါဘဲ အိမ်ကနေ ဘယ်မှ မသွားရဲတာ၊ တက္ကသိုလ်တက်တဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရတာတွေလည်း ဆက်လက် ရှိနိုင်ပါတယ်။
…
…
◻️Selective Mutism ကို ကုသခြင်း ????
သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ကုသခြင်းဖြင့် ကလေးအများစုဟာ ဒီအခြေအနေကို ကျော်လွှားနိုင်ကြပါတယ်။ ဒါပေမယ့် စောစောသိလေ ကုသလို့ လွယ်လေဖြစ်ပြီး ကြီးမှသိလေ ကုသမှုက ပိုကြာလေပါပဲ။
ကုသမှုဟာ ကလေးငယ် စကားပြောနိုင်ခြင်းပေါ် အာရုံမစိုက်ဘဲ စကားပြောခြင်းနဲ့ ဆက်စပ်ပြီး သူခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ လုပ်ရပါတယ်။
အများနဲ့ စကားပြောဆိုရာမှာ တဖြည်းဖြည်း ဖိအားနည်းအောင်… သူတို့ရဲ့ ကျောင်း၊ မူကြိုနဲ့ လူမှုရေး နယ်ပယ်တွေမှာ နေရတာ စိတ်သက်သာရာရလာအောင် အားပေးကူညီရင်း စကားတစ်လုံးချင်း၊ ဝါကျတစ်ကြောင်းချင်း ပြောနိုင်အောင် လုပ်ဆောင်ရပါတယ်။
မိဘ/ ဆရာတွေကလည်း ကလေးငယ်ကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာ၊ ဖိအားပေးတာတွေ မလုပ်ဘဲ ကလေးကို စိတ်ပျော်အောင် ထားရပါမယ်။ မိမိတို့ သူ့အပေါ် စိတ်ပူနေတာကို ကလေးမမြင်အောင် နေရပါမယ်။ သူ အဆင်သင့်ဖြစ်တဲ့အချိန်မှ ပြောလိုရင် ပြောနိုင်ကြောင်း သူ့ကို သိစေရပါမယ်။
ကလေးက စကားပြောလာရင်လည်း သူနေရခက်အောင် ပေါ်တင်ကြီး အတင်းချီးကျူးတာမျိုး မလုပ်ရပါဘူး။ နွေးထွေးစွာ ကြိုဆိုရပါမယ်။
ကလေးငယ်များအတွက် ကုသမှုနည်းလမ်းများကတော့ အပြုအမူဆိုင်ရာကုထုံးများ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများ လိုအပ်ပြီး ကလေးငယ်တစ်ဦးချင်းစီအလိုက် ကွာခြားနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကလေးများနဲ့ ဒီအခြေအနေရဲ့နောက်ဆက်တွဲ စိတ်ကျရောဂါနဲ့ စိတ်ဒဏ်ရာတွေ ခံစားရတဲ့ အရွယ်ရောက်ပြီး သူတွေမှာတော့ စိတ်ရောဂါဆေးဝါးများ လိုအပ်ရင် ပေးရလေ့ရှိပါတယ်။
…
…
???? မိဘများ လိုက်နာရန် အကြံဉာဏ်အချို့
သင့်ကလေးငယ်ကို စကားပြောဆိုလာအောင် ဖိအားပေးခြင်း (သို့မဟုတ်) မြှောက်ပေးခြင်း၊ လာဘ်ထိုးခြင်း မပြုပါနှင့်။
စကားပြောရမှာကြောက်ပြီး တစ်ခါတစ်ရံ စကားပြောရခက်တာကို သင်နားလည်ကြောင်း သင့်ကလေးကို အသိပေးပါ။ အဆင်သင့်ဖြစ်ပြီလို့ ခံစားရတဲ့အထိ ဖြည်းဖြည်းချင်း အချိန်ယူလို့ရကြောင်း သူတို့ သဘောပေါက်ပါစေ။
ကလေးငယ်ရဲ့ ကောင်းမွန်တဲ့ အပြုအမူ၊ အောင်မြင်မှု တစ်ခုခုကို လူရှေ့သူရှေ့မှာ ချီးမွမ်းစကားပြောတာ၊ မြှောက်ပင့်တာ မလုပ်ပါနှင့်။ ကလေး ရှက်သွားနိုင်ပါတယ်။ နှစ်ယောက်ထဲ ရှိတဲ့အချိန်မှသာ သူ့ကို ဆုပေးတာ၊ ချီးမြှောက်တာ လုပ်ပါ။
သူငယ်ချင်းတွေနဲ့ စကားပြောဆိုခြင်း မလုပ်နိုင်သေးပေမယ့် ပြုံးပြတာ၊ လက်ပြနှုတ်ဆက်တာမျိုး လုပ်နိုင်ကြောင်း ကလေးကို အားပေးပြောပြပေးပါ။
အလှူပွဲ စတဲ့ အများကြား သွားရတာမျိုးတွေမှာ ကလေးကို ခေါ်မသွားဘဲ မနေပါနဲ့။ အဲဒီအစား သွားရင် ကလေး သက်တောင့်သက်သာရှိမယ့် အခြေအနေဖြစ်အောင် စီစဉ်ကြည့်ပါ။
ဆွေမျိုးများနဲ့ အတန်းဖော်များကို နားလည်အောင် ပြောပြပြီး ကလေးကို စကားအတင်းပြောခိုင်းတာထက် သက်တောင့်သက်သာဖြစ်ပြီး စိတ်ဖိစီးမှုနည်းစေဖို့ကို အလေးပေးပါ။ ဆော့ကစားရင်လည်း စကားပြောနဲ့ မပတ်သတ်ဘဲ ပျော်ရွှင်ရမယ့် အခြားနည်းလမ်းတွေကို ရွေးပြီး ကစားပါစေ။
ကလေးငယ်ကို စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ မေတ္တာနဲ့ ပံ့ပိုးကူညီခြင်းဖြင့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့ စိုးရိမ်မှုတွေ လျော့နည်းစေပြီး နွေးထွေးလုံခြုံပါစေ။
မိမိကလေးရဲ့ အခက်အခဲကို စိတ်ဝင်တစားရှိပါ။ အချိန်မီ သတိထားမိပြီး တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ ဆွေးနွေးကုသခြင်းများကို အလေးပေးလုပ်ဆောင်ပါ။
…
…
Selective Mutism ရှိတဲ့/ ရှိခဲ့ဖူးတဲ့ အရွယ်ရောက်ပြီးသူများအတွက်
အရွယ်ရောက်ပြီးသူတွေဟာ ဒီအခြေအနေကို ကျော်လွှားခဲ့နိုင်တတ်ကြပေမယ့် နောက်ဆက်တွဲ အခက်အခဲတွေကို ခံစားကြရတတ်ပါတယ်။
အများနဲ့ social interaction မလုပ်နိုင်ဘဲ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကြောင့် မိမိရည်မှန်းတဲ့ လူမှုပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ အလားအလာတွေကို မရောက်နိုင်ဘဲ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ နှစ်ပေါင်းများစွာ ဖြေရှင်းနေရလေ့ရှိပါတယ်။ သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ရော၊ စကားပြောကုထုံး ပညာရှင်တွေရဲ့ အကူအညီယူဖို့ မဖြစ်မနေ လိုပါတယ်။
ဒါ့အပြင် သူတို့အတွက် အကြံပြုချက်တချို့အနေနဲ့….
• မိမိရဲ့ အခြေအနေကို ကောင်းစွာ သဘောပေါက်အောင် လေ့လာပါ။
• ကိုယ့်ကိုကိုယ် ချီးကျူးဖို့ မမေ့ပါနဲ့။ ဒီအခြေအနေဟာ ကျော်လွှားဖို့ အတော်ခက်ခဲပါတယ်။ တစ်စုံတစ်ယောက်နဲ့ ကောင်းစွာ စကားပြောဆိုနိုင်ခဲ့ပြီးတိုင်း မိမိကိုယ်ကို ဂုဏ်ပြုပေးပါ။
• မိမိ စကားပြောရတာ သက်တောင့်သက်သာရှိတဲ့ သူတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေ လုပ်ပါ။
• လူအများနဲ့ ထိတွေ့ဆက်ဆံရတာတွေ လုပ်နိုင်ရင် လုပ်ပေးပါ။ အစပိုင်းမှာ ခက်ခဲပေမယ့် တဖြည်းဖြည်း ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။
• အဆင်သင့်မဖြစ်သေးဘဲ မိမိကိုယ်ကို တအား ဖိအားမပေးပါနဲ့။
• မိမိ စိတ်အဆင်သင့်မဖြစ်တဲ့အချိန်မှာ စကားပြောတာမဟုတ်တဲ့ ဆက်သွယ်နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
• ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ အမြဲ ဆက်သွယ်ပြီး အကူအညီရယူပါနော်။
…
…
ကလေးငယ်များ ဘဝအစမှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာအခက်အခဲများဟာ သူတို့ရဲ့ နုနုယ်တဲ့ ကိုယ်နဲ့စိတ်ကို များစွာသက်ရောက်မှုရှိပြီး လူကြီးဖြစ်တဲ့အထိ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ပြဿနာများအဖြစ် ကျန်နေနိုင်ပါတယ်။
ဒီလိုအဖြစ်တွေကို ရှောင်ရှားန်ိုင်ရလေအောင် မိဘမောင်နှမများနဲ့ ဆရာဆရာမများက သူတို့ရဲ့ ခံစားချက်တွေ၊ ပြဿနာတွေကို သတိထား ကူညီဖေးမပြီး နွေးထွေးလုံခြုံတဲ့ မေတ္တာရပ်ဝန်းလေး တည်ဆောက်ပေးခြင်းဟာ သူတို့ရဲ့ ယခုလက်ရှိ ကလေးဘဝကိုရော နောင်အနာဂတ်အတွက်ပါ ကူညီရာရောက်မှာ ဖြစ်ပါတယ်။ စာသင်ကျောင်းများမှာလည်း ဒီလိုပြဿနာတွေကို ကူညီဖို့ ဆွေးနွေးပေးနိုင်မယ့် ကလေးသူငယ်စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ရှိသင့်ပါတယ်။
တကယ်လို့ စိတ်ဒဏ်ရာတွေနဲ့ ဒီလိုကလေးသူငယ်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် တယ်လီကျန်းမာမှာ စိတ်ရောဂါဆရာဝန်များနဲ့ ကလေးသူငယ်စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အသင့်ရှိနေတယ်ဆိုတာကိုလည်း နောက်ဆုံးအနေနဲ့ အသိပေးပါရစေနော်။
???? ကလေးငယ်တိုင်း လှပရွှင်လန်းစွာနဲ့ ကြီးပြင်းလာစေဖို့ ဆုတောင်းလျက်… ????
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Reference – ????
https:// www. nhs. uk /mental-health/conditions/selective-mutism/
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.